Breaking News

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၃၂ )

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၃၂ )

(မိုးမခ) ဧပြီ ၆ ၊ ၂၀၂၃


6/4/23

Dairy in the darkness

တညလုံး မီးမလာဘူး။ ခြင်ကိုက်၊ ပူအိုက်။ အိပ်ရေးမဝ။

လူမှုကွန်ရက်ပေါ်မှာ စစ်ကောင်စီ စခန်းတခုကို PDF တွေက ခဲနဲ့ပစ်ပြီး သိမ်းလိုက်တဲ့ ရုပ်သံမြင်ရတော့ အိပ်ရေးမဝတာတွေ ပျောက်ကုန်တယ်။ ဦးနှောက်တွေ ကြည်လင်သွားတယ်။ 

ထမင်းချက်ဖို့ မီးသွေးမီးဖို ပြင်ရတယ်။ ရပ်ကွက်ထဲက သူတွေကတော့ လမ်းထဲက မုန့်ဟင်းခါးဆိုင်မှာ ထမင်းအိုးတည်ကြတယ်။ မုန့်ဟင်းခါးလည်း ဒီနေ့ရောင်းကောင်းတယ်။ လမ်းထိပ်မှာတော့ အအေးနဲ့ သင်္ဘောသီးထောင်း ဆိုင်အသစ်ကလေး ဖွင့်တယ်။ အိမ်ဆိုင်ကလေးတွေကလည်း ဖွင့်လိုက် အရင်းပြုတ်လိုက် ပြန်ဖွင့်လိုက်ပါပဲ။

လမ်းထဲမှာ ကစားနေတဲ့ ကလေးတွေရဲ့ အသံက ခါတိုင်းထက် ပိုဆူနေတယ်လို့ ထင်ရတယ်။ သူတို့ရဲ့ ပညာရေးကလည်း အခြေအနေမကောင်းဘူး။ ဆရာ ဆရာမတွေကလည်း CDM လုပ်သူကလုပ်၊ ကျောင်းမှာ ကျန်ခဲ့တဲ့ ဆရာမတွေကလည်း စာမသင်။ CDM လုပ်တဲ့ ဆရာမတွေက အပြင်မှာ စာလိုက်သင်တော့ အစိုးရက ဖမ်း။ တချို့ ထောင်နှစ်ရှည် ကျခံရ။ မန္တလေးမှာ NUG ထောက်ခံတဲ့ ဆရာ၊ ဆရာမတွေရဲ့ အွန်လိုင်း စာသင်ကျောင်းကို အစိုးရက ဝင်ဖမ်းတယ် ဆိုတဲ့ သတင်းတွေတက်လာတယ်။ မိဘတွေ၊ ကျောင်းသားတွေ ၊ဆရာ ဆရာမတွေ တိမ်းသူတိမ်း ရှောင်သူရှောင်။ မြဝတီနယ်စပ်က ရွေကုက္ကိုလ် လောင်းကစားနေရာကို ကော်သူလေနဲ့ PDF တပ်တွေက ဝင်တိုက်တဲ့ သတင်းတွေ တက်လာတယ်။

ရွာသားတွေ ထိုင်းဘက်ကမ်းကို ထွက်ပြေးတဲ့ သတင်းတွေ ဓာတ်ပုံတွေလည်း တက်လာတယ်။ 

ဖိလစ်ပိုင်က မြန်မာ့အရေး ဆောင်ရွက်ရာမှာတိုးတက်မှုရှိနေတယ် ဆိုတဲ့ သတင်းတက်လာတယ်။ တွေ့ခွင့်ရရန်ခက်ခဲသူများကို တွေ့ခွင့်ရတယ်လို့ သတင်းတွေမှာ တွေ့ရတယ်။ ဘယ်သူ ဘယ်ဝါဆိုတာကိုတော့ ထုတ်ဖော်မပြောပါဘူး။

ဒေါ်စန္ဒာဝင်း နဲ့ BBC တွေ့ဆုံမေးမြန်းခန်းကို စိတ်ဝင်စားသူ များပြားနေပါတယ်။ ‌အဲဒီတွေ့ဆုံမေးမြန်းခန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ဧည့်တွေ့လာတဲ့ ဒေါ်စန္ဒာဝင်းတို့ကို လက်ဖက်ရည်တိုက်ပြီးပြန်လွှတ်ဖို့ ထောင်မှူးကို ပြောလိုက်တယ်လို့ ဒေါ်စန္ဒာဝင်းက တဆင့်ပြန်ပြောပါတယ်။ “လက်ဖက်ရည်တိုက်ပြီး ပြန်လွှတ်လိုက်ပါ” တဲ့။  အဲဒီစကားက လူတိုင်းပါးစပ်ဖျား ရောက်သွားတယ်။  လူမှုကွန်ရက်ပေါ်မှာလည်း ရေးတင်နေကြတယ်။ ‌ဒေါ်အောင်ဆန်းစုကြည်က စကစနဲ့ ဆွေးနွေးဖို့ ယဥ်ယဥ်ကျေးကျေး ငြင်းပယ်လိုက်တာဖြစ်တယ်လို့ လူတွေက အဓိပ္ပာယ်ကောက်ယူပြီး ကျေနပ်အားရဖြစ်သွားကြဟန် တူပါတယ်။ ဒေါ်စန္ဒာဝင်းကိုတော့ စစ်တပ်နဲ့ အပေးအယူလုပ်တယ်လို့ စွပ်စွဲပြီး လှောင်ပြောင်ကြတယ်။ လူတွေက စစ်တပ်နဲ့ မစေ့စပ်စတမ်း တိုက်ခိုက်ဖို့ အားသန်နေကြတယ်။

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် တရားစွဲခံရတဲ့သတင်းကတော့ နိုင်ငံတကာခေါင်းကြီးပိုင်း သတင်းဖြစ်နေတယ်။ သမ္မတကြီးနဲ့ အပြာမယ်တို့ရဲ့  နှုတ်ပိတ်ခ ဇာတ်လမ်းပါ။

ကံကောင်းလို့ လျှပ်စစ်မီး ရတုန်းလေး တနေ့က လေ့လာလက်စ မတတ်မဖြစ် တတ်သင့်တဲ့ အတတ်ပညာတွေအကြောင်း ဆက်လေ့လာ။

မတတ်မဖြစ် တတ်မြောက်ရမယ့် အတတ်ပညာ ၁၀ မျိုးလောက် တွေ့တယ်၊။ အဲဒီအထဲက အခြေခံစာတတ်မြောက်ခြင်းဆိုတာ နားထောင်တတ်၊ ပြောတတ်၊ ဖတ်တတ်၊ ‌ရေးတတ် (တတ် ၄ တတ်) ကို ဆိုလိုတာ ဖြစ်ပါတယ်။ တတ် ၄ တတ် ထဲမှာ နားထောင်တတ်၊ ပြောတတ် ဆိုတဲ့ တတ် ၂ တတ်က အခြေခံကျတယ်လို့ဆိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စကားမရှိတဲ့ လူအဖွဲ့အစည်း မရှိ။ စာမရှိတဲ့ လူ့အဖွဲ့ အစည်းတွေ သာရှိနေလို့ပါပဲ။ အဲဒါတွေ တတ် မတတ်ဆိုတာကလည်း ဘယ်လောက်နားလည်နိုင်စွမ်းရှိသလဲ ဆိုတာနဲ့ ပတ်သက်နေပါတယ်။ နားလည်နိုင်စွမ်းရှိဖို့ဆိုတာကလည်း ရှင်းလင်းတဲ့ သဒ္ဒါနဲ့ ဝေါဟာရအဓိပ္ပာယ်ဖွင့်ဆိုမှုအပြင် တိကျတဲ့ အသံနေအသံထားတွေကို သတ်မှတ်ဖို့လိုသလို သိမှတ်ဖို့လည်း လိုပါတယ်။ အဲဒါတွေ သိဖို့ဆိုရင် ဒစ်ဂျစ်တယ်နည်းပညာ နဲ့ သိပ္ပံပညာတွေရဲ့ အကူအညီလည်း လိုအပ်ပါတယ်။ ဆိုလိုချင်တာက အခေါ်အဝေါ်  အသံထွက်နဲ့ သဒ္ဒါစည်းကမ်းတွေ အသုံးအနှုန်းတွေကို google ကဲ့သို့သော search engine တွေမှာ ရှာဖွေနိုင် သလို OpenAI ရဲ့ ChatGPT မှာမေးမြန်းနိုင်ပါတယ်။ အင်္ဂလိပ်စာနဲ့ ပတ်သက်လို့ အတော်များများ မေးမြန်းလို့ရနေပါပြီ။ မြန်မာစာနဲ့ ပတ်သက်လို့တော့ ပညာရှင်တွေက ကြိုးစားနေဆဲလို့ သိရပါတယ်။ ကျွန်တော် စမ်းကြည့်တာကတော့ အတော်အဆင်ပြေပါတယ်။ 

အွန်လိုင်းပေါ်မှာလည်း အင်္ဂလိပ်စာနဲ့ တရုတ်စာ အပါအဝင် နိုင်ငံတကာ စာနဲ့ စကားကို စျေးချိုချိုနဲ့ သင်ကြားပေးတဲ့ သူတွေများလာတယ်။ စေတနာလည်း ထားကြတယ်။ သင်ယူသူတွေလည်းများကြတယ်။ လက်ရှိ အကျပ်အတည်းကာလမှာ ကုသိုလ်လည်းရ ဝမ်းလည်းဝတဲ့ လုပ်ငန်းတခုပါ။ 

နောက်ရက်တွေရောက်ရင် ဒစ်ဂျစ်တယ်ပညာ အခြေခံဆိုတာ ဘာတွေလဲလို့ ရှာဖွေကြည့်ပါဦးမယ်။

ဥစ္စာမရှာနိုင်တဲ့ အချိန်၊ ကုသိုလ် မရှာနိုင်တဲ့ အချိန် ၊ ပညာကိုတော့ ရအောင်ရှာရပါဦးမယ်။ လျှပ်စစ်မီး သဘောကောင်းရင်ပေါ့။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar