ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - မိုက်မဆုံးနိုင် ပု
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - မိုက်မဆုံးနိုင် ပု
(မိုးမခ) ဧပြီ ၃၀ ၊ ၂၀၂၃
ကျိုးကြောင်းပြညွှန် ဆုံးမစကားကို ပြောကြားလာက နာလွယ်စေ၊ သောဝစဿတာမင်္ဂလာ။ သူ့ရဲ့ဆန့်ကျင်ဘက်က စည်းကမ်းမဲ့တာ၊ ခေါင်းမာတာ။
ဒါက မင်းတုန်းမင်းကြီး ကိုင်စွဲတဲ့ မင်္ဂလာလေ။ ငါမကောင်း ငါ့ရေး၊ ငါ့မိဖုရား သားသမီးတွေ မကောင်း ငါ့မိဖုရား သားသမီးတွေရေး ဆိုတဲ့ မီဒီယာလွတ်လပ်ခွင့် သဘောထား။ ကိုယ့်အဖွဲ့အစည်းဟာ ပရမ်းပတာ မဟုတ်ဘူးဆိုတာ သက်သေပြနိုင်တဲ့မင်္ဂလာ။
တပ်ဟာ မဟုတ်တာဘဲ တလျှောက်လုံး လုပ်နေတာဆိုတော့ အာဏာမသိမ်းခင်ကလည်း တပ်ကို ဝေဖန်သူမှန်သမျှ တရားစွဲ ထောင်ချ။ သိမ်းပြီးချိန်တော့ မပြောနဲ့တော့။ မီဒီယာ ဆိုရင်ကို ဖမ်းဆီးနှိပ်စက် ထောင်ချ သတ်ဖြတ် နှိပ်ကွပ်တော့တာ။ အင်တာနက်လည်း နည်းမျိုးစုံကန့်သတ်၊ လိုင်းကျအောင်လုပ်၊ ဒေတာစျေးတင်။
သောဝစဿတာ မင်္ဂလာပျက်လာ မီဒီယာနှိပ်ကွပ် သတင်းလွတ်လပ်ခွင့် တင်းကျပ်တယ်ဆိုတာ စိတ်အလိုဆိုး ရှိလို့၊ မရိုးသားလို့၊ ခိုးစားလို့၊ ပြည်သူ့ဆန္ဒ မလေးစားလို့လေ။ ပြည်သူ့အခွင့်အလမ်းကို ဖျက်ချင်တဲ့ အမျက်စောင်မာန်ကြီးလို့၊ သူတို့ မထောက်ခံသူ ပြည်သူနဲ့ ပြည်သူ ထောက်ခံသူတွေကိုလဲ အငြိုးအတေးထားလို့၊ ရိုင်းရိုင်းစိုင်းစိုင်းတွေ ပြောဆို တဖက်သတ် သတင်းထုတ်ပြန်နေလို့လေ။ သူခိုးက လူဟစ် အစစ်ကို အတု မုသာဝါဒတွေ ထုတ်လွှင့်နေလို့။ ကိုယ့်အပြစ် ကိုယ့်အသုံးမကျတာကို သူများပုံချနေလို့။ ပြည်သူ ထောက်ခံသူတွေအပေါ် မနာလိုဝန်တိုမှုကြီးလွန်းလို့။ တိုင်းပြည်အပေါ်ရော စစ်တပ်အပေါ်ပါ သစ္စာမဲ့လို့။ ဘာမှ မသိမတတ်ပေမယ့် ကိုယ့်ဘာသာ ထင်တလုံး ဖြစ်နေလို့။ မင်းတို့က ငါတို့ကို ပြောဆိုသင့်တယ်လို့ ဘာ့ကြောင့် ထင်တာလဲ၊ ငါတို့ကပဲ ပြောဆိုရမှာလို့ ဘဝင်လုံးဆို့နေလို့။ ပြီးတော့ ဇွတ်အတင်း လူရာဝင်ချင်လို့။
ဒီမင်္ဂလာတစက်မှ မရှိတော့ တပ်ဟာ အပြစ်နွံနစ်သထက်နစ် အဆိုးအညစ်ထဲက ဘယ်လိုမှ ပြန်မရုန်းသာ မိုက်လုံးကြီးချင်တိုင်းကြီး။ ကမ္ဘာအရပ်ရပ်က အထပ်ထပ်အပြန်ပြန် မေတ္တာရပ်ခံလဲ အသတ်မပျက် အဖျက်မတန့် တပြည်လုံးအနှံ့ မီးရှို့မြဲ။ ထွက်ပေါက်အမျိုးမျိုးပြ ကိုယ့်ပြည်ကိုယ့်တပ်ပြန်တည်ဖို့ နားချလဲ မရ။ ငါတို့ကို ဘယ်သူက လှန်နိုင်မှာလဲထင်နေတုန်း။ မိုက်မဆုံးနိုင်ပုပေါ့လေ။
မိုက်မဆုံးနိုင်ပု။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar