Breaking News

ပဇီကြီး ကျေးရွာသား ၄ ဦးကို စစ်ကောင်စီ သတင်းပေးအဖြစ် NUG က ဖမ်းဆီး အရေးယူ

မြန်မာ့နွေဦးခရိုနီကယ် - ဧပြီ ၂၉ မြင်ကွင်း

မိုးမခ - ဧပြီ ၃၀၊ ၂၀၂၃


ပဇီကြီး ကျေးရွာသား ၄ ဦးကို စစ်ကောင်စီ သတင်းပေးအဖြစ် NUG က ဖမ်းဆီး အရေးယူ

ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာမှာ ဧပြီလ ၁၁ ရက်နေ့က စစ်ကောင်စီရဲ့ လေတပ်က ဗုံးကြဲတိုက်ခိုက်မှုမှာ ကျေးရွာသားတချို့က သတင်းပေးခဲ့တယ်ဆိုတဲ့ သံသယရှိခဲ့ပြီးနောက် မကြာသေးခင်က ကျေးရွာသူ ကျေးရွာသားတချို့နဲ့ ရွာက ဘုန်းတော်ကြီးတပါးတို့ကို NUG လက်အောက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ထိန်းသိမ်းကာ မေးမြန်းခဲ့တဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ အဲဒီနောက် ရက်အနည်းငယ် အကြာမှာတော့ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ကို စစ်ကောင်စီကို သတင်းပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အရေးယူ အပြစ်ပေးသွားမယ်လို့ NUG က ကြေညာခဲ့ပါတယ်။ 

အသက် ၃၀ အရွယ် အမျိုးသမီးတဦးနဲ့ အခြား လူလတ်ပိုင်း အမျိုးသား ၃ ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မအရ အမှုဖွင့်ထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပေမယ့် ဘယ်လို ဆက်သွယ်သတင်းပေးတယ် ဆိုတဲ့အထိ အသေးစိတ် အချက်အလက်တွေကို ဖော်ပြမထားပါဘူး။ နောက်ထပ် အမျိုးသမီးတဦးနဲ့ ကန့်ဘလူ မှော်တောရွာက စစ်ကောင်စီကို တက်ကြွစွာ ထောက်ခံကာ ပြည်သူ့စစ်ဖွဲ့စည်းရာမှာ ဦးဆောင်နေတဲ့ ၅၅၀ ဆရာတော် ဦးဝါသဝကိုလည်း အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ အမှုဖွင့်ထားတယ်လို့လည်း ဖော်ပြထားတာ ဖြစ်ပါတယ်။ 

ပဇီကြီးကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုဟာ ဖြစ်ရပ်တခုထည်းနဲ့ အသေအပျောက်အများဆုံး ဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုဖြစ်ပြီး လွန်ခဲ့တဲ့ ၂ နှစ်ကျော်ကာလအတွင်း အဆိုးရွားဆုံး အဖြစ်အပျက်တရပ်အဖြစ် မှတ်တမ်းတင်ရမယ့် လေကြောင်းတိုက်ခိုက်မှု အရပ်သားသေဆုံးမှု တခုလည်းဖြစ်ပါတယ်။ 

ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ အခုလို ကျေးရွာခံ တချို့ကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူမယ်ဆိုတာဟာ တရားမျှတမှု ရှိပါရဲ့လား၊ ၎င်းတို့ရဲ့ နိုင်ငံရေးအရ တဖက်ကို လိုလားမှု၊ အရပ်သားတယောက်အနေနဲ့ သိရှိနိုင်တဲ့ သတင်းအချက်အလက်ကို အခြားရွာက စစ်ကောင်စီ လိုလားတဲ့ အဖွဲ့အစည်း အင်အားစုကို အသိပေးတဲ့ အချက်ကြောင့် အခုလို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ အမှုဖွင့် အရေးယူသင့်သလား စတဲ့ မေးခွန်းတွေလည်း ရှိလာတာ ဖြစ်ပါတယ်။ 

အခုလို လက်နက်ကိုင် တိုက်ခိုက်မှုတွေ ထွက်ပြေးတိမ်းရှောင်ရမှုတွေအောက်မှာ စနစ်ကျတဲ့ တရားစီရင်ရေး၊ နားလည် ကျွမ်းကျင်တဲ့ တရားရေးဝန်ထမ်း၊ ဖိနှိပ်ခြင်း မပါဝင်တဲ့ တရားမျှတတဲ့ ဥပဒေစတာတွေ ရှိနိုင်မလားဆိုတာလည်း အရေးကြီးတဲ့ မေးခွန်းတရပ်ဖြစ်နေမှာ ဖြစ်ပါတယ်။ 

ပဇီကြီး လေကြောင်းတိုက်ခိုက်ခံရမှုရဲ့ အကြောင်းခံကို ချဥ်းကပ်ရာမှာ သတင်းပေးမှုကြောင့် တိုက်ခိုက်ခံရတာလား၊ စစ်ကောင်စီရဲ့ ရန်သူအပေါ်မှာ ကျင့်သုံးတဲ့ နည်းလမ်းတွေ၊ သဘောထားတွေ အရပ်သားနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရောနှောပြီး တိုက်ခိုက်တဲ့ ဗျူဟာအပေါ်မှာ နောက်နောင် ထိခိုက်သေဆုံးမှုနည်းအောင် မိမိတို့ဘက်က လုပ်ဆောင်ရမယ့် နည်းလမ်း စည်းကမ်းတွေ ပြင်ဆင်သင့်တာတွေ စသဖြင့် ပြီးခဲ့တဲ့ ဖြစ်ရပ်ဆိုးကနေ သင်ခန်းစာရယူပြီး ပြင်ဆင်သင့်တာတွေ ပြင်ဆင်ဖို့က အဓိကကျသလား ဆိုတာတွေလည်း မေးစရာ ဆွေးနွေးစရာ ရှိလာတာ ဖြစ်ပါတယ်။ 

စစ်ကောင်စီဘက်က ၎င်းတို့ တိုက်ခိုက်ခံရတဲ့အခါတိုင်းမှာ အနီးအနားက ကျေးရွာတွေကို တုံ့ပြန်ဒဏ်ခတ်တာ၊ အရပ်သားတွေကို ဖမ်းဆီး နှိပ်စက်တာ အဆိုးဆုံးအဖြစ်အပျက်တွေမှာ အသက်သေဆုံးသည်အထိ သတ်ဖြတ်တာတွေ လုပ်ဆောင်လေ့ရှိပြီး ဒဏ်ခတ်တဲ့အနေနဲ့ နေအိမ်တွေမီးရှို့တာ ပိုင်ဆိုင်မှု၊ ရိက္ခာတွေ ဖျက်ဆီးတာတွေ လုပ်ဆောင်လေ့ရှိပြီး ဒီလိုလုပ်ဆောင်မှုတွေက လူထုဆန့်ကျင်ရေး လုပ်ဆောင်မှုတွေလို့ ခေါ်ဆိုနိုင်တာ ဖြစ်ပါတယ်။ လက်နက်ရှိတဲ့ အဖွဲ့အစည်းက အရပ်သားတွေ အပေါ် အင်အားနဲ့ အနိုင်ကျင့် ပြုမူတာ လူ့အခွင့်အရေး ချိုးဖောက်တာတွေ ဖြစ်ပါတယ်။ 

တဖက်မှာ ဒီမိုကရေစီ အခွင့်အရေး ဖက်ဒရယ်အခွင့်အရေးအတွက် တိုက်ပွဲဝင်နေတယ်ဆိုတဲ့ NUG အနေနဲ့ စစ်ကောင်စီတပ်တွေ က ကျင့်သုံးတဲ့ ဥပဒေ၊ နည်းလမ်းလိုမျိုးကို အတုမယူဘဲ တော်လှန်ရေး ဖော်ဆောင်ရာမှာ မိမိတို့ စံနှုန်း၊ မိမိတို့ တန်ဖိုးနဲ့ ကျင့်သုံးပြုမူသင့်တယ်လို့ ထင်ပါတယ်။ 

အခုလိုကာလမှာ စစ်ကောင်စီရဲ့ ရက်စက်မှု၊ လက်နက်အားကိုး ပြုမူမှုတွေကို သတင်းပေးကြောင့်လို့ ဆိုတဲ့ အနီးအနားက လက်တုံ့ပြန်နိုင်တဲ့သူကို အပြစ်ပုံချပြီး လက်စားချေခြင်း၊ နာကြည်းမှုတွေကို စုပုံဒဏ်ခတ်ခြင်းတွေ မဖြစ်ဖို့ သတိပြုဆင်ခြင်သင့်ပြီး စစ်အာဏာရှင် စနစ်၊ ဝါဒ ၊ လုပ်ကိုင်ပုံ၊ သဘောထားတွေကို ဆန့်ကျင်တော်လှန်ဖို့ လုပ်ဆောင်နေတဲ့ တော်လှန်ရေးတရပ် ဖြစ်တယ်ဆိုတာ သတိမမေ့ဖို့ အရေးကြီးတာ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar