မောင်တူး - ကေအင်န်ယူညီလာခံမှဆပွားအတွေးများ
ကေအင်န်ယူညီလာခံမှ ဆပွားအတွေးများ
မောင်တူး
(မိုးမခ) ဧပြီ ၂၈၊ ၂၀၂၃
တော်လှန်ရေးခေါင်းဆောင်ဆိုတာ
ရေစုန်မှာ
လှေကြုံလိုက်သူတွေမဟုတ်၊
ရေစီးကို
ဆန်တက်ရဲကြသူတွေသာဖြစ်တယ်။ ။
(ပဒိုမန်းရှာ)
ဒါဟာ "ရေဆန်" ကလောင်အမည်နဲ့ ကရင်ခေါင်းဆောင် ပဒိုမန်းရှာလားဖန်းရဲ့ ဆောင်းပါးတပုဒ်ထဲက စာသားတွေ ဖြစ်ပါတယ်။ ကွယ်လွန်သူ ပဒိုမန်းရှာကို သတိရသလို ကျနော်တို့ ကျောင်းသားတွေကို ကူညီခဲ့တဲ့ ကွယ် လွန်သူ ဗိုလ်မှူးရောဘဇန်၊ ဗိုလ်မှူးအယ်ဒို၊ ဗိုလ်အယ်စိုးစတဲ့ ကေအင်န်ယူ တပ်မှူးတွေကိုလည်း သတိတရပါ။
လက်ရှိ သတိရနေတာက ကရင့် တော်လှန်ရေးဌာနချုပ် မာနယ်ပလောမှာ Give me liberty or give me death! စာတန်း ဆိုင်းဘုတ်ကြီး တင်ထားတာ နေ့စဉ် တွေ့နေခဲ့ရဘူးတာကိုပါ။ "လွတ်လပ်ခွင့်ကိုပေး။ သို့မဟုတ် သေခြင်းကိုပေးပါ။ " လို့ ဆိုတယ်။ ဒါက ABSDF ကျောင်းသားတပ်မတော်ရုံး မာနယ်ပလောမှာ အခြေစိုက်ချိန်က ကျနော်တို့ရဲ့ အတွေ့အကြုံပေါ့။
မာနယ်ပလောတိုက်ပွဲ၊ စောထတိုက်ပွဲ၊ ထွီဖာဝီကျိုးတိုက်ပွဲ၊ အဇင်းတိုက် ပွဲ၊ ကရင်ကဒိုက်တိုက်ပွဲ စတဲ့ စတဲ့ တိုက်ပွဲတွေများစွာမှာ ကရင့်တော်လှန် ရေးစစ်သားတွေနဲ့ ကျနော်တို့အတူတိုက်ခဲ့ကြရင်းက ကရင်တွေရဲ့ အပြော အဆို၊ အနေအထိုင် စိတ်နေသဘော ဓလေ့ထုံးစံတွေကို တီးမိခေါက်မိရှိခဲ့ပေါ့။ " စားထောလဲ ယအဲ့ပါနာ " ဆိုတဲ့ ကရင့်ကျေးလက် အချစ် သီချင်းလေးတွေ "ယပွာကလူရယ်အို" ဆိုတဲ့ ကရင့်နိုင်ငံတော်သီချင်း စတာတွေကို ဆိုတတ်တဲ့အထိ ရင်းနှီးလာခဲ့ကြတယ်။ ဒါတွေ ရေးမိတာက ကရင့်ကွန်ဂရက် ညီလာခံ ကျင်းပနေတဲ့ သတင်းကြားအပြီး စိတ်ဝင်စားမိ တွေးမိလာတာကြောင့်ဖြစ်ပါတယ်။ အဓိက အကျဆုံးကတော့ အခု ကျင်းပနေတဲ့ ကေအင်န်ယူ ညီလာခံဟာ ကေအင်န်ယူရဲ့ မူဝါဒ အပြောင်းအလည်းတွေနဲ့အတူ စစ်အာဏာရှင်တော်လှန်ရေးကိုလည်း သက်ရောက်မှု ရှိလာနိုင်တာပေါ့။ တဆင့်တက်ကြည့်ရင်တော့ နွေဦးတော်လှန်ရေးကြီးကိုပါ သက်ရောက်မှု ရှိလာပါလိမ့်မယ်လို့ တွေးမိလာတာပေါ့။
#ကရင်လူမျိုးဆိုတာ
ကျနော်တို့ နေထိုင်တဲ့ မြေပြန့်မှာ ကရင်တွေရှိကြတယ်။ သူတို့ ရိုးသားကြတယ်။ ကတိတည်ကြတယ်။ ဘယ်လောက် ကတိတည်သလဲဆိုတာကို ကျနော့်အဘိုးက ပုံပြင်ဆန်ဆန် ပြောပြဘူးတယ်။ အဘိုးက သစ်ခွဲသမားတယောက်ပါ။ ပဲခူးမြို့မှာနေတယ်။ အခုခေတ်လို သစ်ခွဲစက်တွေ မရှိတဲ့ လွန်ခဲ့သော နှစ် ငါးဆယ်လောက်ကပေါ့။ သစ်လုံးကြီးတွေကို လွှအရှည်ကြီးကို လူ ၂ ယောက် တဖက်စီကိုင် ဆွဲခွဲဖြတ်ရတဲ့ ခေတ်ပေါ့။ လွှဆွဲသမား အယောက် ၂၀ ကျော်ကို အဘိုးက ဦးစီးပြီး ပဲခူးနယ်တခွင် သစ်တွေလိုက်ဆွဲနေရာကနေ ဈေးကောင်းရမယ်ဆိုလို့ ပဲခူးရိုးမပေါ်အထိ ခရီးဝေးသွားပြီး သစ်ခွဲတဲ့အလုပ်ကို သွားလုပ်ခဲ့ကြတယ်ပေါ့။ လူ ၂၀ ကျော် သစ်လုံးကြီးတွေကို ခွဲကြ ဖြတ်ကြတယ်။ ပျဉ်ချပ်တွေ ဖြစ်အောင်ခွဲကြတယ်။ ၃ လလောက်လဲသစ်တွေခွဲပြီးတော့ မိုးကျခါနီး လယ်ထွန်နီးချိန်ရောက်လာတော့ ပြန်ကြတော့မယ်ပေါ့။ ဒီအချိန်ကျမှ တိုက်ပွဲတွေ ဖြစ် လာတယ်။ ကေအင်န်ယူတပ်နဲ့ အစိုးရတပ်တွေ စစ်ဖြစ်နေတော့ ခွဲထားတဲ့သစ်တွေ တင်ပို့ရောင်းလို့ မရလမ်းတွေ ပိတ်ကုန်ပြီ။ ဒီအခါကျမှ သစ်တွေဟာ ကေအင်န်ယူရဲ့ သစ်တွေမှန်း သိလာရတော့တယ်။ ကေအင်န်ယူ တပ်မဟာမှူးကိုယ်တိုင်လာပြီး ခင်ဗျားတို့ကို သစ်ဖိုး မပေးနိုင်သေးဘူး။ ရွာပြန်ကြ။ လယ်ထွန်ကြ။ သီတင်းကျွတ်လပြည့်နေ့ မနက် ၈ နာရီ ရွှေမော်ဓောဘုရား အရှေ့ဖက်မုဒ်မှာ ၂ ယောက်ထဲလာရမယ်။ အဲ့သည်အချိန် ငွေပေးမယ်ဆိုပြီး ပြန်လွှတ်လိုက်တယ်။ သစ်ခွဲခ လူ ၂၀ စာငွေတွေက အများကြီး။ ခုခေတ်နဲ့ဆို သိန်း ရာချီပေါ့။ ရိုးမပေါ်ကနေ ပဲခူးမြို့ကို ဒီကရင်တွေ လာပေးမှာ မဟုတ်ဘူးလို့ တွေးခဲ့ကြတယ်။ ဒီနွေတော့ သစ်ဆွဲခတွေ ဆုံးပြီပေါ့။ ဒါကြောင့် နောက် ၄ လအကြာ သီတင်းကျွတ်လပြည့်နေ့ မနက် ၈ နာရီမှာ သတ်မှတ်ထားတဲ့ ရွှေမော်ဓောဘုရား အရှေ့မုဒ်မှာ သွားစောင့်ပြီး ငွေယူဖို့ကို ဘယ်သူမှ စိတ်မဝင်စားကြတော့ဘူးပေါ့။ ဒီလောက်အဝေးကြီး လာပေးမှာ မဟုတ်တော့ပါဘူး။ ကေအင်န်ယူတွေက အစိုးရတပ် ထောက်လှမ်းတွေ စောင့်ကြည့်နေတဲ့ ပဲခူးကို ခြေလျင်တတန် လှေကြောင်းတတန်နဲ့ များလှတဲ့ သစ်ဆွဲခတွေ လာပေးမှာ မဟုတ်ဘူးပေါ့။ လူ ၂၀ ကျော်မှာ ငွေသွားသူမဲ့သူ တယောက်မှ မရှိ။ ဒါပေမဲ့ ကျနော့်အဘိုးနဲ့ တပည့်တယောက်ကတော့ သတ်မှတ်ချိန်မှာ သွားစောင့်မယ်။ မလာရင်လည်း ပြီးရောပေါ့။ ကတိသစ္စာတည်ကြည်လို့ လာပါက အမြတ်ပေါ့။ သည်လိုတွေးပြီး သွားစောင့်သတဲ့။ သွားစောင့်တော့ သူတို့ကို ၈ နာရီတိတိမှာ တပ်မဟာမှူးသမက်ကိုယ်တိုင် လွယ်အိတ် တလုံးလာပေးတယ်။ ဟေ့လူတွေ နင်တို့သစ်ဆွဲခ လွယ်အိတ်ထဲမှာနော်။ ကဲသွားတော့ သား သမီးတွေ စားဖို့ ငွေတွေယူသွားတော့နော်။ နောက်ကိုလုံးဝ လှည့်မကြည့်နဲ့နော် ဆိုပြီး တွန်းလွှတ် လိုက်တာတဲ့။ ခပ်လှမ်းလှမ်းရောက်လို့ ပြန်လှည့်ကြည့်တော့ သူတို့မရှိကြတော့။ ကြက်ပျောက်ငှက်ပျောက်။ ဒီကရင်တွေကွာ ဒီလောက်များတဲ့ သစ်ဆွဲခငွေတွေ ၄ လကြာမှ ရိုးမပေါ်ကနေ ခက်ခက်ခဲခဲ ပဲခူးထိလာပြီး ကတိအတိုင်း ပေးသွားတယ်လို့ ရာဇဝင်တွင်ပါလေရော။
#ကရင့်ရာဇဝင်
ကရင်လို့ ခေါ်မည့် ထီ့ဆဲ့မဲ့ယွား (ရေစီးရာ သဲတွေ မျောပါနေတဲ့ မြစ်ချောင်းဒေသ) လူမျိုးတွေဟာ တရုတ်ပြည်တောင်ပိုင်း တနေရာက နှစ် ၃၅၀၀ လောက်က ပြောင်းရွှေ့လာသူတွေလို့ သမိုင်းမှာ မှတ်သားရတယ်။ ဂိုဘီသဲကန္တာရကို ဖြတ်လာသူတွေလို့လည်း သိရတယ်။ တဖြည်းဖြည်းနဲ့ အရှေ့တောင်အာရှကိုဝင်လာကြတယ်။ ယိုးဒယား၊ မြန်မာ၊ ကမ္ဘောဒီးယား နဲ့ ဗီယက်နမ်တောင်ပိုင်း၊ မလေးရှားမြောက်ပိုင်းတိုင်အောင် တောင်ပေါ်မြေပြန့်အနှံ့ နေထိုင်ကြတယ်။ ကရင်အခေါ်ကို ဘယ်အချိန်ကစပြီး ခေါ်ကြသလဲဆိုတာ အတိအကျမသိရပေမဲ့ အင်းဝခေတ်မတိုင်ခင်ကတည်းက စတင်ခေါ်နေခဲ့ပုံရတယ်။ ကပ္ပလီကျွန်း(အန်ဒမန်)မှာ ကရင် ၂,၅၀၀ ဦးရှိတယ်။ ဒါအပြင် ကရင်တွေဟာ အမေရိကန်နိုင်ငံ၊ ဥရောပနိုင်ငံတွေနဲ့ တခြားကမ္ဘာ့နိုင်ငံတွေမှာလဲ ပျံ့နှံ့နေထိုင်နေကြပြီ။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့ကဆိုရင် ကမ္ဘာတဝန်းမှာရှိတဲ့ ကရင်အဖွဲ့အစည်း ၆၈ ဖွဲ့က ကေအန်ယူ ဗဟိုအလုပ်အမှုဆောင်တဖွဲ့လုံး နုတ်ထွက်ပေးဖို့ အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုထားသေးတယ်။
#ကရင်လူမျိုးထင်ရှားသူများ
တေးသံရှင် စောဖိုးခွားဟာ စစ်အာဏာရှင်ကို တေးသီချင်းနဲ့ တိုက်ပွဲဝင်သူ ဖြစ်တယ်။ မန်းဘခိုင်ဟာ အာဇာနည် ခေါင်းဆောင်ကြီးတဦး ဖြစ်သလို မန်းဝင်းမောင်ဟာ မြန်မာနိုင်ငံရဲ့ တတိယမြောက် သမ္မတဖြစ်တယ်။
ဗိုလ်ချုပ် စမစ်ဒွန်း ကလည်း မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဖြစ်ခဲ့တယ်။ စောဘဦးကြီး၊ ဗိုလ်ချုပ်ကြီးစောဘိုမြ၊ မယ်ဗမာ ၂ ထပ်ကွမ်း နော်လွီဇာ ဘင်ဆင်၊ အောင်ဆန်းသူရိယ စောဘရီ၊ အောင်ဆန်းသူရိယ စောမြင့်၊ မြန်မာ့ဂီတသမိုင်းမှာ ရောင်းအားအကောင်းဆုံးစံချိန်တင်ခဲ့တဲ့ အဆိုတော် ဗဒင်၊ (Iron Cross) တီးဝိုင်း
တည်ထောင်သူ စောဘွဲ့မှူး၊ ဧရာဝတီတိုင်း ဝန်ကြီး ချုပ် မန်းဂျော်နီ၊ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ဒေါက် တာ စင်သီယာမောင်၊ ဂီတပညာရှင် ချစ်စမ်းမောင်.. စသူတွေဟာ ကရင်တွေပေါ့။ နောက်ထပ်ထင်ရှားတဲ့ ကရင်လူမျိုးတွေ အများကြီး ရှိပါသေးတယ်။
#ကရင်လက်နက်ကိုင်အဖွဲ့ကွဲတွေများပြားနေခြင်း
ထင်းတချောင်းခြင်း ချိုးလို့လွယ်တယ်။
ထင်းစည်းကို ချိုးဖို့တော့ မလွယ်ပါ။
သည် အဆိုအမိန့်ကို လူတိုင်းလက်ခံကြပါတယ်။ ကရင်တွေလည်း လက်ခံကြတာပါပဲ။ ဒါပေမဲ့ လက်တွေ့ကျင့်သုံးဖို့ ကျတော့ မလွယ်ကြပါ။ ဒါကလည်း ကရင်မှ မဟုတ်ပါ။ ဗမာအဖွဲ့အစည်းတွေလည်း ကျနော်လည်း ထိုနည်းလည်းကောင်း ဆိုသလိုပါပဲ။ အားလုံးပါဝင်ကြရမည့် နွေဦးတော်လှန် ရေးမှာပဲ ကြည့်တော့လေ။ မပါသူကမပါ။ ကြားနေမယ်ဆိုသူကလည်းရှိပေါ့။ ကရင် လက်နက်ကိုင်တွေမှာဆိုရင်လည်း NCA ငြိမ်းချမ်းရေးအဖွဲ့တွေ၊ နယ်ခြားစောင့် BGF ၊ ကေအင်န်ယူ၊ ကော်သူးလေတပ်နဲ့ တခြားအဖွဲ့ကွဲတွေ ရှိလာနေကြပါတယ်။
ဘယ်လိုကွဲကွဲ ပြည်သူ့အတွက် လုပ်ရင်တော့ ကောင်းတာပေါ့။ ဒါပေမဲ့ ကရင်တွေလဲ လူသားတွေမို့ လောဘနဲ့တွဲလာသောအခါ။ ကျနော်တို့ အဖိုးခေတ်ကလို ပဲခူးရိုးမကနေ ပဲခူးမြို့ထဲအရောက် သစ်ခွဲခ ရသင့်ငွေ အများကြီးကို ကတိတည်စွာ လာပေးဖို့ထက် လုပ်ပိုင်ခွင့်သုံးပြီး စီးပွားဖြစ်ချင်လာကြသူတွေ တချို့ ရှိလာနေကြပြီ။ အားလုံးကိုတော့ မဆိုလိုပါ။ တချို့။ တချို့ကလည်း ရာထူးငယ်ပိုင်းဆိုရင် မပြောပလောက်ပါ။ တချို့က ခေါင်း ဆောင်ပိုင်းတွေဆိုရင်တော့ မလွယ်ဘူးပေါ့။ ကရင်ပြညနယ်ထဲက ရွာသားပိုင် ခြံမြေတွေကို ဘယ်ငြိမ်းချမ်းရေး အဖွဲ့က သိမ်းလိုက်တယ် ဆိုတာမျိုးတွေ၊ ဘယ်ရွာသားကတော့ ကြောက်လို့ သူ့ခြံမြေတွေ ပေးလိုက်ရတာပေါ့ ဆိုတာတွေ မကြာခဏ ကြားနေရတာပါ။ အော် ရိုးသားတဲ့ လူမျိုးတွေဟာ တချို့သော လောဘတက်သူတွေကြောင့် စိတ်မသက်သာစရာတွေတော့ ကြုံနေရတာပေါ့။ အားလုံးကို မဆိုလိုပါ။
# ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ၁၇ ကြိမ်မြောက် ကွန်ဂရက်
ကွန်ဂရက် ညီလာခံကို ၂၀၂၃ ဧပြီ ၂၄ ရက်နေ့က စတင်ကျင်းပနေပါတယ်။
ကိုဗစ်ရောဂါထိုးစစ်၊ အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီထိုးစစ်တွေကြောင့်ဒီကွန်ဂရက်ဟာ ၃ နှစ်လောက် နောက်ကျ ကျင်းပတယ်။ ခေါင်းဆောင်ပိုင်းအပြောင်းအလဲ ရွေးကောက်ပွဲတွေ လုပ်မှာဖြစ်ပြီး ကရင်ပြည်သူတွေ လက်ရှိတောင်းဆိုနေတဲ့ခေါင်းဆောင်ပိုင်းတချို့ရဲ့ ဒုစရိုက်မှုနဲ့မကင်းတဲ့ စီးပွားရေးပိုင်ဆိုင်ရာ လုပ်ဆောင်မှုတွေနဲ့ ပတ်သက်လို့ အရေးယူဆောင်ရွက်သွားဖို့ လည်း ရှိနေကြောင်း ကြားရပါတယ်။
ဆုံးဖြတ်ချက်တွေ ဘယ်လိုရှိမလဲကတော့ စောင့်ကြည်ကြရမှာပါ။ ဒါ့အပြင် NCA လမ်း ပြန်လိုက်ချင်သူတွေနဲ့ မလိုက်လိုသူတွေကလည်း ရှိနေပါသတဲ့။ သတိထားရမှာက အခုအခါမှာ ကေအင်န်ယူအပေါ် မြန်မာပြည်သူ လူထုတွေက အမြင်တွေ ပြောင်းနေပြီဆိုတာကိုပါ။ နွေဦးတော်လှန်ရေးတိုက်ပွဲဝင်သူတွေကို ကေအင်န်ယူက အပြည့်အဝ ကူညီထားခဲ့တယ်။ ဒါကြောင့် မြန်မာပြည်သူတွေဟာလည်း "လေးကေ့ကော်နဲ့အတူရှိနေပြီ။" "ကေအင်န်ယူတွေ တိုက်ပွဲတိုင်းမှာ နိုင်ပါစေ" လို့ ရန်ကုန် မန္တလေး မြန်မာပြည်အနှံ့ ဆန္ဒပြပွဲတွေမှာ ကြွေး ကြော်နေကြချိန် ရောက်နေပါပြီ။
ဒါဆိုရင် ကေအင်န်ယူရဲ့ မူဝါဒဟာ ကရင်တမျိုးသားလုံးအတွက်သာမကတော့တဲ့သဘောပါ။ တတိုင်းတပြည်လုံး တကမ္ဘာလုံးရှိ မြန်မာပြည်သူ ပြည်သားတွေကိုပါ သက်ရောက်နေပါပြီ။ တတိုင်းတပြည်လုံး တကမ္ဘာလုံးရှိ မြန်မာပြည်သူ ပြည်သားတွေက ကေအင်န်ယူညီလာခံကို စောင့်ကြည့်နေကြပြီဆိုတာကိုနှလုံးသွင်းကြစေချင်ပါတယ်။ ပြည်သူလူထုတွေရဲ့ ဆန္ဒ ယုံကြည်ချက် လိုလားချက်တွေနဲ့ ထပ်တူပြုရမည့်အချိန်ပါ။ ကျနော့်အဘိုးခေတ်ကလို ခံယူချက်မျိုးနဲ့ " ဒီကရင်တွေကွာ ဒီလောက်များတဲ့ သစ်ဆွဲခငွေတွေ ၄ လကြာသွားတာတောင် ရိုးမပေါ်ကနေ ခက်ခက်ခဲခဲ ပဲခူးထိလာပြီး ကတိအတိုင်း ပေးသွားတယ်လို့ ရာဇဝင်တွင်ပါလေရော " ဆိုတဲ့ ပြောသံတွေ ကြားချင်လှပါတယ်ဗျာ။ ။
မောင်တူး
---
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar