လှကျော်ဇော - အရှေ့ပိုင်းဆေးရုံကြီးမှာ တာဝန်ထမ်းခဲ့စဉ်က
လှကျော်ဇော - အရှေ့ပိုင်းဆေးရုံကြီးမှာ တာဝန်ထမ်းခဲ့စဉ်က
(မိုးမခ) ဧပြီ ၁၉ ၊ ၂၀၂၃
ကျွန်မ ၁၉၇၀ ပြည့်နှစ် ဆေးတက္ကသိုလ် (၁) က (M.B.B.S) ဘွဲ့ရခဲ့ပြီး တနှစ်ကြာ အလုပ်သင် ဆရာဝန်အဖြစ် ရန်ကုန်တမြို့လုံးက ဆေးရုံတွေ၊ ဆေးပေးခန်းတွေမှာ လှည့်ပတ်တာဝန်တွေ ထမ်းပြီးနောက် ၁၉၇၂ ခုနှစ်မှာ ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီးမှာ လက်ထောက်ဆရာဝန်အဖြစ်ရောက်ရှိသွားပါတယ်။
အဲဒီရောက်ပြီး မကြာမီမှာပဲ ဆရာဝန်တွေအတွက် ပေးတဲ့ အိမ်ခန်း လေးရပါတယ်။ ဧည့်ခန်းလေးနဲ့အိပ်ခန်း ၂ ခန်းပါ အိမ်သာ၊ ရေချိုးခန်း၊ မီးဖိုချောင် စတာတွေပါတဲ့ အိမ်ခန်းလေး တဆောင်ပါ။
အဲဒီကာလက ကျွန်မမောင် ၂ ယောက် (အောင်ကျော်ဇောနဲ့ ကျော်ဇောဦး)က မြေနီကုန်းမှာ စာအုပ်အရောင်းဆိုင်လေးတဆိုင် ဖွင့်ထားပါတယ်။ သူတို့ရဲ့အကူအဖြစ် စိုးချစ်ထွန်း(ဗိုလ်မှူးချစ်ကောင်းသား)လည်း ရှိနေပါတယ်။ စိုးချစ်ထွန်းရဲ့ ကျန်မိသားစု ၃ ယောက် (ဒေါ်ခင်မျိုးညွန့်နဲ့ သမီးလေး နှစ်ယောက်)က လောလောဆယ် နေစရာမရှိတဲ့အဖြစ်နဲ့ တိုးတဲ့အခါ ကျွန်မမောင်တွေက ကျွန်မဆေးရုံကအိမ်ကို ခေါ်ချလာပါတယ်။ ဒီလိုနဲ့ ကျွန်မ သူတို့ သားအမိ ၃ ယောက် နဲ့အတူ ကာလတပိုင်းနေခဲ့ရပါတယ်။
အဲဒီအရှေ့ပိုင်းဆေးရုံဟာ (အခုတော့ မသိ) အဲဒီတုန်းက လူနာအစုံတင်လို့ရတဲ့ ဆေးရုံပါ။ ပြင်ပလူနာခန်းရော အရေးပေါ် (၂၄ နာရီဖွင့်တဲ့)လူနာခန်းရော ရှိပါတယ်။ အတွင်းလူနာဆောင် ၄ ဆောင်ရှိပြီး အတွင်းရောဂါခန်း၊ ခွဲစိတ်လူနာခန်း မီးယပ်နဲ့ သားဖွားခန်း ကလေးလူနာခန်းများပါ။ ဒီတော့ ဘယ်လိုမျိုး လူနာဖြစ်ဖြစ် ပြသဖို့၊ ကုသဖို့ အဆင်ပြေလှပါတယ်။ ကျွန်မက နိုင်ငံရေးသမား (အထူးသဖြင့် လက်ဝဲသမားများ) အတော်များများကို အဲဒီဆေးရုံတင် ကုသပေးဖူးပါတယ်။အားလုံးနီးပါးကလည်း စီးပွားရေးအရ ခက်ခဲကြသူများပါ။
ဒေါက်တာဆင်ဖိုး(ဆရာကြီး မှိုင်းရဲ့သမားတော်ကြီး)က ကမာရွတ် လှည်းတန်းမှာ ဆေးခန်းဖွင့်ပြီး အဲဒီနိုင်ငံရေးသမားများကို အခမဲ့ကြည့်ပေးပြီး ဆေးရုံတက်ကုဖို့လိုရင် ကျွန်မဆီ ရောက်လာတာပါပဲ။ ဒေါ်ဒေါ် ဒေါ်ခင်မျိုးညွန့် ကျွန်မနဲ့ လာနေတော့ အဲသလိုလူတွေအတွက် ပိုအဆင်ပြေသွားတော့တာပေါ့။
အဲဒီကာလ မဆလ က-၁၉၇၄ ဖွဲ့စည်းအုပ်ချုပ်ပုံကို အတည်ပြုဖို့လုပ်နေချိန်မို့လို့ နိုင်ငံရေးအရလည်း နည်းနည်းအလျှော့ပေးထားတဲ့ကာလ ဖြစ်တာကြောင့် ကျွန်မ ကူညီပေးနိုင်နေတာပါ။၁၉၇၄ ခုနှစ် ကိုးကိုးကျွန်းက ရဲဘော်များ ပြန်လည်လွတ်မြောက်လာတော့ ကျွန်မဆေးရုံအိမ် လူပိုစည်ကားပါတော့တယ်။
ရန်ကုန်မှာ နေကြတဲ့ ကျွန်းပြန်များရော၊ နယ်ပြန်ကြမယ့်လူများရော ဒေါ်ဒေါ်ကို လာနှုတ်ဆက်ကြတာရော၊ တချို့လည်း ကျွန်းကပါလာတဲ့ ရောဂါတွေ ဆေးကုသခံဖို့ရော အစုံပါပဲ။ အဲဒီအချိန်က ဆေးကုသမှုက အခမဲ့ပါ။ ဒါကြောင့် ရဲဘော်တွေကို အများကြီးကူညီနိုင်ခဲ့ပါတယ်။ အဲသလို ရဲဘော်များကို ရေရှည်ကူညီနိုင်ဖို့ (မဆလရဲ့ ထောက်လှမ်းရေးကွန်ရက် ရေဒါအောက်မှာ) အများကြီး ဂရုစိုက်နေရတာပါ။ ဒါကို တချို့သူများက သဘောပေါက် နားလည်နိုင်ကြပေမယ့် တချို့ကျတော့လည်း အထင်အမြင်လွဲမှားမှုတွေ ရှိခဲ့ပါတယ်။
ကြုံလို့ အဖြစ်အပျက်တခု ပြောပြပါဦးမယ်။
အဲဒီကာလအတွင်း ဒေါ်ဒေါ်ဒေါ်ခင်မျိုးညွန့်က (သွေးဆုံးကာလ ဂယက်ရိုက်မှုနဲ့) သွေးသွန်ပါတယ်။ ဒီတော့ ကျွန်မက အဲဒီဆေးရုံက မီးယပ်နဲ့သားဖွားပါရဂူ(O.G) ဒေါ်ခင်နီနီနဲ့ ပြပေးပါတယ်။ သားအိမ်ခြစ်ဖို့ ပြောပြီး ရက်ချိန်းပေးလိုက်ပါတယ်။ အဲဒီနေ့က ကျွန်မက အပြင်အရေးပေါ်အခန်းမှာ နေ့လယ် တာဝန်ကျပါတယ်။ (နေ့လယ် ၂ နာရီ- ည ၈ နာရီ)အထိပါ။ သားအိမ်ခြစ်ဖို့ ဒေါ်ဒေါ်ကိုမေ့ဆေးပေးရတာဖြစ်တော့ သတိရလာတာနဲ့ ထိုးအန်ပါတော့တယ်။ အန်တာ နည်းနည်းများဟန်တူပါတယ်။ ညနေပိုင်း လာလူနာမေးကြတဲ့အထဲပါတဲ့ ကိုတင်မောင်ဝင်း(ကိုးကိုးကျွန်းပြန်၊ တောတွင်းကျဆုံး)က ကျွန်မကို လာခေါ်ပါတယ်။ ဒီတော့ လူနာတွေရှိနေလို့ ကျွန်မက ဖုန်းဆက်လိုက်မယ်လို့ ပြောလိုက်ပြီး အဲဒီမီးယပ်ဆောင် ဖုန်းဆက်ပြီး အခြေအနေ မေးပါတယ်။ တာဝန်ကျနေတဲ့ အလုပ်သင်ဆရာဝန်လေးက ဘာမှ စိတ်မပူဖို့နဲ့၊ အိုဂျီကိုယ်တိုင် ကြည့်သွားပြီးပြီလို့ ပြောပြီး သူ ဆေးထိုးပေးပြီဆိုတဲ့အကြောင်း ပြောပါတယ်။
သိပ်မကြာခင်မှာပဲ၊ ကျွန်မ လူနာတယောက်ကြည့်နေတုန်း—
"လှလှ ဒေါ်ဒေါ် ဒီလောက်အန်နေတာ လိုက်မကြည့်ဘူးလား။ တင်မောင်ဝင်းလည်း လာခေါ်ပြီးပြီဆို၊ အခုလိုက်ခဲ့"
ဆိုပြီး ဒေါသသံနဲ့ ပြောသံကြားလိုက်လို့ မော့ကြည့်လိုက်တော့ ကိုကျော်လှိုင်ကြီးရယ်။
ကိုကျော်လှိုင် ဆိုတာ နိုင်ငံရေးအကျဉ်းသမားဟောင်း ၊ထောင်က လွတ်ပြီး ရခိုင်ဘက် တောခိုအသွား ငှက်ဖျားဖြစ်၊ ငှက်ဖျားပိုး ဦးနှောက်ထဲ ရောက်သွားလို့၊ ရခိုင်ရဲဘော်များက မိဘများနဲ့ ဆက်သွယ်ပြီး ရန်ကုန် ပြန်ပို့ထားရသူ။ မဆလခေတ် ဗိုလ်နေ၀င်းက ကနေဒါသံအမတ်ကြီးအဖြစ် ခန့်အပ်ခြင်းခံရတဲ့ ရခိုင်နိုင်ငံရေးသမားကြီး ဦးညိုထွန်း သား၊ ဖခင်မျက်နှာနဲ့ ရန်ကုန်က ရုပ်ရှင်ရုံတရုံမှာ မန်နေဂျာအလုပ် ရထားတာ၊ နိုင်ငံရေးအရတော့ အတော်ပြတ်သားသူပါ။ ဖခင်ရဲ့တိုက်ပေါ် မနေဘဲ အိမ်နောက်ဘက်က လုပ်သားတန်လျားမှာပဲနေ၊ ရသမျှ လခကိုလည်း ကျန်ရဲဘော်များကိုပဲပေးကျွေးနေသူ။ ဒါပေမဲ့ ခက်တာက သူ့အဖေက သူ့သားဦးနှောက်ပြဿနာကို ဗိုလ်နေ၀င်းကိုတိုက်ရိုက်ပြောထားလို့ သူက ဘေးမဲ့ဖြစ်နေပေမယ့် ကျန်ရဲဘော်များက သူ့ကို ဆက်ဆံတဲ့အခါအများကြီးသတိထားရပါတယ်။ သူ့ဦးနှောက်က တချက်တချက် ဖောက်လာရင် ပြောသင့်၊ မပြောသင့် မရှိ ပြောချင်ရာတွေကို အော်ကြီးဟစ်ကျယ် ပြောတတ်ပါတယ်။
အရင်တပတ်ကပဲ ပြဿနာတခု ပေါ်ထားတာပါ။ သူက ဒေါ်ဒေါ်ဆီ ရောက်လာပြီး သူ့ကို တချို့ရဲဘော်တွေက မမြင်ချင်ယောင်ဆောင်သွားတယ် ဆိုပြီး စိတ်ဆိုးမာန်ဆိုး အော်ကျယ်ဟစ်ကျယ်ပြောလာလို့၊ ဒေါ်ဒေါ်က သူ့ကို ဘေးက တခြားဆရာဝန်အိမ်တွေ ကြားမှာစိုးလို့ စကားကိုတိုးတိုးပြောဖို့နဲ့ ကျွန်မ ဆေးရုံအိမ်ကို သိပ်မလာဖို့ ပြောမိသတဲ့။ ဒီတင် သူက ပိုစိတ်ဆိုးသွားပြီး "ဒေါ်ဒေါ် ဒါ လှလှက ဒေါ်ဒေါ်ကို ပြောခိုင်းတာလား။ ဟုတ်လား။ ကျွန်တော် အခုပဲ ဗိုလ်ချုပ်ကို သွားတိုင်မယ်။ (ဖေဖေ့ကို အဲဒီလူတွေအများစုက ဗိုလ်ချုပ်လို့ပဲ ခေါ်ပါတယ်။) ဗိုလ်ချုပ်သမီးက ကျွန်တော်တို့လူတွေကို ဒီလို သဘောထားတယ်လို့ သွားကိုတိုင်ပစ်မယ်" ဆိုလို့ ဒေါ်ဒေါ်ခမျာ မဟုတ်ရပါဘူး။။တခြားရဲဘော်တွေက လှလှက အစိုးရ၀န်ထမ်းဖြစ်လို့ ထိခိုက်မှာစိုးလို့ သတိပေးထားလို့ပါလို့ ပြောပြီး မနည်း တောင်းပန်ရသတဲ့။ အဲဒီနေ့ကတဲ့၊ သူ ရောဂါထလာတယ် ထင်တယ်။ ရေဘုံဘိုင်အောက် ခေါင်းကြီးထိုး ခေါင်းလျှော်ပြီး ဆရာဝန် ပေးထားတာတဲ့ ဆေး ၎-၅ လုံး သောက်ပြီးမှ နည်းနည်းငြိမ်သွားတယ်။ သနားတော့ သနားစရာပဲလို့လည်း ဒေါ်ဒေါ်က ပြန်ပြောပြထားပါတယ်။
ဒါ့ကြောင့် ကျွန်မက သူ့ကို မြင်လိုက်တော့ အဲဒါတွေ သတိရလာပြီး သူ ရောဂါများ ထပြန်သလားမသိ ဆိုပြီး(သနားစိတ်လည်း ပါပါတယ်။)
"ဪ၊ ဟုတ်တယ်။ အခုနက လူနာတွေရှိလို့၊ အခုလိုက်ခဲ့မယ်" လို့ ပြောလည်းပြော၊ သူ့နောက်ကိုထလိုက်သွားလိုက်ပါတယ်။ တော်ကြာ ဒေါသဖြစ်ပြီး တောပြောတောင်ပြောမှာလည်း စိုးရသေးတယ်လေ။
ကြည့်လက်စ လူနာကိုတော့ ဆေးပေးဖို့ သူနာပြုကို မှာထားခဲ့ပါတယ်။
ဒေါ်ဒေါ်က ကျွန်မ ရောက်သွားတော့ အတော်ကောင်းနေပါပြီ။ ဒါကြောင့် ဆေးရုံဆင်းဖို့ စီစဉ်ပေးပြီးအဲဒီလူနာတင်လှည်းကို သူတို့တတွေပဲ ဝိုင်းတွန်းပြီး ကျွန်မအိမ်ကို လိုက်ပို့ကြပါတယ်။
နောက်နေ့ ကျွန်မ အလုပ်တက်တော့ သူနာပြုမှူး(စစ်စတာလို့ ခေါ်) ကြီးက ကျွန်မကို လက်တို့ပြီး ဒီလို မေးပါတယ်။
"နေစမ်းပါဦး ဒေါက်တာရဲ့။ မနေ့က အင်မာဂျဲန်စီ(အရေးပေါ်ဆေးခန်း)မှာ ဒေါက်တာကို လူတယောက်က ငါ့နောက်လိုက်ခဲ့ လို့ ခေါ်တာနဲ့ ဒေါက်တာက နောက်က ကုပ်ကုပ်ကုပ်ကုပ်နဲ့ ပါသွားဆို၊ဘယ်သူလဲ"တဲ့။
(စကားများ အဲသလိုချဲ့ကြ-ကားကြတာ။)
ကျွန်မက ရယ်ရယ်မောမောနဲ့ "အာ... အမျိုးတွေပါ၊ ကိုယ့်အိမ်မှာနေတဲ့ ကိုယ့်အဒေါ် သိတယ်မဟုတ်လား။ (ဒေါ်ခင်မျိုးညွန့်ကို ကျွန်မက အဒေါ် လို့ ဆေးရုံမှာ ပြောထားပါတယ်။) အဲဒါမနေ့က D-n-C(သားအိမ်ချစ်ရတာ)လုပ်ရတယ်လေ။ အဲဒါ လုပ်အပြီး အန်လို့ သူတို့တတွေစိတ်ပူနေကြပြီး ကိုယ့်လာခေါ်တာ" လို့ ပြောလိုက်ရပါတယ်။
ကဲ- ကျွန်မမှာ ဘယ်ဘက်မှ မသက်သာပါဘူး။
ကျွန်မ ဒီဆောင်းပါးကို ရေးတာ အကြောင်းရှိပါတယ်။
အခုတလော စစ်ကောင်စီရဲ့ ရက်စက်မှုကြောင့် ပြည်သူလူထုကြီး တရပ်လုံး စိတ်နှလုံး ပူဆွေးနေကြရတာ တွေ့ရတော့ ဒီစစ်အုပ်စုကို တိုက်တဲ့ တိုက်ပွဲများအတွင်း ကျဆုံးကုန်ကြတဲ့ ကိုယ့်ရဲဘော်တွေကို သတိရတာလည်း ပါတယ်။ ဒီနေ့မနက် (၁၇-၄-၂၀၂၃) မိုးမခမှာ တင်ထားတဲ့ ဆရာကြီးမောင်စွမ်းရည်ရဲ့ 'ကျော်ဇောဦး အလွမ်းစာ'ဆိုတဲ့ ဆောင်းပါးကို တွေ့လိုက်ရလို့ တချို့အချက်လေးတွေ ရှင်းပြချင်တာလည်း ပါပါတယ်။
ကျော်ဇောဦး ဆိုပြီး ဦး ဆိုတာပါလို့ သူ့ကို သားဦးလို့ ထင်တတ်ပါတယ်။ သူက အငယ်ပါ။
ဒါ့အပြင် ကျွန်မမောင်တွေက သူတို့အသိမိတ်ဆွေ ရဲဘော် လူနာဟူသမျှ ကျွန်မဆီ အမြဲခေါ်လာတတ်တာ။ တခါတလေ မအားလပ်တာ၊ တခါတလေ (နိုင်ငံရေးအရ) သတိထားနေရတဲ့ အချိန်တွေနဲ့ တိုးရင် ကျွန်မ ဆက်ဆံရေး အဆင်မပြေ ဖြစ်တတ်ပါတယ်။ ဒီအတွက် ဆရာ အစာမကြေ ဖြစ်နေပုံရပါတယ်။ အဲဒီကာလ ကျွန်မရဲ့ အခက်အခဲတွေနဲ့ ကျွန်မ အနေအထားကို ပြောပြချင်တာပါ။
ဆရာဟာ ဆရာကြီးမှိုင်းအတွက် ကဗျာတွေ အများကြီး ရေးပေးဖူးပါတယ်။ ဒါ့အပြင် ဆရာ့ရဲ့ 'အနီနဲ့ အပြာ'ကဗျာစာအုပ်ဟာ ကျွန်မတို့ အလွန်သဘောကျ နှစ်ခြိုက်ခဲ့ရတဲ့ စာအုပ်ပါ။ ကဗျာဆရာတွေအပေါ် ကျွန်မ အမြင် မကြည်လင်တာ မရှိခဲ့ပါဘူး။ ဒါကိုလည်း ကျွန်မကပြောပြချင်ပါတယ်။
ဘာပဲဖြစ်ဖြစ် ဆရာ့ကို (ဒီလိုအမြင် ဖြစ်သွားရတဲ့အတွက်) ဒီနေရာကနေ အနူးအညွတ် တောင်းပန်လိုက်ပါတယ်။
လှကျော်ဇော
၇-၄-၂၀၂၃။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar