သီအိုဇော် - အမှောင်ခေတ်ရဲ့ ည
သီအိုဇော် - အမှောင်ခေတ်ရဲ့ ည
(မိုးမခ) ဧပြီ ၁၃၊ ၂၀၂၃
လုံလုံခြုံခြုံ
အိပ်နေရတာကိုက
မလုံမခြုံ စိတ်တွေ ဖြစ်စေရတာပါ။
အိမ်ဆိုတာ
တိမ်လိုပါပဲတွေး
တိမ်ဆိုတာ
အိမ်လိုပါပဲလို့
ဟိုး………အဝေး
ကောင်းကင်ကို ငေးငေးကြည့်နေရင်း
ကြိုးစားအိပ်ရရှာသူတွေ။
တကယ်ဆို
ပြန်စရာမရှိတော့လည်း
‘အိမ်ကို ပြန်မယ်’
‘အိမ်ကို ပြန်ချင်တယ်’လို့
ညညဆို
ခဏခဏ
ထထ ယောင်ယမ်းကြတဲ့
သောကတောင်တန်းပေါ်က
ကန္တာရခရီးသွားတွေ။
ပျော်တခါ နိုးတဝက်
သက်ပြင်းပူတလှည့်နဲ့
ဗုံးလက်နက်သံကြား
စိုးရိမ်စိတ်ပွားပြီး
နားစွင့် အိပ်စက်ကြရတဲ့သူတွေ။
ဖယောင်းလို ပုံသွင်းကောင်းတဲ့အရွယ်
အမြစ်တွယ် ကျန်ရစ်တာက
တစစီဖြစ်သွားတဲ့
ရွာ၊ကျောင်း၊အိမ်နဲ့
ကစားဖော်တို့ရဲ့ပုံရိပ်
တိတ်တဆိတ် ကျိတ်ရှိုက်သူတွေရှိသလို
ညညဆို
လန့်လန့်အော်ငိုနေမလား
‘အနာဂတ်’လို့ တင်စားပေမယ့်
အနာဂတ်မဲ့သွားတဲ့ ကလေးတွေ။
အခုကာလမျိုးက
တမိုးရိပ်အောက်
ငြိမ်းငြိမ်းအေးအေး
အိပ်ပျော်ခွင့်လေး ရတာကိုကပဲ
မလုံမလဲစရာ
မလုံမခြုံစိတ်
တိုးတိတ်စွာ ဖြစ်စေ
စိတ်ဒဏ်ရာတွေ ဗရပွနဲ့
မိစ္ဆာတောင်ပံ ဖြန့်နေသမျှ
လိပ်ပြာသန့်ဖို့ မလွယ်တဲ့ည။