လှကျော်ဇော- ဆရာကြီး-ဦးစောမရအောင်
လှကျော်ဇော- ဆရာကြီး ဦးစောမရအောင်
(မိုးမခ) ဧပြီ ၂၇ ၊ ၂၀၂၃
ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီးအကြောင်း တွေးမိ၊ ရေးမိပြန်တော့ ကျွန်မရဲ့ကျေးဇူးရှင် ကွယ်လွန်သူ ဆရာကြီး ဒေါက်တာ စောမရအောင်ကို သတိရလာမိပါတယ်။
ဆရာကြီးဟာ ရခိုင်အမျိုးသားကြီး ဖြစ်ပြီး၊ သမားတော်ဘွဲ့(M.R.C.P)ကို ဗမာဆရာဝန်တွေထဲမှာ အတော်စောစောကတည်းက ရရှိထားသူပါ။ ဒါပေမဲ့ ဆရာကြီးက အာဏာရအသိုင်းအဝိုင်းနဲ့ သိပ်နီးစပ်သူ သိပ်ရင်းနှီးသူ မဟုတ်ဘူးနဲ့ တူတယ်။
အထူးသဖြင့် မဆလခေတ်မှာ ပိုဝေးပုံရပါတယ်။
ဆရာကြီးဟာ တောင်ကြီး စပ်စံထွန်းဆေးရုံကနေ ရန်ကုန် အရှေ့ပိုင်းဆေးရုံကြီးကို ရောက်လာတော့ ဆေးရုံအုပ်ကြီး(ယာယီ)အဖြစ်နဲ့ရော၊ အတွင်းလူနာဆောင်သမားတော်ကြီးအဖြစ်နဲ့ရော တာဝန်ထမ်းဆောင်ပါတယ်။ နောက်သိပ်မကြာခင်မှာပဲ နယ်က ဆေးရုံအုပ်ကြီးတယောက် ပြောင်းလာပြီး အရှေ့ပိုင်းဆေးရုံအုပ်ကြီး ဖြစ်လာပါတယ်။ အဲဒီကတည်းက ဆရာကြီးကတော့ ဒီမဆလများနဲ့ သိပ်အစေးမကပ်ဘူး ထင်တယ် လို့ သတိထားလိုက်မိပါတယ်။
ကျွန်မက တခြားအဆောင်တွေ လှည့်ပြီးမှ အဲဒီအတွင်းလူနာဆောင် ရောက်သွားပါတယ်။ ဆရာကြီး လက်အောက်မှာ အလုပ်လုပ်ရမှ ဆရာကြီးကို ဘာကြောင့် မဆလတွေ ကြည့်မရသလဲဆိုတာ ရိပ်မိပါတော့တယ်။ ဆရာကြီးဟာ အခြေခံ အတော်ဖြောင့်စင်း၊ ဖြောင့်မတ်ပြီး ရာထူးဖြစ်ဖြစ် ငွေကြေးဖြစ်ဖြစ် ဘာမှမက်မောပုံမရှိပါဘူး။ (မက်စရာလည်း မလိုဘူး။ ဆရာကြီးရဲ့ဇနီးက အတော်ကြွယ်ဝချမ်းသာတဲ့မိသားစုက လာရုံမက၊ စီးပွားရေးတက္ကသိုလ်မှာလည်း ကထိကတဦးပါ။)
သူ့အလုပ်သူလုပ်ပြီး ဘယ်သူ့မှလည်း မျက်နှာလုပ် အကြိုက်ဆောင်တာ မရှိပါဘူး။ အနေအထိုင်လည်း အလွန်တည်ကြည်ပါတယ်။ လူနာတွေအပေါ်တော့ ဆင်းရဲ ချမ်းသာ မရွေး အတော်စေတနာတရားထားတာ တွေ့ရပါတယ်။ အပြင်ဆေးခန်းလည်း မထိုင်ပါဘူး။ ဆေးကုမ္ပဏီတွေက လက်ဆောင်ပေးတဲ့ အဖိုးတန်ဆေးတွေကိုလည်း အိမ်ပြန်ယူတာ မတွေ့မိပါဘူး။ ရုံးခန်းထဲက ဗီရိုထဲမှာပဲထားပြီး လိုအပ်တဲ့လူနာတွေရှိရင် ထုတ်သုံးတာပါပဲ။ ကျွန်မ အဲဒီဆေးရုံမှာ တာဝန်ထမ်းစဉ် နိုင်ငံရေးသမား အများအပြား (တိတိကျကျ ပြောရရင် နိုင်ငံရေးအကျဉ်းသမားများ)ကို ကူညီကုသပေးနိုင်ခဲ့တာဟာ ဆရာကြီးလို ပုဂ္ဂိုလ်ကြီးလက်အောက်မှာ အလုပ်လုပ်နေရလို့ ဖြစ်ပါတယ်။
ဥပမာ ဆိုပါတော့။ ကိုးကိုးကျွန်းပြန် နာမည်ကြီးပုဂ္ဂိုလ်ကြီးတွေဖြစ်တဲ့ စာရေးဆရာကြီး ဗန်းမော်တင်အောင်တို့၊ လေထီးဦးအုန်းမောင်တို့ ဆေးရုံတက် စစ်ဆေးစဉ်က အလုပ်သင် ဆရာဝန်လေးတွေက သူတို့ဟာသူတို့ သဒ္ဓါပေါက်ပြီး မိုရာမင် အားဆေးတွေကို ထိုးဆေးတွေရော သောက်ဆေးတွေရော ဆရာကြီး လက်ဆောင်ရထားတာတွေ ထုတ်ပြီး သုံးနိုင်ခဲ့တာ။ အဲဒီခေတ်က မိုရာမင်ခေတ်စားတဲ့ ကာလ၊ အပြင်မှာလည်း ဝယ်ရတာ မဟုတ်နဲ့။
အဲဒီကာလက ဒေသဆိုင်ရာ မဆလပါတီရုံးတွေက အတော်စွာပါတယ်။ အဲဒီရန်ကုန်အရှေ့ပိုင်း(ဗိုလ်တထောင်)က ပါတီရုံးရဲ့ အကြီးအကဲက ဗကပ လက်နက်ချ တဦးပါ။ သူတို့ မိုးကောင်းတဲ့အချိန်ပေါ့။
ဒီနေရာမှာ ကြုံကြိုက်လာလို့ စဉ်းစားမိတာတခု ပေါ်လာပါတယ်။ ဒီမဆလ ကစလို့ ခေတ်အဆက်ဆက်က စစ်အာဏာရှင်တွေရဲ့ စိတ်နေသဘောထားဟာ သူတို့သာလျှင် အခွင့်ထူးခံရမယ် လို့ သတ်မှတ်ထားဟန် ရှိပါတယ်။ ဘာမဆို သူတို့ကိုသာ ဦးစားပေးခံချင်နေတာပါ။ အခုအထိ ဒီစိတ်နေသဘောထားတွေ တွေ့နေရပါတယ်။
အဲဒီကာလက မဆလ က မြန်မာဆိုရှယ်လစ်လမ်းစဉ် ဆိုတာကို ဖော်ဆောင်နေတာ ဖြစ်လေတော့ အပေါ်ယံ သဏ္ဌာန်ဆန်တဲ့ လုပ်ရပ်တွေလည်းလုပ်ပြနေတာပါ။ ဥပမာ အခမဲ့ပညာရေးစနစ်တို့၊အခမဲ့ ဆေးကုသရေးစနစ် တို့စသဖြင့်ပေါ့။ ဒါပေမဲ့ ရေရှည်ခံအောင်မလုပ်နိုင်ခဲ့ပါ။ ယာယီ အလုပ်ဖြစ်တာတော့ ရှိပါတယ်။
ဒါ့အပြင် မဆလရဲ့ ဆုပေး(နေ့ချင်းညချင်း သံအမတ်ဖြစ်လိုဖြစ်၊ အထူးအရာရှိဖြစ်လိုဖြစ်)-ဒဏ်ပေး (တပ်ချင်တဲ့ပုဒ်မနဲ့ အချိန်မရွေး လူကို ဖမ်းနိုင်ရုံမက ပစ္စည်းအားလုံးလည်း သိမ်းနိုင်) စနစ်ကလည်း ပြင်းထန်လေတော့ နိုင်ငံရေးသမားတွေ၊ စီးပွားရေးသမားတွေ၊ အစိုးရ၀န်ထမ်းတွေ အတော်များများ ပျက်စီးကုန်ပါတယ်။
ဒီလိုအချိန်မှာ ဆရာကြီးလို တော်တည့်မှန်ကန်သူများအဖို့ ဒီလိုမျိုး အစိုးရနဲ့ အစေးမကပ်တာသဘာဝကျပါတယ်။
တခါက ကျွန်မတို့ဆေးရုံကို ကျန်းမာရေးဝန်ကြီး လာစစ်ဆေးမယ် ဆိုတော့ ရုံးက ဆေးရုံ အသုံးဆောင်တွေအသစ်တွေ ထုတ်ပေးပါတယ်။ ဒါနဲ့ ကျွန်မတို့အဆောင်က သူနာပြုမှူးကြီးနဲ့ အတူ ကျွန်မက ရုံးသွားပြီး ပစ္စည်းတွေ ထုတ်လာပြီး လူနာ ခုတင်က အိပ်ရာခင်းတွေလဲ၊ စောင်တွေလဲ၊ လူနာတွေကိုလည်း အ၀တ်အစားတွေ လဲပေးလုပ်နေတုန်း ဆရာကြီး ရောက်လာပါတယ်။ ဘာတွေလုပ်နေကြတာတုံးလို့ မေးလို့ ကျွန်မတို့ အကျိုးအကြောင်းပြောပြတော့ "မလဲနဲ့။ ဒီအတိုင်းထား၊ အရှိအတိုင်းထားမှ အရှိအတိုင်း မြင်မှ သူတို့ ဘာလုပ်ရမှန်း သိမှာ၊ အားလုံး အကောင်းချည်းမြင်သွားရင် ငါတို့ တယ်ဟုတ်နေပါလားလို့ ထင်သွားမှာပေါ့။--တဲ့။
တခါမှာလည်း ကျွန်မတို့ လူနာဆောင် အမျိုးသားရေချိုးခန်းက ရေပိုက်ခေါင်း ခဏခဏ အခိုးခံရလို့ ကျွန်မနဲ့ သူနာပြုမှူးကြီး ဦးစီးပြီး သူခိုးဖမ်းပါတယ်။ နေ့လဘ် နားချိန်မှာပျောက်တတ်လို့ အဲဒီအချိန် စောင့်ဖမ်းရတာ။ကျွန်မတို့ အမျိုးသမီးတွေ သည်းထိတ်ရင်ဖို အမျိုးသားရေချိုးခန်းထဲ ဝင်ဖမ်းထားရတာ၊ ဆရာကြီး ရောက်လာတော့၊ ကျွန်မတို့က ဆရာကြီး အပ်ပြီး ရုံးလုံခြုံရေးတာဝန်ခံတွေ ခေါ်ဖို့ပြင်ဆင်ပါတယ်။
ဆရာကြီးက အဲဒီသူခိုးကို "ကဲ ဒီရေပိုက်ခေါင်းကို ပြန်ရောင်းရင် မင်းဘယ်လောက်ရမှာလဲ" တဲ့။ ဒီတော့ သူခိုးက "၂၀-၂၅ ကျပ်လောက် ရနိုင်တယ်"တဲ့။ ဆရာကြီးက ကျွန်မတို့ဘက်လှည့်ပြီး- "လွှတ်လိုက်ပါ" လို့ ပြောရုံမက အဲဒီလူကို ထွက်သွားဖို့ လက်ဟန်ပြလိုက်ပါတယ်။ ကျွန်မတို့မလဲ ဘာပြန်ပြောရမှန်းတောင် မသိအောင် ကြက်သေ သေသွားပါတယ်။
ဆရာကြီးက အဲဒီလူ ထွက်သွားပြီးမှ "ကဲ... မင်းတို့ သိပ်ပြီးနိုင်ငံတော်ဘဏ္ဍာငွေကို ချွေတာချင်ရင် အဲဟိုမှာ အရင် သွားရှင်းချီ"လို့ဆိုပြီး ဆေးရုံ ရုံးခန်းဘက်ကို မေးထိုးပြပါတော့တယ်။
ကျွန်မလည်း ဆရာကြီးယာယီ ဆေးရုံအုပ် လုပ်စဉ်က ရုံးသုံးဘတ်ဂျက် ကိစ္စတွေနဲ့ ပတ်သက်ပြီး တချို့က အတော်မကြည်မလင်ဖြစ်ခဲ့တယ် ဆိုတာ သတိရမိတယ်။ ဒီကြားထဲ ပါတီရုံးကလည်း မကြာခဏလာ အခွင့်အရေးတွေ ယူတတ်ပါတယ်။ သူတို့ကို VIP (အထူးအခွင့်အရေး)ပေးမှကြိုက်တာ။ သူတို့ရောက်တာနဲ့ ဘယ်တော့မှ တန်းမစီဘူး။ တိုက်ရိုက်ကြည့်ပေးရတာ။ ပြီးတော့ တောင်းတဲ့ဆေး၊ တောင်းတဲ့ ခွင့်ရက်။ သူတို့တောင်းသလို ပေးရတာ။
ဆရာကြီးက တပတ် နှစ်ကြိမ် ညနေပိုင်းတွေမှာ ပြင်ပ လူနာဆေးခန်းမှာ ထိုင်ပါတယ်။ဆေးရုံကဆင်းသွားပြီးနောက် ပုံမှန်ဆက်ဆေးစားဖို့ လူတွေ၊ ပြင်ပဌာနက ဆရာဝန်တွေ လွှဲပေးတဲ့ လူနာတွေကြည့်ဖို့ပါ။
ဒီလိုအချိန်မျိုးမှာ အဲသလို အခွင့်ထူးခံများက ရောက်လာတတ်တာပါ။ ဆရာကြီးကတော့ ခပ်တင်းတင်းပဲ။ ဒါကြောင့်လဲ သူတို့က ဆရာကြီး အချိန်ကို ရှောင်လာတတ်တယ်။
ကျန်ဆရာဝန်များ ထိုင်ချိန်မှာတော့ (ကျွန်မတို့အပါ)အလိုက်အထိုက် ဆက်ဆံရတာပါပဲ။
ဒီလိုနဲ့ ကျွန်မ အဲဒီအတွင်းလူနာဆောင်မှာပဲ ဆရာကြီးရဲ့ ထောက်ခံချက်နဲ့ အချိန်ပိုင်းနည်းပြဆရာအလုပ်ရခဲ့ပါတယ်။ နောင် ဘွဲ့လွန်သင်တန်းတက်ရေးအတွက် အတော်အထောက်အကူဖြစ်ခဲ့ပါတယ်။ ကျွန်မ အဲဒီအဆောင်ကနေပဲ ဘွဲ့လွန်သင်တန်းတက်ဖို့ အခြေခံသိပွံသင်တန်း ၆ လသင်တန်းတက်ဖို့ လျှောက်ရပါတယ်။ မိမိအထက်အရာရှိက ထောက်ခံချက်လိုလို့ ဆရာကြီးကို ထောက်ခံပေးဖို့ ပြောတော့ ဆရာကြီးက ကျွန်မရဲ့ လျှောက်လွှာအောက်ခြေမှာ "အလွန်သင့်တော်သူဖြစ်ကြောင်း ထောက်ခံအပ်ပါသည်"လို့ တကြောင်းတည်းရေးပြီး လက်မှတ်ထိုးပေးလိုက်ပါတယ်။
ကျွန်မ အဲဒီသင်တန်းတက်ဖို့ အရွေးခံရပြီး အဲဒီသင်တန်းအောင်ပြီးနောက် မဟာသိပွံ(အတွင်းရောဂါ) သင်တန်းဝင်ခွင့်ရရေး စာမေးပွဲထပ်ဖြေရတာ အောင်သွားလို့ ရန်ကုန်ဆေးရုံကြီး ပြောင်းပြီး ဘွဲ့လွန်တက်ရပါတယ်။
ဒီလိုနဲ့ ကျွန်မ ရန်ကုန်ဆေးရုံကြီး အတွင်းလူနာဆောင်တွေမှာ လှည့်ပြီး ဘွဲ့လွန်သင်တန်းသားအဖြစ်ရော၊ လက်ထောက်ဆရာဝန်အဖြစ်ရော၊ အချိန်ပိုင်းနည်းပြဆရာအဖြစ်ရော၊ အလုပ် ၃ လုပ်ကို ဇယ်စက်သလို လှည့်လုပ်နေရင်းက တခါတော့ ကျန်းမာရေးဝန်ကြီးဌာနက လူကြီးတဦး (အခုခေတ်အခေါ် မိုးကျရွှေကိုယ် - စစ်တပ်ကပြောင်းလာသူ) အသည်းကင်ဆာနဲ့ ဆေးရုံတက်လာပါတယ်။ နောက်ဆုံးအဆင့် ဖြစ်နေလို့ သူ့အရပ်သူ ပြန်ဖို့ စီစဉ်ထားပါတယ်။
ကျွန်မ ညဂျူတီ ကျတဲ့ တနေ့မှာ သူက ကျွန်မကိုခေါ်ပြီး ဒီလိုပြောပြပါတယ်။
"မင်း ဗိုလ်ချုပ်ကျော်ဇော သမီး ဟုတ်လား"တဲ့။ ကျွန်မက ခေါင်းညိတ်ပြီး "ဟုတ်ပါတယ်" လို့ ပြန်ဖြေတော့ "မင်း ဘယ်လို Post graduate (ဘွဲ့လွန်)တက်ရသလဲ သိလား"တဲ့။
တကယ်တော့ အဲဒီဘွဲ့လွန်သင်တန်း စိစစ်ရေးကော်မတီမှာ ဥက္ကဋ္ဌနေရာက တနှစ် တယောက် လှည့်ရတာ-တဲ့။ အဲဒီ ကျွန်မ အရွေးခံရတဲ့နှစ်က ဥက္ကဋ္ဌက ဆရာကြီး ဦးစောမရအောင်တဲ့။
ကျွန်မကို ကျန်ကော်မတီဝင်များက မပေးချင်ကြပေမယ့် ဆရာကြီးက လှကျော်ဇော-ကို မရွေးရင် ဘယ်သူမှ လက်မှတ်ထိုးမပေးဘူးလို့ ပြောလို့ ကျွန်မ အရွေးခံရတာတဲ့။
ပြီးတော့ ဒီလို ဆက်ပြောပါတယ်။
"သူတို့ မပေးချင်ပေးချင်ပေးရတဲ့ အခွင့်အရေးဖြစ်လို့ မင်း ကြိုးစားပါ။ ဒီဘွဲ့ကို ရအောင်ယူပါ"တဲ့။
ဒီတော့မှ ဆရာကြီးရဲ့ ကျေးဇူးကို သိရပါတော့တယ်။
ဒါကြောင့် ဆရာကြီးရဲ့ နောက်ပိုင်း နိုင်ငံရေးလှုပ်ရှားမှုတွေကို ကြားလာရတဲ့အခါ ကျွန်မ အံ့သြခြင်းမဖြစ်မိတော့ပါဘူး။ ဆရာကြီးလို လူမျိုးလက်အောက်မှာ ကာလတပိုင်း အလုပ်လုပ်ခဲ့ရ၊ ဆရာကြီးဆီက လေ့လာသင်ယူစရာတွေကို လေ့လာသင်ယူခွင့်ရခဲ့တဲ့အတွက်လည်း အလွန်ဂုဏ်ယူမိပါတယ်။
တခုပဲ ဆရာကြီးတို့ ရစေချင်တဲ့ ဘွဲ့လွန်ကို ကျွန်မ ရအောင်မယူနိုင်ခဲ့တာအတွက် ၀မ်းနည်းမိပါတယ်။ ကျွန်မတို့မိသားစုက မလွှဲမရှောင်သာ အခွင့်သာတုန်း ၁၉၇၆ ဇူလိုင်လ(စာမေးပွဲဖြေဖို့ တလ အလို)မှာ တောခိုလာခဲ့ရပါတယ်။
ဆရာကြီး ငြိမ်းချမ်းစွာ အနားယူပါတော့။
လှကျော်ဇော
၂၃-၄-၂၀၂၃
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar