အန်နိုလာ - မိရိုးဖလာ
မိရိုးဖလာ
အန်နိုလာ
(မိုးမခ) ဧပြီ ၁၈၊ ၂၀၂၃
ငါတို့ကိုးကွယ်နေတဲ့ ဘုရားက
မသူတော်တွေရဲ့ အိမ်ပေါ်မှာလည်း
မိန့်မိန့်ကြီး ပြုံးတော်မူလို့။
ဘာသိကြားမှ
ကျောက်ဖျာမတင်းတဲ့ ကမ္ဘာပါကွယ်
ဝရဇိန်နဲ့ ခွေးသားရေချပ်ဟာ
အဟောင်းတန်းမှာ
ရောင်းတန်းတောင် ဝင်ပါ့မလား။
ဓမ္မက အမြဲနိုင်ဖို့
လူဘယ်နှစ်ယောက်နဲ့ ယဇ်ပူဇော်ရဦးမှာပါလဲ
ကိုယ့်အလောင်း ကိုယ်ပိုက်ပြီး
တစစီမဖြစ်အောင်
ဇမ္ဘူဒီပါလက်ယာတောင်ကျွန်း
ဩဘာနိမိတ်ထွန်းတဲ့ကျွန်းမှာ နေနေရသူတွေပါ။
အချစ်မှာလည်း အသွားအပြန်မရှိဘူး
ဝဋ်မှာလည်း အသွားအပြန်မရှိဘူး
စစ်မှာလည်း အသွားအပြန်မရှိဘူး
စနစ်မှာလည်း အသွားအပြန်မရှိဘူး
အားလုံး သက်ဦးဆံပိုင်
ထင်ရာစိုင်းနေကြတာပါပဲ။
တချစ်ချစ် တဝဋ်ဝဋ်
တစစ်စစ် တစနစ်စနစ်တော့
အသွားအပြန်ရှိတာပါပဲဆိုလည်း
တခစ်ခစ်သာ ရယ်နေလိုက်ချင်တော့တယ်။
ငရဲထက် သရဲကိုပိုကြောက်နေရတဲ့ ကမ္ဘာမှာ
ဋ္ဌာန်ကရိုဏ်းကျကျရွတ်ဖတ်ရတဲ့ ဂါထာတွေဟာ
အလုပ်မလုပ်ကြတော့ပါဘူး အရှင်ဘုရား
တရားရေအေးထက် အခါးရေလေးတွေပဲ
လူတွေဟာ ပိုကြိုက်ပိုသောက်နေကြတော့
မခက်ဘူးလား။
ရင်ပြင်တော်ပေါ်က
နေပူခံကျောက်ပြားတွေ အပူလွန်ကဲတော့
နေကိုပဲ အပြစ်တင်ရမလား
နင်းမိတဲ့ခြေထောက်တွေကိုပဲ အပြစ်တင်ရမလား
ဖြေပေးပါဦး မိရိုးဖလာ။
18 April 2023
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar