Breaking News

မြို့နေလူထုရဲ့ လျှပ်စစ်မီး ပြဿနာ

မြန်မာနွေဦး ခရိုနီကယ် - ဧပြီလ ၂၈ မြင်ကွင်း

(မိုးမခ) ဧပြီ  ၂၉၊ ၂၀၂၃


မြို့နေလူထုရဲ့ လျှပ်စစ်မီး ပြဿနာ

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၁၀ စုနှစ် တခုကြာကာလကို ပြန်ကြည့်ရင် စစ်အာဏာမသိမ်းမီကာလအထိ လျှပ်စစ်မီးရရှိမှုအခြေအနေဟာ တဖြည်းဖြည်း တိုးတက်လာခဲ့ပြီး ကမ္ဘာ့ဘဏ်ရဲ့ သန်း ၂ ထောင် ချေးငွေအကူအညီထဲမှာ သန်း ၉၀၀ ကျော်က လျှပ်စစ်မီးရရှိရေးနဲ့ သက်ဆိုင်တဲ့ အပိုင်းတွေမှာ သုံးစွဲဖို့ လျာထားခဲ့တာ ဖြစ်ပြီး မဟာဓါတ်အားလိုင်း သွယ်တန်းတာတွေမှာ သုံးစွဲခဲ့တာ ဖြစ်ပါတယ်။ အဲဒီကာလတွေမှာ မြို့တွေမှာ လျှပ်စစ်မီး အချိန်ပြည့်မရသည့်တိုင် တနေ့တာရဲ့ အချိန်နာရီအားဖြင့် တွက်ရင် ရာနှုန်း ၅၀ ကျော် လျှပ်စစ်မီးရရှိခဲ့ကြတာ ဖြစ်ပြီး၊  ကျေးလက်မီးလင်းရေးအတွက် လျှပ်စစ်ဓါတ်အားလိုင်း သွယ်တန်းတာ ကိုယ်ထူကိုယ်ထ သွယ်တန်းတာတွေ လုပ်ဆောင်ခဲ့ကြပြီး ကျေးရွာအများအပြား လျှပ်စစ်မီးကို ပထမဆုံးအနေနဲ့ သုံးစွဲခွင့်ရခဲ့ကြတာလည်း ဖြစ်ပါတယ်။ 

လျှပ်စစ်မီးမရရှိသေးတဲ့ ကျေးရွာတွေ ကျေးရွာအလိုက် လျှပ်စစ်မီးလင်းရေး ကော်မတီတွေ ဖွဲ့စည်းကာ လျှပ်စစ်ဓာတ်အားကြိုးသွယ်ယူရေး၊ ထရန်စဖေါ်မာ တပ်ဆင်ရေးတွေအတွက် ရပ်ရွာက စုပေါင်းကျခံတာ၊ အစိုးရရဲ့ အသုံးစရိတ်ထဲက အကူအညီရရှိတာလည်း ရှိခဲ့ပြီး ကျေးရွာတရွာအနေနဲ့ သိန်းရာဂဏန်းတွေ အထိ သုံးစွဲကာ လျှပ်စစ်မီးသုံးစွဲနိုင်ဖို့ လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။ အဆိုပါ လုပ်ဆောင်ချက်တွေရဲ့ အချို့သော ကျေးရွာတွေမှာ လျှပ်စစ်နဲ့ ထမင်း ဟင်း ချက်ပြုတ်ကြတဲ့ အထိ ပြောင်းလဲလာပြီး တနည်းအားဖြင့် ထင်းသုံးစွဲမှု လျော့ကျကာ အပူပိုင်းဒေသနဲ့ အချို့သောဒေသတွေမှာ သစ်တော ပြုန်းတီးမှုကို တဖက်တလမ်းက လျော့ကျစေတဲ့အထိ အကျိုးခံစားခဲ့ကြရတာ တွေ့ရပါတယ်။ 

ဒီလိုအခြေအနေတွေဟာ စစ်အာဏာသိမ်းပြီးနောက်မှာတော့ ဆုတ်ယုတ်မှုဘက်ကို ပြောင်းပြန်ဦးတည်ခဲ့ပြီး လျင်မြန်စွာ ဆုတ်ယုတ်လာခဲ့တာကို အခုလို လျှပ်စစ်ဓာတ်အား အလိုအပ်ဆုံး နွေရာသီ အပူဆုံးအချိန်မှာ မြင်တွေ့နေရပြီ ဖြစ်ပါတယ်။ ၂၀၂၁၊ ၂၀၂၂  ခုနှစ် နွေရာသီတွေထက်ကို ၂၀၂၃ ခုနှစ် နွေရာသီက လျှပ်စစ်ဓာတ်အားရရှိမှု ဆိုးရွားစွာ ကျဆင်းလာတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ 

ဘာကြောင့် လျှပ်စစ်ဓာတ်အား လုံလောက်အောင် မထုတ်လုပ်နိုင်တော့တာလဲ၊ ယခင်ရှိရင်းစွဲ အခြေအနေထက် သိသာစွာ ဆိုးရွားစွာ ကျဆင်းရတဲ့ အကြောင်းအရင်းက ဘာဖြစ်မလဲ ဆိုရင် စကားလုံးတလုံးတည်းနဲ့ ပြောရရင် နိုင်ငံရေး ပြဿနာကြောင့်လို့ ဆိုရမှာ ဖြစ်ပါတယ်။ 

ကမ္ဘာနိုင်ငံတွေမှာလည်း ယူကရိန်း-ရုရှားစစ်ပွဲ စတင်ဖြစ်ပွားပြီးနောက် လောင်စာဆီ သဘာဝဓါတ်ငွေ့ အစရှိတဲ့ လောင်စာတွေ ဈေးမြင့်တက်လာတာက စပြီး ငွေကြေးဖောင်းပွမှု၊ လောင်စာတွေ ဈေးမြင့်တက်လာမှုတွေ ရှိလာပြီး စွမ်းအင် အခက်အခဲကြုံကြရတာ မှန်ပေမယ့် မြန်မာနိုင်ငံရဲ့ လျှပ်စစ်စွမ်းအင် ထုတ်လုပ်နိုင်စွမ်း သိသိသာသာ လျော့နည်းကျဆင်းလာတာက စစ်အာဏာသိမ်းမှုက အဓိက အကြောင်းအချက်ဖြစ်ပြီး ကျန်တဲ့ အချက်အလက်တွေက အားဖြည့်တဲ့ အကြောင်းအရာတွေသာ ဖြစ်နိုင်ပါတယ်။ 

စစ်အာဏာသိမ်းမှုပြီးနောက် နိုင်ငံတကာရဲ့ ဖွံ့ဖြိုးမှု အကူအညီတွေ ရပ်ဆိုင်းလိုက်တာ၊ စစ်အသုံးစရိတ်က ယခင်ကထက် အဆနဲ့ချီမြင့်တက်လာတာတွေက လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုလျော့ကျရခြင်းရဲ့ အဓိကအချက်တွေ ဖြစ်တယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ စစ်အာဏာမသိမ်းမီက နိုင်ငံပိုင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု မလုံလောက်တာကို ပုဂ္ဂလိက ကုမ္ပဏီတွေဆီကနေ ဝယ်ယူဖြည့်တင်းခဲ့ပေမယ့် စစ်အာဏာသိမ်းပြီးနောက်မှာ ပုဂ္ဂလိက လျှပ်စစ်ဓာတ်အား ထုတ်လုပ်တဲ့ဆီကနေ ဝယ်ယူမှုကို လျှော့ချခဲ့တာဖြစ်ပြီး သဘာဝဓာတ်ငွေ့က ထုတ်လုပ်တဲ့ နိုင်ငံပိုင်စက်ရုံတွေကိုလည်း သဘာဝဓာတ်ငွေ့ စျေးတက်တာကြောင့် အကြောင်းပြကာ လျှော့ချထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို ထုတ်လုပ်မှု လျော့နည်းနေခြင်းက လျှပ်စစ်ဓာတ်အား ဆိုးရွားစွာ မလုံလောက်ခြင်းရဲ့ အဓိကအချက်တွေ ဖြစ်ပြီး နိုင်ငံတကာက စီးပွားရေးပိတ်ဆို့မှုတွေ၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ ထပ်မံဝင်ရောက်မှု သိသာစွာ ကျဆင်းတာတွေကလည်း နည်းပညာဆိုင်ရာ အရင်းအနှီးဆိုင်ရာ အခက်အခဲတွေကို ဖြစ်ပေါ်စေတယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ 

တဖန် ဒေသအလိုက် တိုက်ပွဲတွေ လက်နက်ကိုင် ပဋိပက္ခ၊ လျှပ်စစ်ဓာတ်အားလိုင်းနဲ့ သဘာဝဓာတ်ငွေ့လိုင်းတွေကို PDF တွေက တိုက်ခိုက်တာ ဖျက်ဆီးတာတွေကလည်း အရံအကြောင်းအချက်တွေ အဖြစ် ပါဝင်နိုင်တာ ဖြစ်ပါတယ်။ ရေအားလျှပ်စစ်ထုတ်လုပ်နိုင်စွမ်း လျော့ကျတဲ့ အချက်၊ တဖန် ရာသီဥတု ဖောက်ပြန်ခြင်း အကြောင်းကလည်း ရှိရင်းစွဲပြဿနာကို အားဖြည့်ပေးတဲ့ အချက်တွေ ဖြစ်နိုင်ပါတယ်။ 

အခုနှစ် နွေရာသီ အပူရှိန် အမြင့်ဆုံးအချိန်ကာလတွေမှာ ရန်ကုန်၊ မန္တလေးနဲ့ အခြားမြို့ကြီးတွေမှာ နေထိုင်ကြသူတွေအဖို့ လျှပ်စစ်မီး ပေးဝေနိုင်ချိန် တရက်ကို ၂ နာရီ ၃ နာရီလောက်သာ ရကြတာတွေ အများအပြားရှိနေပြီး အရင်နှစ် နွေရာသီတွေမှာ သုံးတဲ့အင်ဗာတာ ဘက်ထရီ စတာတွေတောင် သုံးဖို့ အဆင်မပြေတော့တဲ့ အနေအထားကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ 

မိသားစု နေအိမ်တွေအဖို့ ဆိုလာစနစ်သုံးစွဲမယ်ဆိုရင်လည်း သိန်း ၃၀ လောက်က စပြီး သိန်း တရာလောက်ထိ ကုန်ကျစရိတ်ရှိနေတာဖြစ်ပြီး အများစုက မတတ်နိုင်ကြတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။ နွေရာသီရဲ့ အပူဆုံးအချိန်ကာလမှာ လေအေးပေးစက်မဆိုထားနဲ့  လျှပ်စစ် ပန်ကာလောက်တောင် မသုံးနိုင်ကြရာက အပူရှိန်မြင့်တက်ပြီး ဆေးရုံ ဆေးခန်းရောက်သူတွေလည်း ရန်ကုန်၊မန္တလေးမြို့တွေမှာ ဖြစ်ပွားနေကြတဲ့ သတင်းတွေ ကြားနေရတာ ဖြစ်ပါတယ်။ ရာသီဥတု ပြင်းထန်တဲ့ဒဏ်ကနေ သက်သာရာရဖို့အတွက် လျှပ်စစ်မီးမရှိတာကြောင့် ကျန်းမာရေး ပျက်ယွင်းကာ အသက်ဆုံးရှုံးရတဲ့ အခြေအနေတွေအထိ ဖြစ်လာနေတာလည်း ဖြစ်ပါတယ်။ အရင်းစစ်လိုက်တဲ့အခါ စစ်အာဏာသိမ်းမှု နိုင်ငံရေး ပြဿနာက သာမန်လူတွေရဲ့ အသက်အန္တရာယ် ကျရောက်နိုင်တဲ့ အထိ ဖြစ်လာနေပြီဖြစ်ပါတော့တယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar