Breaking News

မျိုးသန့်ထွန်း(စစ်ကိုင်း) - မြန်မာ့ဝန်ကြီးချုပ်‌တဦး၏ စာဖတ်ခန်း

မျိုးသန့်ထွန်း(စစ်ကိုင်း) - မြန်မာ့ဝန်ကြီးချုပ်‌တဦး၏ စာဖတ်ခန်း

(မိုးမခ) ဧပြီ ၁၂ ၊ ၂၀၂၃


မြန်မာ့ဝန်ကြီးချုပ်တဦး ဆိုတော့ လွတ်လပ်တဲ့ မြန်မာနိုင်ငံ၏ ပထမဦးဆုံး ဒီမိုကရေစီဝန်ကြီးချုပ်ဦးနု (၁၉၀၇-၁၉၉၅)ဆိုတာ အခုခေတ်လူငယ်‌တွေကို‌ ပြောမှ သိမှာပါ။ 

ဦးနု ဆိုတာ သိလား မေးရင် ယနေ့ လူငယ် သိတဲ့သူ ရှားသွားပြီ။ 

တခါက မြန်မာ့လွတ်လပ်ရေးစာချုပ် ဖြစ်တဲ့ နု-အက်တလီစာချုပ်ကို ဦးနု အိမ်မှာ ချုပ်တယ်လို့ မိဒီယာသမားတယောက် ပြောသွားတာကို ကြားလိုက်တာ နဖူးချွေးပြန်သွားတယ်။ ကိုယ်မှာ Media အမျိုးသမီးလေးကို ခေါ်ကာ မနည်းတားယူရတယ်။ ဒီအဖြစ်အပျက်က တကယ့်အဖြစ်အပျက်တခုပါ။ ယုံ‌တမ်းစကား မဟုတ်ပါဘူး။  ဒါဟာ မဆလ(ဗိုလ်နေဝင်း) က ဦးနု၏ နိုင်ငံရေးကို သားကြောဖြတ်ခံလိုက်တာပဲလို့ သခင်တဦးက ပြောဖူးတယ်။ သမိုင်းအမှန် မသိရင်တော့ နိုင်ငံလုံးပါးပါးခံရနိုင်ပါတယ်။

ဟုတ်ကဲ့... ဦးနုဟာ နု-အက်တလီစာချုပ်နဲ့အတူ မြန်မာနိုင်ငံကို လွတ်လပ်တဲ့နိုင်ငံအဖြစ် ရယူပေးခဲ့သူ ဖြစ်ပါတယ်။ သူဟာ အများသိတော်မူတဲ့အတိုင်း နိုင်ငံ့ဝန်ကြီးချုပ် စာသမားပေသမား၊စာရေးဆရာကြီးတဦး ဖြစ်ပါတယ်။ မြန်မာ့ ဝန်ကြီးချုပ်တွေအထဲမှာ စာသမား ပေသမားဟာ ရှားပါးလွန်းလှပါတယ်။ တကယ်လည်း မရှိပါဘူး။ ဟိုယောင် ဒီယောင်း စားဖားတွေ များလှပါတယ်။ ကမ္ဘာမှာတော့ အများကြီး ရှိပါတယ်။ ထို့အတူ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် ပဏ္ဍစ်နေရူး ဆိုရင် ပညာတတ် စာသမားပါပဲ။ ဒါကြောင့် ဦးနုနဲ့ ပဏ္ဍစ်နေရူးတို့ဟာ  လိုက်ဖက်ညီတဲ့ ပြည်သူချစ်ခေါင်းဆောင်တွေပါ။ ဒါပင်မက ဦးနုက တရုတ်က ဝန်ကြီးချုပ် ချူ 'ကို'ချူ'လို့ ခေါ်တယ်။ တရုတ်ဝန်ကြီးချုပ် ချူကလည်း ဦးနု ကို " နု"  တလုံးတည်း ခေါ်ရလောက်ထိ ချစ်ခင်ရင်းနှီးကြတာ အိမ်နီးချင်းနိုင်ငံရေးသမိုင်းမှာ အထင်ရှားရှိတယ်။  

ဦးနု အုပ်ချုပ်တဲ့ကာလမှာ ဗမာပြည်ရဲ့ ရန်ကုန်တက္ကသိုလ်ကြီးဟာ အရှေ့တောင်အာရှမှာ နံပါတ်တစ်ပဲ။ ဦးနု အစိုးရခေတ်က ရန်ကုန်တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူတွေအထဲမှာ ပြည်ပနိုင်ငံ လာရောက်တက်၊ ပညာသင်ကြားတဲ့သူတွေ အများအပြားရှိခဲ့တယ်။ 

စင်ကာပူဝန်ကြီးချုပ် လီကွမ်ယူ ဆို ရန်ကုန်တက္ကသိုလ်ကျောင်းထွက်ပါ။ သူ့နိုင်ငံ မြို့တည်တော့ ဦးနုခေတ်က ရန်ကုန်မြို့‌တော်ကို နမူနာယူပြီး တည်တယ်လို့ ဆိုပါတယ်။  ဦးနုက တိုင်းပြည်ကို ဘယ်လောက် တိုးတက်ဖွံ့ဖြိုးအောင် လုပ်မယ်လို့ ပြည်တော်သာ  စီမံကိန်းတွေ ချမှတ်နေတဲ့အချိန်မှာ ပြည်ဖျက်တဲ့သူ ဝင်ခဲ့ပါတယ်။ ထိုပြည်ဖျက်တဲ့သူက ၆၂ ခု အာဏာသိမ်းယူခဲ့တဲ့သူပါပဲ။ (အပြုသူရှိရင်း ဖျက်တဲ့သူ ရှိစမြဲပါပဲ)။  ဒါပေမဲ့ ၁၉၆၂ ခုနှစ် အရောက်မှာအာဏာရှင် ဗိုလ်နေဝင်းကြောင့် မြန်မာပြည်ကြီးဟာ ကမ္ဘာအလယ်မှာ အဆင်းရဲအဆုံးနိုင်ငံ ဖြစ်ခဲ့ရတယ်။ 

ဦးနုဟာ တက္ကသိုလ်ကျောင်း မရောက်ခင်ကတည်းက ပြဇာတ်တွေ ရေးခဲ့သူပါ။ တက္ကသိုလ်ကျောင်းတက်တော့လည်း ကျောင်းစာကြည့်တိုက်ထဲက မခွာတတ်တန် ကမ္ဘာ့စာပေတွေ လေ့လာနေခဲ့တဲ့သူ ဖြစ်ပါတယ်။ ဦးနုဟာ တက္ကသိုလ်ကျောင်းသားဘဝ ရောက်ချိန်မှာ တဘက်က နိုင်ငံရေးအလုပ်ကို လုပ်ရင်း ကျန်တဘက်က စာရေးဆရာအလုပ်ကို လုပ်ပါတယ်။ 

ဒါကြောင့် ဦးနု သမီး ဒေါ်စန်းစန်းနုက " ဖေဖေက ဘယ်လောက် အလုပ်ရှုပ်ပါစေ၊ ရတဲ့အချိန်လေးမှာ စာရေးနေတာပဲ"လို့ ပြောပါတယ်။ အလုပ်တွေများတဲ့ကြားက "စာရေးတာဟာ ဖေဖေ့ရဲ့ နေ့စဉ် အကျင့်ဖြစ်သွားတယ် ထင်တယ်"လို့ ထပ်ပြောပါတယ်။ ဝန်ကြီးချုပ်ဘဝမှာလည်း ပြဇာတ်တွေ၊ ဘာသာရေးစာတွေ စတာတွေကို အလုပ်ရှုပ်တဲ့ကြားထဲက ရေးနေတာပဲ လို့ သမီးဖြစ်သူ ဒေါ်သန်းသန်းနုက ပြောပါတယ်။ သူတို့ဟာ "စာရေးတဲ့နေရာမှာ ဖေဖေရဲ့ ခြေဖျားတောင် မမီနိုင်ဘူး"လို့ ဒေါ်သန်းသန်းနုက ပြောဖူးပါတယ်။ 

အန်တီသန်းသန်းနုက "အခု ပြတိုက်လုပ်ထားတဲ့ အိမ်မှာ ဖေဖေ စာဖတ်အခန်းသီးသန့်၊ ဘုရားခန်းသီးသန့်‌ရှိပါတယ်။ ဖေဖေအိမ်ခန်းနဲ့ ဘုရားခန်းကြားက အခန်းဟာ ဖေဖေစာကြည့်ခန်း"လို့ ပြောပါတယ်။ ဖေဖေ့ဘုရားခန်းနဲ့ စာကြည့်ခန်းတွေကို မေမေေက ဖေဖေ(ဦးနု)အတွက် အထူးသီးသန့် လုပ်ပေးပါတယ်။"

ဦးနု ရဲ့ စာကြည့်အခန်းမှာ ကမ္ဘာစာပေ၊မြန်မာစာပေစတဲ့ စာအုပ်တွေ အစုံရှိတယ်လို့ ဒေါ်သန်းသန်းနုက ပြောပြပါတယ်။ ဦးနု၏ စာကြည့်ခန်းလှေကားသေးသေးလေးတခု ရှိတယ်။

စာအုပ်စင်က စာအုပ်တွေကို အဲဒီလှေကားလေးနဲ့ တက်ယူရပါတယ်။ နိုင်ငံတကာ စွယ်စုံကျမ်းတွေက ဦးနုရဲ့ လက်စွဲလို့ ဒေါ်သန်းသန်းနုက ဆက်ပြောပါတယ်။ Encyclopedias Britannia တွေနဲ့  World Alac တွေ၊ ကိုးရမ်းကျမ်း၊The Bible ကျမ်းတွေစတဲ့ သရေဖုံး စာအုပ်တွေက ဦးနု စာကကြည့်ခန်းမှာ မင်းမူလျက်ရှိပါတယ်။ ဗုဒ္ဓဘာသာကျမ်းကြီး၊ ကျမ်းငယ်တွေက သူ့စာရေးစားပွဲရှေ့မှာ ခစားနေကြပါတယ်လို့ အန်တီစန်းက ပြောပြဖူးပါတယ်။ 

တခါ သမီးကြီး(အန်တီစန်း-တက္ကသိုလ်ကျောင်းသူဘဝက)ကို ဦးနုက ပြောပါတယ်။ 

"ဖေဖေရဲ့ စာအုပ်စင်တွေထဲက စာအုပ်တွေကို သမီး မဖတ်ချင်ဘူးလား"လို့ မေးပါတယ်။ သမီးဖြစ်တဲ့ ဒေါ်စန်းစန်းနုက "ဖေဖေကလည်း သမီးက အဲဒီစာအုပ်တွေ ဖတ်ရတာ ပျင်းစရာကြီး"လို့ပြန်ပြောလိုက်ပါတယ်တဲ့။ 

ဦးနုက "သမီး ဖေဖေက အဲထဲက စာအုပ်အားလုံးကို ဖတ်ပြီးပြီ။ ပြန်လည်း ပြောပြလို့လည်း ရကြောင်း"ပြောပြတော့ အန်တီစန်း က အံ့ဩကာ သူ့‌အဖေကို ငေးကြည့်မိတယ်လို့ ပြောပြပါတယ်။

ဖေဖေဟာ အဲဒီလောက်အထိ စာဖတ်တာ အဲဒီကျမှ သိတယ်လို့ ဆိုပါတယ်။ ဟုတ်တာပေါ့။ ဦးနုဟာ ဘာသာပြန်စာပေအသင်းကို ထူထောင်ပေးခဲ့သူ မဟုတ်ပါလား။ အဲဒီ ဘာသာပြန်စာပေအသင်းကြီးက ဦးနုကိုတောင် အသင်းရဲ့ ဥက္ကဋ္ဌ တင်မြှောက်လိုက်ကြသေးတယ်လေ။ ဒီအသင်းဟာ ကမ္ဘာ့စာပေတွေထဲက ကောင်းနိုးရာရာကို ဘာသာပြန်ပေးခဲ့တယ်။ အဲဒီစာအုပ်တွေ ရိုက်ပြီးကျောင်းတွေ၊ စာကြည့်တိုက်တွေကို အခမဲ့ဝေပေးလိုက်သေးတယ်။ ဒီအသင်းကနေ မြန်မာ့စွယ်စုံကျမ်း (၁၅) တွဲ ထွက်ခဲ့တယ်လေး။ ဦးနုက မြန်မာ့စွယ်စုံကျမ်းကို သူ့ အမြတ်နိုးဆုံးပဲလို့ "တာတေ"စာအုပ်မှာ ရေးသားထားတာ ဖတ်ဖူး မှတ်သားရပါတယ်။

အဲဒီအချိန်က မြန်မာ့စွယ်စုံကျမ်း ပထမတစ်တွဲ၊ နှစ်တွဲကို အင်္ဂလန်မှာ ပုံနှိပ်ပြီး မြန်မာပြည် သယ်လာစဉ် ဦးနုနဲ့ ဘာသာပြန်စာပေအသင်းကောင်စီ လူကြီးတွေက သင်္ဘောဆိပ်ကမ်းကို ဆင်းကာ တခမ်းတနား ကြိုဆိုခဲ့တာကို "တာတေစနေသား"မှာ ဝမ်းသာအားရ ဖတ်ရှုမိပါတယ်။ ၁၉၅၃ က ကုန်သည်လမ်းနဲ့ ၃၇ လမ်းထောင့်ရှိ စာပေဗိမာန်ဘာသာပြန်စာပေအသင်း အဆောက်အအုံကို ဝန်ကြီးချုပ်ဦးနုကိုယ်တိုင် တခမ်းတနား အုတ်မြစ်ချပေးတာ သမိုင်းမှာ ဖျက်ဆီးလို့မရတဲ့ အရာပါပဲ။ 

ဦးနုဟာ ဘာသာတရားကိုင်းရှိုင်းတဲ့သူ ဆိုတေ့ာ ကမ္ဘာမှာ ရန်တွေ အေးချမ်းအဖို့ ၁၉၅၁ က "သီရိမင်္ဂလာကုန်းတော်မှာ ကမ္ဘာအေးစေတီတော်ကြီး" တည်ဆောက်ပေးခဲ့ပါတယ်။ ဒီပြင် ၁၉၅၄ မှာ ကမ္ဘာ့ ဗုဒ္ဓဘာသာသမိုင်း တွင်ကျန်ရစ်စေခဲ့တဲ့ "ဆဋ္ဌသင်္ဂါယနာ မဟာဓမ္မသဘင်ကြီး"ကို ဆဋ္ဌသင်္ဂါယနာမဟာသဏလိုဏ်ဂူတော်မှာ ကမ္ဘာ့ခေါင်းဆောင်တွေနဲ့အတူ တခမ်းတနားကြီးဖွင့်လှစ်နိုင်ခဲ့ပါတယ်။  ဒါတွေမက ကမ္ဘာ‌အလယ်မှာ ဝန်ကြီးချုပ်ဦးနု၏ ခေါင်းဆောင်မှု အရည်အချင်းကို ဖော်ပြရရင်...  ၁၉၅၅ ခုနှစ်က နိုင်ငံတကာခေါင်းဆောင်‌တွေကို ဦးဆောင်ကာ ဘန်ဒွန်းညီလာခံမှာ ဦးနုဟာ အရည်အချင်းရှိလို့ ခေါင်းဆောင်မှု နေရာပေးခြင်း ခံရတာပါ။ နောက်ထပ် ၁၉၆၁ က ဘဲလ်ဂရိတ်ညီလာခံမှာ ဘက်မလိုက်ဘဲ မေတ္တာနဲ့ အမေရိကန်နဲ့ ဆိုဗီယက်တို့ စပ်ကြား တင်းမာမှုကို ဦးနုက ကိုယ်တိုင်ညှိနှိုင်းပေးခဲ့တာ သမိုင်းမှာ အထင်ရှားရှိပါတယ်။ အဲဒီထဲမှာ ဦးနုရဲ့ ကိုယ်စားလှယ်အဖြစ်နဲ့ ဦးနုနဲ့ ဂျိမ်းဘာရင်တန်တို့တောင် ပါဝင်ခဲ့တာ အမှတ်ရစရာတွေပါပဲ။ ဝန်ကြီးချုပ် ဆိုတာ နိုင်ငံတကာအလယ်မှာ ဦးနုလို ဝင်ဆံ့မှာ "ဝန်ကြီးချုပ်ဦးနု"လို့ ခေါ်ထိုက်ပါပေတယ်။ကမ္ဘာအလယ်ပွဲလည်တင့်တယ်တဲ့"ဝန်ကြီးချုပ်"ဖြစ်ပါ‌ပေတယ်။ အဲ့အချိန်က ဒါမှ တို့နိုင်ငံတို့ဝန်ကြီးချုပ် လို့ လက်မထောင်နိုင်ခဲ့တာဟာ ဝန်ကြီးချုပ်ဦးနု ၏ စာဖတ်မှု၊စာပေလေ့လာလိုက်မှု၊စာပေရေးသားမှုစတဲ့ အကြောင်းတရားတွေကြောင့် ဖြစ်ပါတယ်ဆိုတာ သူ့လုပ်ရပ်က မှတ်တိုင်ထူနေပါတယ်။

ဒါနဲ့ စကားမစပ် အန်တီစန်းကို မေးရအုံးမယ်။ ဦးနု စာကြည့်အခန်းအထဲက ဦးနု စာအုပ်တွေ ဘယ်ရောက်တော်မူကုန်လဲ မေးတဲ့အခါ အန်တီစန်းက "ရန်သူမျိုးငါးပါး လက်ထဲ ရောက်ကုန်တာပေါ့"လို့ လွမ်းလွမ်းဆွေးဆွေး ပြောပါတယ်။" အချို့ရန်သူတော်ကြီးတွေက သူခိုးတွေ မဟုတ်လား။ ဖေဖေ နှစ်နှစ်လလက စုဆောင်းထားတဲ့စာအုပ်တွေ ခိုးယူကြတယ်"လို့ ပြောပါတယ်။

သမီးကြီးဖြစ်တဲ့ ဒေါ်စန်းစန်းနုက သူလည်း ရှားပါးသတင်းစာဟောင်း၊ စာဟောင်းပေဟောင်းတွေကို ထိန်းသိမ်းထားသော်လည်း ခြ‌ကောင်တို့၊ ပိုးကောင်မွှား‌ကောင် ရန်က မကာကွယ်နိုင်ခဲ့ဘူးလို့ပြောပါတယ်။ နှမြောစရာကောင်းဆုံးက သားရေသေတ္တာအိတ်ကြီးထဲမှာ ထည့်သိမ်းထားတဲ့  သခင်နု ဆီကို ဗိုလ်ချုပ်အောင်ဆန်း၊ သခင်သန်းထွန်း၊ သခင်စိုး၊ သခင်ဗဟိန်းတို့ အပြန်အလှန်ပေးစာတွေ ခြစားသွားတာဟာ  အန်တီစန်း စိတ်ထဲမှာ  ယနေ့အထိ စိတ်မကောင်းဖြစ်ရတယ်လို့ပြောပါတယ်။ စာရေးသူလည်း အန်တီစန်း ပြောပြတာကြည့်ပြီး ဘာပြောရမှန်းမသိ စိတ်မကောင်းတာလွဲ၍ မည်သို့မှ မတတ်နိုင်တော့ပါ။

ဦးနုဟာ မြန်မာ့လွတ်လပ်ရေးမရခင် ၁၉၃၇ က နဂါးနီစာအုပ်အသင်းကို ထူထောင်ပေးခဲ့သူလည်းဖြစ်ပါတယ်။ ထိုနဂါးနီအသင်းက စာအုပ်များကြောင့် မြန်မာလူထုကို တော်လှန်ရေးအမြင်၊ အမျိုးချစ်အသိတွေ အားပေးခဲ့သူ ဖြစ်ပါတယ်။ ဦးနုဟာ ပြဇာတ်ရေးဆရာ၊ စာ‌ရေးဆရာ၊ ဒါရိုက်တာ၊ ဇာတ်ညွှန်းရေးဆရာ( The Boycotter ရုပ်ရှင်) နိုင်ငံတော်ဝန်ကြီးချုပ်တို့ ဝိသေသများ ပိုင်ရှင်လည်း ဖြစ်ပါတယ်။ 

သူ ရေးသွားတဲ့ ပြဇာတ်တွေ စာအုပ်တွေ ဒုနဲ့ဒေး။ ဒါတောင် ရေးပြီးရှာမတွေ့တဲ့ ပြဇာတ်တွေ ရှိသေးတယ်။ "လူထုအောင်သံ" ပြဇာတ်တို့၊ "သကအလ"၊ "အသားအထဲက လောက်ထွက်" ပြဇာတ် တို့ စတဲ့ စတဲ့ ခေတ်မီပြဇာတ်များတို့ဟာ ဦးနုရဲ့ ကမ္ဘာ‌ကျော်ကြားတဲ့ပြဇာတ်တွေဖြစ်ခဲ့ပါတယ်။ အချို့ပြဇာတ်တွေဆိုရင် ကမ္ဘာကျော်အထိဖြစ်ခဲ့ပါတယ်။ ယနေ့ခေတ် နိုင်ငံရေးလုပ်မယ့် ပုဂ္ဂိုလ်များ ဦးနု လို စာဖတ်ခန်းထားကြပါ။ စာဖတ်ကြပါလို့ တိုက်တွန်းလိုက်ရပါကြောင်း။

မှတ်ချက်။ ။ အန်တီစန်း(ဦးနု၏သမီးကြီး ဒေါ်စန်းစန်းနု)၊ အန်တီသန်း(ဦးနု၏သမီးငယ် ဒေါ်သန်းသန်းနု)

မျိုးသန့်ထွန်း(စစ်ကိုင်း)

၄-၄-၂၀၂၃။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar