Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ထူးစွတမုံ့ ပြုံးတုံ့တုံ့ဖက်ဒရယ်

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ထူးစွတမုံ့ ပြုံးတုံ့တုံ့ဖက်ဒရယ်

(မိုးမခ) ဧပြီ ၁၅၊ ၂၀၂၃


အကျွန် ငါတို့ ဖက်ဒရယ်သည်ကား ထူးစွတမုံ့ ပြုံးတုံ့တုံ့ဖက်ဒရယ်ဟု ဆိုရပေတော့မည်။

ပဟိုရှေးတုန်းက ရှစ်ပြည်နယ်မူ ဟူသတည်း။ ခုကား ရှမ်းတပြည်နယ်တွင်ပင် ရှစ်ပြည်ထောင် မကနိုင်တော့။ ရှမ်းထဲက ဝ ဆိုလျှင် ဝ ပြည်မှ လှိုက်လှဲစွာ ကြိုဆိုပါ၏ဆိုင်းဘုတ်များ ဆေးတောင် ဘယ်နှစ်ခါ လဲပြီးလဲ မသိ။ ဝပြည် နိုင်ငံခြားဆက်ဆံရေးရုံးဆိုသဟာလဲ ကြာပြီ။ ငွေ စကား တပ် အကျွန် ငါတို့ ပြည်သူ ဘူနဲ့မှ မတူပေ။ သူ့နည်းတူ ကိုးကန့်လဲ တမျိုးဆန့်ပေလိမ့်မည်။ ပအိုးလဲ ရှမ်းတောင်၌ တခန်းထောင်လိမ့်မည်။ ပလောင်လဲ တဘောင်တည်အံ့။ ဓနုနဲ့ အင်းသားဆိုသဟာလဲ ရှိသေးသည်။

မြေနေရာ ခွဲခြမ်းစိပ်ဖြာရေးလဲ မခွဲတမ်းအိပ်ယာလေးချင်းဆက်၍ ဆွေးနွေးရပေအုံးမည်။ နို့မင့် သွေးနှင့်ရေးတဲ့ဖက်ဒရယ်မြေပုံဖြစ်လိမ့်မည်တကား။

ကချင်လည်း ကချင်အလျောက် လူမျိုးဗောက်သောက် ရှိပေသေးသည်။ အဲသည်မလဲ ဖက်ဒရယ်လက်ခွဲတွေ ကုပ်စီးတွေ ဒိုင်ချုပ်တွေနဲ့ ကိုင်လှုပ်ကြရပေအုံးမည်။ လီဆူပြည် ရဝမ်ဒေသ ရှမ်းနီနိုင်ငံတော် ဂျိမ်းဖောမြေ စသဖြင့်ပေါ့လေ။

ကရင်မှာရော၊ မည်သို့ လာမည်နည်း။ နယ်မြေဒေသ သတ်မှတ်ရေးကတော့ ဆွေးနွေးပွဲသံ ခြိမ့်ခြိမ့်ညံပေမည်ပ။ ချင်းလည်း ချင်းမို့၊ ရခိုင်တို့လည်း မည်သည့်နယ်နိမိတ်ထိ ကွန်ဖက်ဒရိတ်မည် မသိ။ အဲသည်မှာလည်း ရိုဟင်ဂျာတို့ ဒိုင်းနက်တို့ သက်တို့ကလည်း ထပ်ဆင့် ကွန်ဖက်ဒရိတ်ချင် ရိတ်ကြအုံးမည်။ စစ်ကိုင်းလည်း ကဒူး ကနန်း ရှမ်းနီနှင့်။ ချင်းနဲ့ နာဂ သဟာယမည်လား၊ ခွာကြမည်လား။ မန္တလေးနှင့်ရော တွဲ၍ ဗမာပြည်လုပ်မလုပ်။ မကွေးနဲ့ပါ ပြေးပြီး မဟာဗမာပြည်ထောင်စု လုပ်ကြမည်လား။ မမည်လား။ ရန်ကုန်ကို လူမျိုးပေါင်းစုံ ဘုံတည်မည်လား။ ပဲခူးကရော မွန်လား၊ ဗမာလား၊ ဘာလား ညာလား အဝှါလား။

နယ်နိမိတ် အထိအစပ်တွေက ဘယ်ပြည်ဆီ ပါမလဲ၊ ခွဲရေး တွဲရေး၊ ပေါင်းရေး ဂျောင်းရေး၊ ခေါင်ရည်လေး ထန်းရည်လေး ဘီယာလေး ချက်ကရီးလေး သောက်ရင်း ဆွေးနွေးရမှာတွေ အများသားပင်။

တချို့လည်း ဘယ်ပြည်မှ မပါဘဲ တရွာ တပြည် ဆောက်ချင်ကြအုံးမည်။ ပြီးမှ သဘောချင်း နှောရာပြည်ရွာတို့နှင့် မဟာမိတ်ဖွဲ့သော်ဖွဲ့၊ ဖက်ဒရေးရှင်းသတ်သတ် လုပ်လိုသူတွေ ရှိကြအုံးမည်။ တချို့လည်း အုပ်ချုပ်သူမရှိတဲ့ဝါဒကိုလည်း နှစ်သက်၊ စစ်မက်လည်း မဖြစ်လို၊ စစ်တပ် ဆိုသည်ကိုလည်း မထား၊ သူတပါးကိုလည်း မအုပ်၊ ငါ့လည်း လာမအုပ်နဲ့ ဝါဒကျင့်သုံး၍ ကိုယ့်အိမ်သာ ကိုယ့်ပြည် တည်ချင်သူတွေလည်း ရှိအုံးမည်။ ထိုနည်းတူ ဘာသာရေးဂိုဏ်းများလည်း အပြိုင်းပြိုင်း ပေါလာပြီး ကိုယ့်အုပ်စုနဲ့ ကိုယ့်နိုင်ငံ စိုးစံချင်သူများလည်း ရှိအုံးမည်။ ယင်းနှင့်အပြိုင် ဘာသာမဲ့နိုင်ငံတော်များလည်း လာအုံးမည်။ ဘယ်သူတင် မတင်တင်၊ မအုပ်ချုပ်ရရင်ကို ထမင်းမဝင်သည့် မပြတ်အုပ်ချင်သည့် တပ်ပြုတ်ဘုရင်တို့ကလည်း ကိုယ့်ဇာတ်ထုပ်နှင့်ကို ကဖို့ တပ်ပြုတ်နိုင်ငံ၊ စိမ်းပုတ်ပြည်တွေ တည်ကြချေအုံးမည်။ ငါတို့ တပါတီသာ ရှိရမည်ဆိုသည့် မဟာကွန်မြူနစ်ရွာတွေလည်း အဖြာဖြာ ပေါ်လာအုံးမည်။ မဟုတ်ရင် သူတို့လည်း ဘယ်တော့မှ အာဏာရဖူးတော့မည် မဟုတ်ချေ။

ဤတွင်၍ ဖက်ဒရယ်သစ်ဖြစ်နိုင်ပုံကျမ်းကြီး အဆုံးသတ်သတည်း။

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar