Breaking News

နှစ်ဆန်းတရက်နေ့မှာ ပြယုဂ်အဖြစ်နဲ့ ကြေညာတဲ့ လွတ်ငြိမ်းခွင့်

မြန်မာနွေဦး ခရိုနီကယ် - ဧပြီလ ၁၇ မြင်ကွင်း

(မိုးမခ) ဧပြီ  ၁၈၊ ၂၀၂၃


နှစ်ဆန်းတရက်နေ့မှာ ပြယုဂ်အဖြစ်နဲ့ ကြေညာတဲ့ လွတ်ငြိမ်းခွင့် 

အများအားဖြင့် မြန်မာရိုးရာ သင်္ကြန်အခါကာလရဲ့ နှစ်ဆန်းတရက်နေ့ မှာ နှစ်သစ်ကိုကြိုဆိုတဲ့အနေနဲ့ အကျဥ်းသားတွေကို လွတ်ငြိမ်းခွင့်ပေးလေ့ရှိကြတာ ဖြစ်ပြီး ဒီနှစ်မှာတော့ စစ်ကောင်စီက အကျဥ်းသား ၃ ထောင်စွန်းစွန်းကို လွတ်ငြိမ်းခွင့်ပေးတယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ စစ်ကောင်စီက ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်းက အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေကို ပစ်ခတ်တာ၊ ရိုက်နှက်ညှင်းဆဲတာ၊ စစ်ဆေးရင်း လက်လွန်ပြီး အသက်ဆုံးရှုံးတာတွေ ရှိခဲ့သလို အများဆုံးအရေအတွက်ကတော့ ဖမ်းဆီးပြီး မလွတ်လပ်တဲ့ အရပ်ဘက် တရားရုံး နဲ့ စစ်အုပ်ချုပ်ရေး နယ်မြေမှာ စစ်ဘက်တရားရုံးတွေက ပြစ်ဒဏ်ချမှတ်တာတွေ လုပ်ခဲ့တာ ဖြစ်ပါတယ်။ အများဆုံးသောအရေအတွက်ဟာ ဖမ်းဆီးခံရတဲ့ အရေအတွက်ဖြစ်ပါတယ်။ အေအေပီပီရဲ့ မှတ်တမ်းတင်ထားတဲ့အရေအတွက်အရ ဆို ၂ သောင်းကျော် ရှိတာဖြစ်လို့ မြန်မာနိုင်ငံမှာ ကာလတိုအတွင်း ဖမ်းဆီးခံရသူ အများဆုံးကာလတခု ဖြစ်တယ်လို့ဆိုနိုင်ပါတယ်။ ဖမ်းဆီးခံရသူ ၂ သောင်းကျော်အနက်က ၁ သောင်း ၇ ထောင်ကျော်က ဆက်လက်ထိန်းသိမ်းခံနေရဆဲ ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။ ဒီကိန်းဂဏန်းတွေက နိုင်ငံရေးနဲ့ပတ်သက်လို့ ဖမ်းဆီးခံရသူတွေရဲ့ အရေအတွက်သာဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားနေတဲ့ ရာဇဝတ်မှုခင်းတွေ နဲ့ပတ်သက်ပြီး ဖမ်းဆီးခံရတဲ့ အရေအတွက်တွေ မပါဝင်ပါဘူး။ 

စစ်ကောင်စီအနေနဲ့ အကျဥ်းထောင်တွေမှာ လက်ခံနိုင်တဲ့ အကျဥ်းသားအရေအတွက်ထက် ပိုလွန်ပြီး ဖမ်းဆီး ချုပ်နှောင်ထားတာ ဖြစ်လို့ အကျဥ်းသားဦးရေကို လျှော့ချဖို့ အမြဲတစေ လိုအပ်နေတဲ့ သဘောလည်း ဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်မှာ အကျဥ်းထောင် အများစုမှာ လက်ခံနိုင်တဲ့ အရေအတွက်ထက် အဆနဲ့ချီပြီး ပိုလွန်တဲ့အရေအတွက်ကို လက်ခံထားရတဲ့အနေအထား လည်း ဖြစ်ပါတယ်။ တနည်းအားဖြင့် လွယ်လွယ်ပြောရရင် ထောင်လျှံနေတဲ့ အနေအထားလို့ဆိုရမှာပါ။ အကျဥ်းထောင်တွေထဲ ညအိပ်တဲ့အခါ တယောက်နဲ့ တယောက် ထိနေတဲ့ အခြေအနေမျိုးနဲ့ အိပ်နေကြရသလို အနည်းငယ် သက်သာအောင် တစောင်းအိပ်ကြရတဲ့ အဆောင်တွေ ရှိနေတယ်လို့ ပြန်လွတ်လာသူတွေက ဆိုကြပါတယ်။ အဆောင်တွေရဲ့ ဘေးဆုံးအတန်း လေဝင်လေထွက်ကောင်းတဲ့ နေရာမျိုးမှာ အိပ်ချင်ရင် အဆောင်တန်းစီးတွေကို လာဘ်ငွေ ၈ သောင်းတသိန်းကျော်ထိ ပေးကြရတဲ့ အနေအထားမျိုးလည်း ဖြစ်ပါတယ်။ 

ဒီအခြေအနေတွေကြောင့် စစ်ကောင်စီအနေနဲ့ အကျဥ်းထောင်က လူအရေအတွက်ကို လျော့ချဖို့ လိုအပ်ချက် ရှိနေတာကို အခုလို အခါကြီးရက်ကြီးတွေမှာ ရာဇဝတ်ပြစ်မှုတွေ ဖြစ်တဲ့ ခိုးမှု၊ မူးယစ်ဆေးဝါး သုံးစွဲမှု၊ တပ်ပြေး၊ ဖောက်ထွင်းမှု၊ လုယက်မှု၊ ခါးပိုက်နှိုက်မှု၊ ရိုက်မှု စတဲ့ ရာဇဝတ်မှုကျူးလွန်သူတွေကို အရေအတွက် ထောင်နဲ့ချီလွှတ်ပေးပြီး နိုင်ငံရေးအကျဥ်းသား အနည်းငယ်ကို ရောစွက်ကာ သဘောထားကြီးတယ်လို့ ထင်မြင်အောင် လှည့်စားတဲ့ လုပ်ရပ်မျိုး လုပ်လေ့ရှိတာ ဖြစ်ပါတယ်။ ဒီနေ့ လွှတ်ပေးတယ်ဆိုတဲ့ ၃ ထောင်စွန်းစွန်းမှာ နိုင်ငံရေးအကျဥ်းသား ရာဂဏန်းတောင် ပါဝင်ခြင်းမရှိတာ တွေ့ရပါလိမ့်မယ်။ ၂၀၂၁ ခုနှစ် ဇွန်လ၊ အောက်တိုဘာလ တို့တုန်းက လွတ်ငြိမ်းခွင့်တွေတုန်းက နိုင်ငံရေးအကျဥ်းသား ရာဂဏန်း ထောင်ဂဏန်းလောက်ထိ ပါဝင်ခဲ့ပေမယ့် ၂၀၂၂ ခုနှစ်နဲ့ ၂၀၂၃ ခုနှစ်ထဲဝင်ခါစ လွတ်လပ်ရေးနေ့ လွတ်ငြိမ်းခွင့်တွေထဲမှာ ထောင်နဲ့ချီတဲ့ လွှတ်ပေးသူတွေထဲ နိုင်ငံရေးအကျဥ်းသား အရေအတွက်က ရာဂဏန်းတောင် မကျော်တဲ့ အနေအထားမျိုးတွေ့လာရပါတယ်။ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေလိုပုဒ်မနဲ့ စွဲခံရသူ ပြစ်ဒဏ်ချခံရသူတွေထဲက တဦးမျှ ပါဝင်ခြင်းမရှိသလို  ၅၀၅-က ပုဒ်မနဲ့ စွဲဆို ပြစ်ဒဏ်ကျခံရသူတွေထဲကလည်း လွတ်ရက်စေ့ဖို့ လအနည်းငယ်သာကျန်သူ တချို့၊ အသက်အရွယ်အားဖြင့် ၇၅ နှစ်ကျော်သူတချို့သာ ပါဝင်တာတွေ့ရပါတော့တယ်။ စစ်ကောင်စီအနေနဲ့ လက်နက်ကိုင် တိုက်ခိုက်မှုနဲ့ ဆက်နွယ်သူ၊ မြို့ပြပြောက်ကျား အဖွဲ့တွေနဲ့ ဆက်စပ်သူ၊ ကူညီသူတွေလို့ စွပ်စွဲဖမ်းဆီး ပြစ်ဒဏ်ချခံရသူတွေ ထဲက တဦးတလေမှ လွှတ်ပေးတာ မရှိတာတွေ့ရပါတယ်။ 

အခု သင်္ကြန် နှစ်ဆန်း ၁ ရက်နေ့ လွှတ်ပေးတဲ့အထဲ နိုင်ငံရေးနယ်ပယ်နဲ့ တက်ကြွလှုပ်ရှားသူ၊ အန်အယ်လ်ဒီပါတီဝင်၊ သတင်းမီဒီယာသမား စတဲ့ ခေါင်းစဥ်တွေထဲက လွတ်မြောက်သူအနေနဲ့ လက်ဆယ်ချောင်းတောင် မပြည့်တာ တွေ့ရပါတယ်။ အန်အယ်လ်ဒီလက်ထက် စီမံဘဏ္ဍာဝန်ကြီး ဖြစ်ခဲ့သူ ဦးကျော်ဝင်း၊ လယ်ဝေးက အန်အယ်လ်ဒီပါတီ ခေါင်းဆောင်တဦး ၊ စစ်ကိုင်းက အလွတ်တန်း သတင်းထောက်တဦး စတဲ့ သူတွေသာ ပါဝင်တာ တွေ့ရပြီး အများစုက အသက်အရွယ်အားဖြင့် ၇၅ နှစ် အထက်ဖြစ်တဲ့သူတွေ ဖြစ်တာကြောင့် လွှတ်ပေးတာလို့ ယူဆရတာလည်း ဖြစ်ပါတယ်။ 

ကျန်တဲ့ ၃ ထောင်နီးပါးသော လွတ်ငြိမ်းခွင့်နဲ့ လွတ်လာသူတွေက ရာဇဝတ်မှုတွေနဲ့ ပြစ်ဒဏ်ကျနေသူတွေသာ ဖြစ်ပါတယ်။ ယခုတကြိမ် လွတ်ငြိမ်းခွင့်ဟာလည်း အကျဥ်းထောင်မှာ ကျွေးမွေးစီမံရတာ သက်သာအောင် လူလျော့သွားအေင် အကျဥ်းသားဦးရေ လျှော့ချမှုတခုထက် မပိုတာတွေ့ရမှာ ဖြစ်ပါတယ်။ 

အကျဥ်းထောင်ထဲ ကျန်ရှိနေသေးတဲ့ ၁၇၀၀၀ ကျော်သော နိုင်ငံရေးနဲ့ပတ်သက်ပြီး ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေရဲ့ မိသားစုတွေ အဖို့တော့ မိမိတို့ ချစ်ခင်မြတ်နိုးသူတွေ ပြန်လာမယ့် အချိန်ကို ဆက်လက်မျှော်လင့် စောင့်ဆိုင်းရဦးမယ့် အခြေအနေသာဖြစ်ပါတော့တယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar