Breaking News

ရွှေကုက္ကို တိုက်ပွဲဆက်၊ ကရင်ပြည်ထဲ တိုက်ပွဲတွေတိုး၊ ရှမ်းပြည် နောင်ချိုမှာ PDF နဲ့ စစ်ကောင်စီတိုက်

မြန်မာနွေဦး ခရိုနီကယ် - ဧပြီလ ၆ မြင်ကွင်း

(မိုးမခ) ဧပြီ  ၇၊ ၂၀၂၃


ရွှေကုက္ကို တိုက်ပွဲဆက်၊ ကရင်ပြည်ထဲ တိုက်ပွဲတွေတိုး၊ ရှမ်းပြည် နောင်ချိုမှာ PDF နဲ့ စစ်ကောင်စီတိုက်

ဧပြီလ ၅ ရက်နေ့ နံနက်စောစောက စတင်ဖြစ်ပွားလာတဲ့ ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကို ကျေးရွာအနီးဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပြီး နောက်ထပ်စစ်ဘေးရှောင်ဒုက္ခသည်တွေ ထိုင်းနိုင်ငံဘက်ကို တိမ်းရှောင်လာကြတယ်လို့ သတင်းတွေထဲ ဖေါ်ပြထားကြပါတယ်။ ပထမ ၂ ရက်အတွင်း စစ်ဘေးရှောင်သူ ၂ ထောင်ကျော်သာရှိရာက နောက်ဆုံးသတင်းတွေထဲမှာ စစ်ဘေးတိမ်းရှောင်ရသူ ၅ ထောင်အထိ ရှိလာပြီဖြစ်ပါတယ်။ 

ထိုင်းလဝက က ဖမ်းဆီးပြီး မြန်မာနိုင်ငံဘက် ပြန်လွှဲလိုက်တဲ့ PDF ၃ ဦးကို ကရင် လက်နက်ကိုင် နယ်ခြားစောင့်တပ်က ထွက်ပြေးလို့ဆိုကာ ပစ်ခတ်ကာ ပြန်လည်ဖမ်းဆီးပြီး စစ်ကောင်စီလက်ထဲ လွှဲအပ်လိုက်တဲ့ ကိစ္စရပ်ကနေ အခု တိုက်ပွဲတွေ စတင်ဖြစ်ပွားလာတာလို့ သတင်းဖေါ်ပြမှုတွေအရ သိရပါတယ်။ 

ကေအန်အယ်အေ ပူးပေါင်းတပ်ဖွဲ့တွေဟာ စစ်ကောင်စီရဲ့ တပ်ကွပ်ကဲမှုအောက်မှာ လှုပ်ရှားနေကြတဲ့ နယ်ခြားစောင့်တပ်တွေရဲ့ ပင်မအခြေစိုက်ရာ စီးပွားရေး လုပ်ငန်းတွေ ရှိရာ ရွှေကုက္ကို ကျေးရွာကို သွားရောက်တိုက်ခိုက်ကြတာဖြစ်ပြီး၊ အဆိုပါကျေးရွာဟာ  ကာစီနိုကစားဝိုင်းတွေနဲ့ နိုင်ငံဖြတ်ကျော် အွန်လိုင်းက လိမ်လည်တဲ့ စီးပွားရေး လုပ်ငန်းတွေနဲ့ ထင်ရှားတဲ့ နေရာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အစိုးရသက်တမ်းတွေလက်ထက်ကတည်းက တည်ရှိခဲ့တဲ့ နယ်ခြားစောင့်တပ်နဲ့ စစ်တပ်က အတည်ပြုလက်ခံထားတဲ့ ဒီတရားမဝင်တဲ့ ဒုစရိုက်တပိုင်း စီးပွားရေးလုပ်ငန်းတွေဟာ အရှေ့တောင်အာရှမှာ တစတစ နာမည်ဆိုးနဲ့ကြော်ကြားလာတာ ဖြစ်ပါတယ်။ 

မြဝတီမြို့နယ်ထဲက အခြားသော ကျေးရွာတွေ နယ်မြေတွေမှာ စစ်ကောင်စီနဲ့ ကရင်လက်နက်ကိုင် တပ်ဖွဲ့တွေ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပေမယ့် ဒီဒေသတဝိုက်မှာတော့ ဖြစ်ပွားခဲ့ခြင်းမရှိပဲ အခုတကြိမ်ဟာ နယ်ခြားစောင့်တပ်တွေ အခြေစိုက်တဲ့ ရွှေကုက္ကို ကျေးရွာဒေသတွေမှာ ဖြစ်ပွားတဲ့ပထမဆုံး တိုက်ပွဲဖြစ်ပါတယ်။ ကရင်လက်နက်ကိုင်တွေနဲ့ စစ်ကောင်စီရဲ့ အခြေစိုက် စခန်း၊ နယ်ခြားမျဥ်းအနီးက ခြေကုပ်စခန်းတွေကို တိုက်ခိုက်လေ့ရှိကြပေမယ့် ကရင်လက်နက်ကိုင် အဖွဲ့တွေအကြား တဖွဲ့နဲ့တဖွဲ့ အခြေစိုက်စခန်းတွေကို ပုံမှန်အားဖြင့် တိုက်ခိုက်လေ့မရှိကြပဲ အခုတကြိမ်မှာ PDF ၃ ဦးကို စစ်ကောင်စီလက် အပ်နှံလိုက်တဲ့ အကြောင်းကြောင့် တိုက်ခိုက်ဖို့ ဖြစ်လာတာလို့ ကောက်ချက်ချရမယ့် သဘောလည်း ဖြစ်ပါတယ်။ 

ကရင်ပြည်နယ်မှာ ရွှေကုက္ကို ကျေးရွာအနီးက တိုက်ပွဲတွေအပြင် ကော့ကရိတ်မြို့အနီးမှာလည်း ယနေ့တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ သတင်းတွေလည်း ဖေါ်ပြထားကြတာတွေ့ရပါတယ်။ ကော့ကရိတ်မြို့ စုပေါင်းရုံးတွေဖွင့်လှစ်ထားတဲ့ နေရာတဝိုက် ဧပြီလ ၅ ရက်နဲ့ ၆ ရက်နေ့တွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီ တပ်ရင်းက ပြန်လည်ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် အရပ်သားအချို့ ထိခိုက်ဒဏ်ရာရတဲ့ သတင်းလည်း ဖေါ်ပြထားကြတာ တွေ့ရပါတယ်။ 

ဒီနေ့နေ့စွဲနဲ့  မြဝတီ-ကော့ကရိတ် ကားလမ်းကို အသုံးမပြုကြဖို့ ကရင်လက်နက်ကိုင် အဖွဲ့က တပ်မှူးအချို့လက်မှတ်နဲ့ အသိပေးထုတ်ပြန်စာလည်း ဆိုရှယ်မီဒီယာမှာတွေ့ရှိရပါတယ်။  

ခုလပိုင်း ကရင်ပြည်နယ်မှာ တိုက်ပွဲအရှိန် အဟုန်မြင့်တက်လာနေတာတွေ့ရပြီး နယ်ခြားမျဥ်းပေါ်က စစ်စခန်းအချို့ကို တိုက်ခိုက်သိမ်းယူတာ၊ ကော့ကရိတ် နဲ့ ကျုံဒိုးမြို့တို့ကို ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်တာတွေ ဖြစ်ပွားလာပြီး စစ်ဘေးရှောင် ဒုက္ခသည်အရေအတွက်လည်း မြင့်တက်လာနေတာတွေ့ရပါတယ်။ 

ကရင်ပြည်နယ်က တိုက်ပွဲ သတင်းတွေအပြီးမှာတော့ ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ်မှာ PDF တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားနေတဲ့ သတင်းတွေလည်း တွေ့မြင်ရတာ ဖြစ်ပါတယ်။ နောင်ချိုမြို့နယ် သံဘိုကျေးရွာအနီးဖြစ်ပွားတဲ့ တိုက်ပွဲတွေအတွင်း အရပ်သားအချို့ လက်နက်ကျည်ဆံထိမှန်ပြီး ကလေးငယ် အပါအဝင် ၂ ဦးသေဆုံးခဲ့တယ်လို့ သတင်းမှာ ဖေါ်ပြထားတာ တွေ့ရပါတယ်။ 

ရှမ်းပြည်နယ် နောင်ချိုမြို့နယ်မှာ ယခင်နှစ်ကုန်ပိုင်းက တိုက်ပွဲတွေ ဖြစ်ပွားခဲ့ဖူးပြီး အတန်ကြာ တိုက်ပွဲဖြစ်ပွားတဲ့ သတင်းတွေမကြားခဲ့ရပဲ အခုတဖန် ပြန်လည်ဖြစ်ပွားလာတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ နယ်မြေအားဖြင့် အကျယ်ဆုံးဖြစ်တဲ့ ရှမ်းပြည်နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားတဲ့ နယ်မြေအနေနဲ့ ကိုးကန့်လက်နက်ကိုင်တပ်တွေ လှုပ်ရှားတဲ့ မုံးကိုး မူဆယ်တဝိုက်၊ TNLA တပ်ဖွဲ့တွေနဲ့ ဖြစ်ပွားလေ့ရှိတဲ့ နမ့်ဆန်မြို့နယ်၊ ကွတ်ခိုင်၊ ရှမ်းပြည်နယ်တောင်ပိုင်း ကရင်နီဒေသနဲ့ထိစပ်နေတဲ့ နေရာတွေမှာ ဖြစ်ပွားလေ့ရှိပြီး တခါတရံ နောင်ချိုဒေသလိုမျိုးမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ အလယ်ပိုင်းနဲ့ တောင်ပိုင်း ဒေသအချို့မှာတော့ စစ်ကောင်စီနဲ့ အပစ်ရပ်အနေအထားကို ဆက်လက် ထိန်းသိမ်းထားကြတာလည်း ဖြစ်ပါတယ်။

စကစ၏ စစ်တပ်နဲ့ လက်နက်ကိုင်များက အညာဒေသ၊ ကရင်၊ ကယား၊ တနင်္လာရီဒေသများမှာ အကြမ်းဖက် သတ်ဖြတ်မှုတွေ တိုးမြှင့်ကျူးလွန်နေဆဲ ဖြစ်ပါတယ်။ မိုးမဝင်ခင် တော်လှန်စစ်ကို ချေမှုန်းမယ်လို့ စစ်အုပ်စုက ရည်မှန်းထားတယ်လို့ ဆိုကြပါတယ်။ နွေဦးတော်လှန်ရေးအင်အားစုတွေဘက်က ခုခံစစ် တွန်းလှန်စစ်တွေအပြင် စိုးမိုးစစ် ခြေကုပ်စစ်တွေ ဆင်နွှဲလာနေတယ်လို့လည်း ထောက်ခံအားပေးသူတွေဘက်က ပြောကြပါတယ်။ စစ်ကောင်စီက သည်လေးလပိုင်းအတွင်း အရပ်သားများအပေါ် အကြမ်းဖက် သတ်ဖြတ် နှိပ်စက်မှုတွေချည်းသာ ကျုးလွန်နေခဲ့ပြီး စစ်ရေးအရ အသာစီးမရနိုင်ရင်တော့ နောက်လေးလပိုင်းမှာ နွေဦးတော်လှန်ရေးအင်အားစုတွေဘက်က နာကျည်းမှုတွေ နာကျင်မှုတွေ ရင်နဲ့စည်း ခါးနဲ့စည်းခံထားရသူ ပြည်သူလူထုတွေ အင်အားအခြေခံနဲ့ စစ်ကောင်စီကို တုံ့ပြန်မှု၊ ဟန့်တားမှုတွေ အရေးယူမှုတွေ လုပ်နိုင်မည်လား စောင့်ကြည့်ရပါမယ်။

စစ်ကောင်စီဘက်က သည် ၄ လအတွင်းမှာ စစ်ရေးနည်းနဲ့ ပြည်သူလူထု၏ အသက် အိုးအိမ်စည်းစိမ်များကို ဖျက်ဆီးဖို့ ခြေလှမ်းများ တိုးမြှင့်လာပါတယ်။ ဒါ့အပြင် စစ်ကောင်စီနောက်လိုက်မလုပ်တဲ့  နိုင်ငံရေးပါတီတွေကို ဖျက်ပစ်လိုက်တာမို့ အားလုံးပါဝင်တဲ့ နိုင်ငံရေးနည်းနဲ့ အဖြေရှာရေးလမ်းကိုလည်း ဖျက်သိမ်းလိုက်ပြီလို့ ဆိုနိုင်ပါတယ်။  နိုင်ငံရေးနယ်ထဲကနေ အပြီးတိုင်ထွက်ခွာဖို့ စစ်တပ်ကလက်ခံမယ်ဆိုရင် NUG အစိုးရဘက်က နိုင်ငံရေးနည်းနဲ့ ဆွေးနွေးအဖြေရှာမယ်ဆိုတဲ့  တံခါးကို ဖွင့်ထားသော်လည်း စစ်အုပ်စုဘက်ကတော့ စစ်လက်နက်အင်အားသုံး အကြမ်းဖက် အနိုင်ယူလိုမှုကလွဲပြီး အခြားလမ်းမရွေးထားတာက ထင်ရှားနေပြီ ဖြစ်ပါတော့တယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar