Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - မအလ လောဘချဉ်ခြင်းပြေဖို့ သေပေးနေရတဲ့အသက်တွေ

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - မအလ လောဘချဉ်ခြင်းပြေဖို့ သေပေးနေရတဲ့အသက်တွေ

(မိုးမခ) ဧပြီ ၂၈ ၊ ၂၀၂၃


အသက်ဂုဏ်ဝါ ကိုယ့်ထက်ကြီးက စည်းကပ်ခစား ရိုသေလေတဲ့။

ဒါ ဂါရဝမင်္ဂလာ။ ဘာကို ဂါရမလဲ သိဖို့အရေးကြီးတယ်။ ဘယ်သူ့ကို ဂါရမလဲ သိဖို့လိုတယ်။

စစ်တပ်ဆို တိုင်းပြည်ကို ဂါရတယ်။ ပြည်သူကို ဂါရတယ်။ ဥပဒေကို ဂါရတယ်။ 

ခုတော့ တိုင်းပြည်ကို နည်းပေါင်းစုံနဲ့ ဖျက်တယ်။ ပြည်သူကို ဘက်ပေါင်းစုံက ဒုက္ခပေးတယ်။ စစ်တပ်ဟာ ခြေဥကို ဦးထိပ်ပန်ဆင်တယ်ပြောပြီး ခြေဥမှာ ရွေးကောက်ပွဲနဲ့ပတ်သက်သမျှ ရွေးကော်ရဲ့အဆုံးအဖြတ်က အတည်ဖြစ်တယ်ဆိုတာကို မအလနဲ့တပ်က ကျော်ခွပြီး မဲစာရင်းမှားတယ်လုပ်ပြီး နိုင်ငံတော်အာဏာကို အချောင်အုပ်တယ်။ မတရားရယူတယ်။ အဲဒီမတရားမှုကို ဆန့်ကျင်သူ ပြည်သူတွေကို တပ်ကိုအသုံးချပြီး လိုက်သတ်ခိုင်းတော့ ကိုယ့်စစ်သားကျင့်ဝတ်စည်းကမ်းကို ဂါရမှာပါပျက်ပြီး ကိုယ့်တပ်ကို ဖျက်တဲ့အဆင့်ရောက်လာတယ်။ 

တပ်ကို ဘယ်သူမှ မမြင်ချင်တော့ဘူး။ တပ်ကို ဒီမြေမှာကို မရှိစေချင်တော့တာ။ လက်ရှိတပ်တင်မဟုတ်ဘူး၊ တိုင်းပြည်က တပ်ပင်စင်စားတွေကိုပါ မသထာနိုင်တော့တာ။ ကြီးတောင့်ကြီးမှ ရနေတဲ့ပင်စင်လစာလေးပါ ကွေးအုံးမှာ။ ခု ကိုယ့်ကာကွယ်မပေးတဲ့အပြင် ကိုယ့်ကိုပါ သတ်ဖြတ်လာတဲ့ စစ်ရာဇဝတ်ဂိုဏ်းတပ်ကို ရှင်းချင်လို့ ပြည်သူက ကိုယ့်ဘာသာ တပ်ထောင် တော်လှန်လာ။ ဒါ ဂါရဝထားရမယ့်ဟာကို မထားလို့ မရိုသေလို့ တိုင်းပြည်လဲ မဟာဒုက္ခ တွင်းဆုံးကျရ။ တပ်မိသားစုတွေလဲ ဘယ်လိုဆက်နေကြထိုင်ကြမယ်မသိ။ နန်စီလာတုန်းက မအလကို မြေးတွေရဲ့ရှေ့ရေးကို ဘယ်လိုစဉ်းစားလဲဆိုတာ မေးခွန်းထုတ်ထားခဲ့တယ်။

ဒီကောင်က တလွဲမာန်တက်နေတော့ မာနတံခွန် ဂုဏ်မကြွနဲ့ ကိုယ့်ကိုနှိမ့်ချ အမြဲနေဆိုတဲ့ ဂါရဝရဲ့နောက်ဆက် နိဝါတမင်္ဂလာပါပျက်တယ်။

ငါတို့ဟာ စတန်းဒတ် အာမီကြီးဆိုပြီး မာန်ကြွတယ်။ လက်နက်ခဲယမ်းအပြည့်ရှိတယ်ဆိုပြီး မာန်ဖီတယ်။ စစ်သည်အင်အား ငါးသိန်းရှိတယ်ဆိုပြီး မာန်ယစ်တယ်။ ရပ်ရှား တရုတ် ရှိတယ်ဆိုပြီး မာန်လုပ်တယ်။ ဆန္ဒပြသူတွေကို ခေါင်းချည်းပစ်တယ်။ လမ်းပေါ်တင် ရိုက်သတ်တယ်။ စစ်ကြောရေးတင်ပြီး နောက်တရက် အလောင်းလာပစ်တယ်။ ဘယ်သူမှ မတော်လှန်ရဲဘူးပေါ့လေ။ စစ်တပ်ထောက်ခံသူတွေကြည့်လိုက်ရင်ကို သူတို့လုပ်ရပ်ကို ထောက်ခံတာမဟုတ်ဘဲ ဒီတပ်ကြီးကို ဘယ်သူမှ နိုင်အောင်မတိုက်နိုင်ဘူးဆိုတဲ့အမြင်နဲ့ထောက်ခံနေကြတာသာ တွေ့ရတယ်။ ဂျင်နရေးရှင်းဇက်နဲ့ တွေ့တော့ လထွတ် မွတ်ကရော။ သေနတ်ဆိုတာ ဘယ်သူကပစ်ပစ် သေတာဘဲဆိုတာ ပြန်ပြလာတော့ ပျာယာခတ်ရော။ ခု တပ်တခုလုံး မြေလှန်ခံရနိုင်တယ်ဆိုတာ သိလာကြပြီလေ။ အရင်ကတော့ နှစ်ထောင်ထိ မသတ်ရပါဘူးလုပ်နေတာ။ ကိုယ်ကချည်း သတ်ရမယ်ထင်နေတာ။ ကိုယ်ဘဲ သတ်ခွင့်ရှိတာလို့လဲ တသက်လုံး ထင်နေခဲ့တာ။

ခုကတော့ စစ်တပ်ရှိနေသ၍ တော်လှန်ရေးရှိနေတော့မှာဆိုတာ အသေအချာ သိလာကြပြီလေ။ ပီဒီအက်ဖ်တွေက အားနေ တပ်ထဲကို လက်နက်ကြီးစမ်းနေကြပြီလေ။

လောဘအပို လိုမလိုက်နဲ့ ကိုယ်ထိုက်တာနဲ့ ကျေနပ်လေတဲ့။ သန္တုဋ္ဌိမင်္ဂလာ။

တပ်ဟာ ကိုယ့်ကာကွယ်ရေးအာဏာနဲ့ဆိုင်တာလောက်သာ မကျေနပ်နိုင်ဘဲ အုပ်ချုပ်ရေးအာဏာပါ ရချင်လို့ ဒီမင်္ဂလာပျက်နေတာ နှစ်၇၀ကျော်ပြီ။ ဒါ ယထာသာရုပ္ပ သန္တောသပျက်တာ။

ကိုယ့်အလုပ်နဲ့ ထိုက်တန်တဲ့လခလောက်နဲ့ မကျေနပ်နိုင်ဘဲ တနိုင်ငံလုံးရဲ့ အချမ်းသာဆုံးဖြစ်ချင်လို့ အုပ်ချုပ်ရေးအာဏာကို အပိုလောဘတက် ယထာလာဘ သန္တောသပျက်တာ။

ကိုယ့်ဉာဏ်မမီတဲ့ စီးပွားရေး၊ ပညာရေး နိုင်ငံရေး အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးတွေမှာပါ မလျော်ဩဇာစွက် မတော်လောဘတက်လို့ ပြည်ပျက်သလောက် ဖြစ်နေတာကြာပြီ။ ဒါ ယထာဗလ သန္တောသပျက်တာလေ။

ဒါတွေပျက်တော့ ကိုယ့်ပေါ်ပြုဖူး သူ့ကျေးဇူး အထူးသိတတ်စေဆိုတဲ့ ကတညုတာမင်္ဂလာက လိုက်ပျက်ရော။

ဒေါ်စုက နိုင်ငံရေးအရ အနစ်နာခံ အမုန်းခံပြီး ဒီပဲယင်းလူသတ်မှုကြီးကို သင်ပုန်းချေပေး။ မိုးကျရွှေကိုယ်တပ်ထွက်တွေကို မဖြုတ်ဘဲ ထားပေး။ ပြီးရင် တပ်နာမည်ကို အဖတ်ဆယ်ပေး၊ အဖတ်ဆယ်ခွင့် ဖန်တီးပေး။ ရင်ကြားစေ့ပေး။ ငြိမ်းချမ်းရေးပွဲတွေ လုပ်ပေး။ နောက်ဆုံး ကမ္ဘာမှာပါ နာမည်ပျက်ခံပြီး ICJမှာ လိုက်အမှုရင်ဆိုင်ပေး။ အဲသလောက် နိုင်ငံရေးဂုဏ်အပျက်ခံပြီးလုပ်ပေးနေတာတောင် မသိသား ဆိုးရွား ကန့်လန့်တိုက်ပြီး ပြုထားဘူးတဲ့ ဘယ်ကျေးဇူးတွေကိုမှ မထောက်၊ ဒီလောက်တပြည်လုံးက ကိုဗစ်ကို ထည့်မတွက်ဘဲ မဲ့ထွက်ပေးထားတဲ့ မျက်နှာတွေကိုလဲ မထောက်၊ ကောက် အာဏာသိမ်းလိုက်ရော။ ကျေးဇူးရှင်တွေအာဏာလုယက်ရုံမက  ဖမ်းဆီးထောင်ချလိုက်သေး။ ပြီးတော့ ကိုယ့်ရဲ့ မဟာ့မဟာကျေးဇူးရှင် ထမင်းရှင်ပြည်သူတွေကို ထင်သလို သတ်နေသေး။ ကိုယ်မွေးဖွားကြီးပြင်းရာ တိုင်းပြည်ကြီးကိုလဲ မီးတိုက်ဖြိုဖျက်နေသေး။ နောက်ဆုံး ကိုယ်အမှီပြု အသက်မွေးနေရတဲ့ တပ်ကြီးကိုပါ ဖျက်လိုက်သေး။ 

အလကားမတ်တင်း သူ့လောဘချဉ်ခြင်းပြေဖို့ ပေးလိုက်ရတဲ့အသက်တွေက တပ်ဘက် အရပ်ဘက် နှစ်ဖက်ပေါင်း မနည်းတော့။ စိတ်ဓာတ်ရေးရာ ထိခိုက်မှုပမာဏကတော့ တွက်လို့ကို မရနိုင်။ ကုစားလို့လဲ ဆုံးနိုင်မယ်မထင်ဘူး။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar