Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - တပ်မတော်နီဝရဏ မရှိမှ တိုင်းပြည်ဒုက္ခ ပြေလည်မယ်

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - တပ်မတော်နီဝရဏ မရှိမှ တိုင်းပြည်ဒုက္ခ ပြေလည်မယ်

(မိုးမခ) ဧပြီ ၂၉ ၊ ၂၀၂၃


ကောင်းကျိုးဆင့်ပွား မြတ်တရား နာကြားမပြတ်ပေတဲ့၊ ကာလေန ဓမ္မဿဝနံမင်္ဂလာ။ 

သင့်တင့်တဲ့အချိန်မှာ တရားနာပါတဲ့။ စိတ်စွမ်းရည် ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ အမြင်ရှင်းလင်းဖို့ သိသင့်သိထိုက်တာတွေ လေ့လာဆည်းပူးတဲ့ မင်္ဂလာ။ တတ်ကောင်းတတ်ရာတွေ သင်ယူမှတ်သားတဲ့မင်္ဂလာ။

သိခွင့် မြင်ခွင့် ကြားခွင့် နာခွင့် လေ့လာခွင့် သင်ယူခွင့်တွေ ပိတ်လိုက်ရင်၊ ကန့်သတ်လိုက်ရင် ဒီမင်္ဂလာပျက်ကရော။ 

ဒီမင်္ဂလာပျက်တော့ မသိသေးတာတွေ သိလို့မရ၊ မမြင်သေးတာတွေ မြင်လို့မရ။ ကောက်ချက်တွေ မှန်မှန်ကန်ကန် ချမှတ်နိုင်စွမ်းမဲ့၊ အမြင်ကျဉ်း၊ ဘာကိုမှ ရှင်းရှင်းလင်းလင်း မသိမြင်။ သံသယတွေ မပျယ်။ အမြင်မဖြောင့်၊ အလွှဲသိ အစောင်းမြင် မကြည်မလင် ဖြစ်နေရ။ လုပ်သမျှ ဒုက္ခဆိုက်။

ဒီမင်္ဂလာက နီဝရဏအညစ်တွေ ဖယ်ပစ်ဖို့။ နီဝရဏဖုံးရင် စုံလုံးကန်းတော့တာ။ တလွဲမြင်တော့တာ။

တပ်နဲ့တော်ရာ တပ်ကိုမထား၊ ကိုယ် ကျွမ်းကျင်တာ ကိုယ်မလုပ်၊ တိုင်းပြည်တက်အုပ်ချုပ်ချင်၊ မတော်လောဘတက် အာဏာမက်လာတဲ့ ကာမစ္ဆန္ဒနီဝရဏ။

မက်တဲ့အလျောက် အာဏာသိမ်း။ သိမ်းတော့ ဖမ်းဆီးရ ညှဉ်းပန်းရ သတ်ဖြတ်ရ။ မတရားမှုကို ငုံ့မခံ ပြန်တွန်းလှန်သူတွေ အင်အားချည့်နဲ့အောင် မီးတိုက်ဖျက်ဆီးရ။ ခေတ်အဆက်ဆက် အာဏာတည်မြဲရေးအတွက် နည်းမျိုးစုံနဲ့ ပညာရေး ဖျက်ဆီး။ ပညာရေးအားနည်းလို့ မသေသင့်ဘဲ သေခဲ့ရတာလည်း မရေမတွက်နိုင်။ စီးပွားရေး ဖျက်ဆီး။ စီးပွားရေးပျက်လို့ မသေသင့်ဘဲ သေခဲ့ရသူပေါင်းလည်း သိန်းသောင်းချီ။ ကျန်းမာရေး ဖျက်ဆီး။ ကျန်းမာရေးပျက်လို့ သေကြရ ကျေကြရ၊ တမျိုးသားလုံး အသက်တိုကြရ။ ပြည်တွင်းစစ်တွေ ဖန်တည်းပြီးသတ်ဖြတ် သေကျေစေခဲ့တာလည်း ခေတ်အဆက်ဆက် မတွက်မရေသာ။ ဆဲဗင်းဂျူလိုင်အရေးအခင်း၊ မှိုင်းရာပြည့်နဲ့ ဦးသန့် အရေးအခင်း၊ သင်္ဘောကျင်းအလုပ်သမားအရေးအခင်း၊ ငွေစက္ကူအရေးအခင်း၊ ၈၈ အရေးတော်ပုံ၊ ဒီပဲယင်းအရေးအခင်း၊ ရွှေဝါရောင်တော်လှန်ရေး၊ နာဂစ်၊ ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှု၊ ခု ၂၀၂၁ အာဏာသိမ်းမှုစတဲ့ ပေါ်ပေါက်လာတဲ့ အရေးအခင်းတိုင်းလည်း သတ်မကုန် သေမကုန် ဖျက်မကုန် ဆီးမကုန် လူ့ဘုံအသွင်ပျောက်တဲ့ ဗျာပါဒနီဝရဏ။

အဲဒါကြောင့် တပ်ဟာ ဖျတ်လတ်မှု၊ ကြံ့ခိုင်မှု၊ တက်ကြွမှု အားထားခံရမှုအသွင်ပျောက်လာ။ စိတ်ချစရာအရည်အရောင် မှိန်ဖျောက်လာ။ အရည်အသွေးနိမ့်ပါးလာ။ စိတ်ဓာတ်နုံချာလာ။ နောက်ဆုံး မူးယစ်ဆေးသွင်း ဖြေရှင်းရင်း ဖြေရှင်းရင်း မူးယစ်ထုံမူး မူးယစ်ကုန်ကူးအသိုက်အမြုံကြီးဖြစ်လာတဲ့ ထိန မိဒ္ဓနီဝရဏ။

တဖြည်းဖြည်း သွေးပျက်လာ။ မတရားရယူထားတဲ့ အာဏာပျောက်မှာ ကြောက်လာ။ ကုပ် သွေးစုပ်ထားတဲ့ စည်းစိမ်တွေ ယုတ်လျော့မှာ စိုးလာ။ နသားပယား လုပ်ထားတဲ့ လုပ်ပိုင်ခွင့်တွေ လွင့်မှာ ပူလာ။ အဲတော့ အမှားပေါ် အမှားထပ်၊ အညစ်ပေါ်  အယုတ်ထပ် သတ်ပြီးရင်း သတ်လာလို့ နိုင်ငံရေးထွက်ပေါက်တွေ ပျောက်ပြီးရင်း ပျောက်လာတဲ့ ဥဒစ္စ ကုက္ကုစ္စနီဝရဏ။

နိုင်ငံတကာလည်း မယုံရဲ၊ ကိုယ့်အကြံပေးလည်း ကိုယ်မယုံ၊ ဘယ်သူ့ပုံလို့ ပုံရမှန်းမှန်း မသိ၊ ဗိုလ်နဲ့တပ်သား ပင်စင်စားနဲ့ လက်ရှိ ကိုယ်မချိ အမိသော်လဲ သားတော်ခဲတတ်တဲ့ ကိုယ့်စရိုက်နဲ့ကိုယ် ချည်မိတုပ်မိဖြစ်နေတဲ့ ဝိစိကိစ္ဆာနီဝရဏ။

နိုင်ငံရေးက မထွက်ချင်တဲ့ တပ်ရဲ့ မိုက်မဲမှု၊ လူအများကို အလွန်အကျွံ ညှဉ်းဆဲသတ်ဖြတ်နိုင်ရင် ဘယ်သူမှ မလှန်ရဲဘူးဆိုတဲ့ တပ်ရဲ့ အသိမှားမှု၊ အုပ်ချုပ်ရေး စီးပွားရေးမှန်သမျှ တတ်ကျွမ်းနားလည်တယ် ထင်တဲ့ တပ်ရဲ့ အဝိဇ္ဇာ၊ နိုင်ငံတကာကိစ္စရပ်များနဲ့ အပြည်ပြည်ဆိုင်ရာနဲ့ ကစားရမယ့်လူမျိုးရေးရာတွေကို နိုင်နင်းတယ်လို့ ကိုယ့်ကိုယ်ကိုယ် ထင်တလုံးဖြစ်တဲ့ စာမတတ်ပေမတတ် အမြော်အမြင်ငတ်တဲ့ စစ်ဗိုလ်ချုပ်များရဲ့ မဟာအဝိဇ္ဇာနီဝရဏ။

အဲဒီနီဝရဏ ၆ မျိုးလုံး တပ်ကို ဖုံးအုပ်လိုက်တော့ အပြန်အလှန်အားဖြင့် မြန်မာပြည်သူအားလုံး တိုင်းရင်းသားအားလုံးရဲ့ရင်ထဲမှာ တပ်ရဲ့ရုပ်သွင်ဆိုတာ မထင်နိုင်တော့။ နိုင်ငံရေးမှာလည်း တပ်ရဲ့ပုံရိပ် တံဆိပ်ရိုက်လို့ မရတော့။ စီးပွားရေးမှာလည်း တပ်ကို အော့နှလုံးနာ။ ပညာရေးလည်း ကမ္ဘာ့ဘေးရောက်အောင်လုပ်ထားတဲ့အတွက် ချီးထက် ရွံ။ ကျန်းမာရေးမှာတော့ အောက်ဆီဂျင်ပိုက်ကိုပါ လိုက်ဖြုတ်တဲ့တပ်လို့ တကမ္ဘာလုံးသိ။ ငြိမ်းချမ်းရေးမှာလဲ တစက်ချီးတောင် သုံးစားမရသမို့ တပ်ဆိုတာ မရှိမှ အားလုံးသော ဒုက္ခအဝဝ ပြေလည်ကြမယ်လို့သာ အကြွင်းမဲ့ယုံကြည်နေကြပါကြောင်း။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar