Breaking News

ကိုလှိုင်းသစ် - အိုလံပစ်ဂျာနယ်နေ့ရက်များ

အိုလံပစ်ဂျာနယ်နေ့ရက်များ
(ကိုကိုအောင်-သပြေ၊ ကိုတင်ကိုအောင်(ကြည်သူ/သိုးဟိန်း)၊
ကိုအောင်သိန်း(ကောင်းသာ)၊ ကိုကြွက် (သိမ်းတင်သား)၊ ကေမြိုး)
ကိုလှိုင်းသစ်
(မိုးမခ) မေ ၁၊ ၂၀၂၃ 

၁၉၉၇-၉၈ သူငယ်ချင်းဖိုးဇော် (Tun Zaw Lin) ဆီမှာကွန်ပျူတာစာစီစာရိုက်ဝင်လုပ်ရင်းအိုလံပစ်ဂျာနယ်နှင့် စတင်ထိတွေ့ခွင့်ရခဲ့သည်။ အိုလံပစ်ဂျာနယ်ကကွန်ပျူတာစာစီစာရိုက်အစအဆုံးကိုကျွန်တော့်သူငယ်ချင်းဖိုးဇော်ကိုအပ်သည်။ ကျွန်တော်ကစာရိုက်ရသည်။ သူငယ်ချင်းဖိုးဇော်အိမ်မှာတင် သူနဲ့ကျွန်တော် လုပ်ရသည်။ ပြီးမှ Printout ထုတ်၊ စာရွက်စာတမ်းတွေယူပြီးသူကမြို့ထဲဆင်း၊ ကျွန်တော်ကကျန်တဲ့အလုပ်ဆက်လုပ်။ 

၁၉၉၈ လောက်ကဖြစ်မည်ထင်သည်။ World Cup လုပ်တော့ အိုလံပစ်ဂျာနယ်ကကမ္ဘာ့ဖလားပွဲတစ်လျှောက်လုံး Bulletin သတင်းလွှာအဖြစ် ထုတ်ဝေသည်။ အလုပ်တွင်ကျယ်စေရန် ကျွန်တော်တို့ကွန်ပျူတာတွေဂျာနယ်တိုက်ရွှေ့ရသည်။ တစ်ခါတည်းရိုက်၊ တစ်ခါတည်း Print ထုတ်လို့ရအောင်ဖြစ်သည်။ ဂျာနယ်တိုက်က ၃၃ လမ်းမှာတိုက်တလုံးရဲ့ အပေါ်ဆုံးထပ်မှာ။ 

ပထမဆုံးဂျာနယ်တိုက်မှာကိုဆန်နီနဲ့ စတွေ့ရသည်။ သူ့တပည့်တစ်ယောက်နှင့်အတူ နေသည်။ သူ့ကိုသပြေမဂ္ဂဇင်းအယ်ဒီတာချုပ်ဟောင်း၊ စာရေးဆရာမှူးသပြေ၏သား၊ စာရေးဆရာကိုကိုအောင် သပြေမှန်းမသိသေး။ ဂျာနယ်တိုက်၏ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးအနေနှင့်သာစသိသည်။ အိုလံပစ်ဂျာနယ်ကတချိန်ကအား/ကာနာမည်ဖြင့် ထုတ်ဝေခွင့်ကျသည်။ အဲဒါကိုကိုဆန်နီတို့ကရယူလုပ်ကိုင်ခြင်းဖြစ်သည်။ ဂျာနယ်တိုက်ရှိရာသူ့တိုက်ခန်းကမီးမှန်သည်။ လက်ရေးခပ်သေးသေးဖြင့် ကျွန်တော့်ကိုဘောလုံးဆောင်းပါးတွေပေးသည်။ ကျွန်တော်စာရိုက်ရသည်။ နောက်မှသူ့ကိုသပြေမဂ္ဂဇင်းအယ်ဒီတာချုပ် စာရေးဆရာမှူးသပြေ၏သား၊ ကိုကိုအောင်(သပြေ)မှန်းသိရသည်။ ကမ္ဘာ့ဖလားကာလတလျှောက်လုံးနှင့် ကမ္ဘာ့ဖလားပြီးတော့ ကွန်ပျူတာတွေကိုသူ့တိုက်မှာပဲဆက်ထားပြီးတော့ အလုပ်လုပ်ဖြစ်သည်။ အိုလံပစ်ဂျာနယ်အတွက် စာမူတွေရိုက်ဖြစ်သလို တခြားစာမူတွေ၊ တခြားအလုပ်တွေကိုလည်းသူ့တိုက်မှာပဲလုပ်ဖြစ်သည်။ ၃၃ လမ်းကအဲဒီတုန်းက လျှပ်စစ်မီးမှန်သည်။ ကိုဆန်နီနဲ့ ကျွန်တော်စကားတွေပြောဖြစ်သည်။ အဲဒီအချိန်မှာသူကရံဖန်ရံခါသာသောက်တော့သည်။ သူတခါတလေရယ်ပြီးပြောဖူးတာကငါကဒဂုန်တာရာနဲ့ တစ်လတည်းမွေးကွဟုသူပြောလေ့ရှိသည်။ ရံဖန်ရံခါ သူ့အဖေ ဗိုလ်မှူးကြီးသန်းညွန့် (အရမ်းသန်းညွန့်၊ မှူးသပြေ) အကြောင်း မိသားစုအကြောင်းများပြောပြသည်။ 

မှတ်မှတ်ရရဂျာနယ်ကိုကော၊ သူ့ကိုကော ကျွန်တော် ဒုက္ခပေးဖူးသည်။ ဂျာနယ်ကိုကစာမှားရိုက် ပြီးဒုက္ခပေးလိုက်သည်။ ကျွန်တော်က ဘောလုံးပွဲလုံး၀စိတ်မဝင်စား၊ စာရိုက်တော့ အားကစားဂျာနယ်၊ ဘောလုံးသမားနာမည်တွေ၊ အသင်းနာမည်တွေ၊ ပွဲစဉ်ဇယားတွေဘာမှမသိ၊ ဂျာနယ်မှာပွဲစဉ်ဇယားတစ်ခုကိုရိုက်ထည့်ရာမှာလွဲပြီး တစ် team တည်းကပဲတစ်ရက်တည်းမှာနှစ်ပွဲကန်သလိုစာမှားရိုက် လိုက်သည်။ ခရိုအေးရှားဖြစ်မည်ထင်သည် မမှတ်မိတော့။ ပရုဒ်ဖတ်တဲ့သူလည်းလွတ်သွားသည်။ ဂျာနယ်တိုက်ကိုဖုန်းတွေတဂွမ်ဂွမ်လာပြီးမေးကြတော့သည်။ သူဒိုင်ခံဖြေရှင်းရသည်။ နောက်ဂျာနယ် မှာတော့ သူကိုယ်တိုင် တောင်းပန်စာရေးပြီးပြန်ရှင်းရသည်။ 

နောက်တခါ Cordless ဖုန်းကိစ္စသူ့ကိုကျွန်တော်ဒုက္ခပေးဖူးသည်။ အဲဒီခေတ်ကဖုန်းကအင်မတန်ရှားသည်။ Cellular ဖုန်းတော့ပေါ်ပြီ။ သို့သော် ဆရာ့ဆရာမှကိုင်နိုင်သည်။ တချို့ကအိမ်ကလိုင်းဖုန်းကိုအထိုင်စက်ဖြင့် ခေါင်မိုးပေါ်မှာအင်တင်နာတိုင်ထောင်ပြီး Cordless ဖုန်းလုပ်ကြသည်။ ဖုန်း Handset ကတော့ ဆယ်လူလာဖုန်းပုံစံအတိုင်းပင်ဖြစ်သည်။ အင်တင်နာတိုင်မြင့်လေဝေးဝေးရလေ။ ကျွန်တော့်အိမ်မှာအဲဒီ Cordless ဖုန်းလေးတစ်လုံးရှိသည်။ သို့သော် အိမ်ကနိမ့်တော့ အင်တင်နာတိုင်နိမ့်ပြီးဝေးဝေးသုံးလို့မရ။ ကိုဆန်နီ့အိမ်ကမြင့်တော့ သူ့မှာလည်းလိုင်းဖုန်းရှိတော့ ကျွန်တော်သူ့ကိုသုံးဘို့ မြှောက်ပေးသည်။ အိမ်ကဖုန်းယူလာပြသည်။ သူကလည်းသဘောကျပြီးသူနဲ့ကျွန်တော်သွားဝယ်သည်။ ကျွန်တော် လိုက်ဝယ်ပေးသည်။ ဆင်တဲ့အဖွဲ့လိုက်လာပြီးဆင်သည်။ ခနပဲသုံးလိုက်ရသည်။ သိပ်မကြာပါ။ ပျက်သွားသည်။ ပြင်လို့ မရတော့။ Warranty လဲမရှိ။ သူစိတ်ညစ်သွားသည်။ ဂျာနယ်တိုက်မှာတော့ “မင်းမြှောက်ပေးလို့ ကိုဆန်နီဒုက္ခရောက်တာ”လို့စကြသည်။ 

နောက်ထပ်သိရသူက ကိုတင်ကိုအောင် (စာရေးဆရာ ကြည်သူ)၊ သူနဲ့လည်း ဂျာနယ်တိုက်ရောက် မှသိရသည်။ ကိုဆန်နီနဲ့သူငယ်ချင်း။ သူကတိမွေးကုဆရာဝန်။ အရင်ကဟန်သစ်မဂ္ဂဇင်းအယ်ဒီတာချုပ်။ ကြည်သူနာမည်နဲ့ကစာတွေအများကြီးရေးခဲ့ပြီးပြီ။ သူတို့ကဂျာနယ်ထွက်ခါနီးနှစ်ရက်သုံးရက်မှ ညနေမှ ရောက်လာလေ့ရှိသည်။ စာမူတွေ ကျွန်တော့်လက်ထဲရောက်လာသည်။ တခါတလေဂျာနယ်တိုက်ရောက်မှရေးသည်။ နိုင်ငံခြားသတင်းစာတွေကနေအားကစားဆောင်းပါးများဘာသာပြန်သည်။ English ကောင်းသည်။ ကျွန်တော်တို့နဲ့ကညနေအလုပ်ပြီးလျှင် ဆိုင်သွားသည်။ မပြီးလည်းသွားသည်။ ပန်းဆိုးတန်းလမ်းထိပ်က Bar တစ်ခုမှာထိုင်ကြသည်။ သူပဲရှင်းတာများသည်။ ပြန်လာမှ မူမူးနဲ့ဆက်လုပ်ကြ။ သူတို့ကပြန်ကြသည်။ အိမ်ပြန်ရောက်လည်းဆက်သောက်ဦးမည်ဆိုတာယုံသည်။ သူ့ကိုလည်းဒုက္ခပေးခဲ့ဖူးသည်။ မှတ်မှတ်ရရ ကျွန်တော်တို့တစ်ဖွဲ့ကြီးသောက်ကြချိန် ကျွန်တော်နဲ့ ကေမြိုးကြီးကစကားကောင်း၊ ကိုတင်ကိုအောင်လည်းတစ်ယောက်နဲ့စကားကောင်းနေချိန်၊ ကိုအောင်သိန်း (ကောင်းသာ)နဲ့ နီကိုရဲထင်သည် (မသေချာတော့ပါ) ကိစ္စတစ်ခုကိုစကားအခြေအတင် ပြောနေကြချိန် ကျွန်တော် ဝိုင်းပေါ်ကိုမူးပြီးအန်ချပစ်လိုက်သည်။ အကုန်လုံး ၀ရုန်းသုံးကားဖြစ်သွားသည်။ ကိုတင်ကိုအောင် စားပွဲထိုးကိုပိုက်ဆံပေးပြီးရှင်းခိုင်းခဲ့ကာအကုန်လုံးထပြန်ခဲ့ရတာမှတ်မိသေးသည်။ 

ကိုအောင်သိန်း (ကောင်းသာ)နဲ့ကတစ်ခါတလေလောက်ပဲ တွဲဖြစ်သည်။ သူလည်း English စာကောင်းသည်။ သူ့လက်ရေးကတကယ့်စာရေးဆရာလက်ရေး၊ စာစရိုက်စကသူ့လက်ရေးကို ကျွန်တော်ဖတ်မရ။ နောက်မှ နည်းနည်းအထာသိသွားသည်။ ဂျာနယ်တိုက်မှာသူနဲ့ကိုတင်ကိုအောင်တို့ကနိုင်ငံခြားသတင်းစာကအားကစားဆောင်းပါးတွေကိုဘာသာပြန်ပေးရသည်။ ကိုအောင်သိန်းက English ဆောင်းပါးတစ်ပုဒ်ကိုလက်ဖက်ရည်ဆိုင်မှာတင် ဘာသာပြန်ပြီးရေးပေးလိုက်တာ ကျွန်တော်တွေ့ဖူးသည်။ သူကလည်းလစ်လျှင်လစ်သလိုအစိုးရကိုတွယ်သည်။ အဲဒီအချိန်က “ခေတ်မှီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်သစ်ဆီသို့” ဆိုသောဆောင်ပုဒ်ဖြင့် နိုင်ငံ တော်သစ်ကြီးကို အခုလိုပဲ လျှပ်စစ်မီး မလာတလှည့်၊ ပျက်တလှည့်၊ မလင်း တလှည့်ဖြင့် ချီတက်နေချိန်၊ နိုင်ငံခြားကအားကစားပြိုင်ပွဲဖွင့်ပွဲတစ်ခုမှာ လျှပ်စစ်မီးပျက်သွားသည့် သတင်းတစ်ပုဒ်ပါလာသည်။ သူကအဲဒါကိုဘာသာပြန်ရင်းနဲ့ “ဒါခေတ်မီဖွံ့ဖြိုးတိုးတက်လာတဲ့သဘောပါ” ဆိုပြီးရေးလိုက်သည်။ ကျွန်တော်လည်းရိုက်ပေးလိုက်သည်။ ဘာမှမဖြစ်တာကံ ကောင်း။ အဲဒီအချိန်ကတည်းက ကောင်းသာကလောင်နာမည် ယူပြီးလားမယူရသေးလား ကျွန်တော်မမှတ်မိတော့။ အခုတော့ မတွေ့တာလည်းကြာခဲ့ပြီ။ ကျွန်တော့်ကိုမှတ်မိမှာလည်းမဟုတ်တော့။ အခုသူကနာ မည်ကြီးစာရေးဆရာဖြစ်နေပြီ။ ရာပြည့်တိုက်ကသူ့စာအုပ်တွေထုတ်သည်။ သူလည်းအသက်မနည်းလှတော့။

ကိုကြွက် (သိမ်းတင်သား) ကိုတော့ သူငယ်ချင်းဖိုးဇော်နဲ့ပတ်သက်ပြီးအရင်သိသည်။ သူကပုသိမ် သား။ ကိုငှက် (ထူးအိမ်သင်)တို့နဲ့ ခင်သည်။ ဂျာနယ်မှာပြင်ပဆက်သွယ်ရးတာဝန်ခံလို့ပဲပြောရမည် ထင်သည်။နိုင်ငံခြားသတင်းစာတွေရှာဝယ်ရသည်။ Printout တွေဖလင်ရိုက်၊ အော့ဖ်စက်တင်ဘို့ လုပ်၊ ဖြန့်ချိရေးအထိသူအကုန်လုပ်ရသည်။ အဆောင်မှာနေသည်။ နာမည်အရင်းကအောင်ကျော်ဦး၊ ဘယ်လိုကြောင့် ကိုကြွက်ခေါ် ကိုကြွက်နီလို့ခေါ်သည်မသိ။ သိမ်းတင်သားဆိုတဲ့ ကလောင်နာမည်ယူတာကသူ့အဖေနာမည်က ဦးသိမ်းတင်၊ ဒါကြောင့်မို့ သိမ်းတင်သားလို့ပေးတာ ကျွန်တော်သိသည်။ သူတို့ကအရင်သရဖူမဂ္ဂဇင်းကိုပို့စ်မော်ဒန်မဂ္ဂဇင်းအဖြစ် ဆရာဇော် (ဇော်ဇော်အောင်) တို့လုပ်ကတည်းကဖိုးဇော်တို့ ကိုကြွက်တို့က သရဖူအဖွဲ့တွေပါ။ သူနဲ့ကလူငယ်ဆိုတော့ ပိုရင်းနှီးသည်။ ဂျာနယ်ထွက်ခါနီးသူနဲ့ ကျွန်တော်တို့နဲ့ အလုပ်ကိစ္စအမြဲရန်ဖြစ်ရသည်။ 

သူက ကျွန်တော်တို့ကို လူငယ်ရွှေခေတ်လို့ ခေါ်သည်။ ဘာကြောင့်မှန်းတော့ မသိ။ ကိုကြွက်က စာဖတ်အားတော့ ကောင်းသည်။ ဖိုးဇော်ကလေးမွေးတော့ “ကလေးကိုမရိုက်ရဘူးကွ၊ ရွှေဥဒေါင်းတသက်တာမှတ်တမ်းမှာမိဘကကလေးကိုရိုက်လို့ စိတ်ထဲမှာဆူးကြီးတစ်ချောင်းပေါက်လာတယ်ဆိုတာ မကြားဖူးဘူးလား” ဟုသူပြောဖူးသည်။ “စာအုပ်ဝယ်ရင် စျေးမဆစ်ရဘူးကွ၊ စာပေက တန်ဘိုးရှိတယ်” ဟုပြောလေ့ရှိသည်။ သူကတော့ ရီ ဝေလျက်။ သူသရဖူမှာလုပ်တုန်း ဆရာမြသန်းတင့် မဆုံးခင်မှာ ဆရာမြဆီကိုတခြားသူများနှင့်အတူရံဖန်ရံခါ သူရောက်ခဲ့ဖူးသည်။ နောက်သူမပါတဲ့အချိန်တခြားသူတွေရောက်သွားတော့ဆရာမြကသရဖူကကောင်လေးမပါဘူးလားဟု အခြားသူများကို မေးကြောင်း သူကျွန်တော်တို့ကိုပြောပြ (ကြွား)ဖူးသည်။ သူနှင့်မတွေ့တာအတော်ကြာခဲ့ပြီ။ သူကတော့ ကျွန်တော့်ကိုမှတ်မိလိမ့်ဦးမည်ထင်သည်။ သူရေးတဲ့အတိုင်းပြောရလျှင် အရှင် လတ်လတ်ရှိသေးသည်။ သူ့စာအုပ်တွေထွက်မှ သူနဲ့ကျွန်တော် အဆက် အသွယ်ပြတ်သွားသည်။ စာအုပ်လက် ဆောင်မရတော့။ 

ကေမြိုးကြီးနဲ့က ရံဖန်ရံခါလောက်သာတွေ့ဖြစ်သည်။ ကျွန်တော်ကပန်းချီအကြောင်း သိပ်နားမလည်သော် လည်းသူ့ပန်းချီတွေကို သဘောကျသည်။ သူ့နာမည်အရင်းက ကိုမျိုးကြွယ်။ အဲဒီခေတ်ကမဂ္ဂဇင်းတော်တော်များများမှာ သူ့ပန်းချီတွေ တွေ့ရသည်။ သူကအဲဒီအချိန်မှာ ဆရာမင်းသုဝဏ်ရဲ့ သပြေသီးကောက် ကလေးသီချင်းခွေစီစဉ်နေပြီ။ တချို့ကိစ္စတွေကို ကိုကြွက်ကိုခိုင်းနေတာ ကျွန်တော်ကြားရသည်။ ကိုကြွက်ကိုစာရေးပြီးကိစ္စတခုခိုင်းသည်။ စာအောက်မှာမှတ်ချက်က “တို့ခေတ်သို့ ရောက်ရမည်မှာမလွဲပါ” ဟုရေးထားသည်။ ကိုကြွက်က စိတ်ပျက်လက်ပျက်ဖြင့် “တို့ဒုက္ခရောက်ရမည်မှာမလွဲပါ ” ဟုနောက်ပြီးပြောသံကြားလိုက်ရသည်။ သူကကိုတိုးကြီး(ခင်မောင်တိုး)တို့နဲ့ ခင်သည်။ အခွေတွေလုပ်ဖူးသည်။ သီချင်းတွေရေးဖူးသည်ဟု ကြားဖူး သည်။ ကျွန်တော့်ကိုတော့ သူအဲဒီအကြောင်းတွေမပြောပြ။ သူ့မှာသမိုင်းတွေ အများကြီးရှိခဲ့မည်။ 

ဂျာနယ်တိုက်ကိုရံဖန်ရံခါ နီကိုရဲရောက်ရောက်လာသည်။ မကြည်ပြာထွက်ပြီးကာစအချိန်။ သူနဲ့ကနည်းနည်းပဲရင်းနှီးခဲ့သည်။ သူလည်းစာတော်တော်ဖတ်သည်။ ငြိမ်းငြိမ်းချမ်းချမ်းစာပေကဦးခင်ဇော် (ဆရာချစ်ဦးညိုရဲ့ညီ)နဲ့ကဖိုးဇော်နဲ့အတူလေထန်ကုန်းမှာထိုင်ရင်းတွေ့ဖြစ်သည်။ သူ့စာအုပ် တိုက်ကထုတ်သည့် စာအုပ်တွေကို ကျွန်တော်တို့ကိုကွန်ပျူတာစာရိုက်ဘို့အပ်သည်။ မှတ်မှတ်ရရဆိုလျှင် ဆရာမကြီးခင်နှင်းယု၏ ပျားရည်အိုင်၊ ဆရာချစ်ဦးညိုရဲ့ ရတနာဂီရိအကျဉ်းသားတို့ကို ကျွန်တော်တို့ကိုစာရိုက်ဘို့အပ်သည်။ 

၁၉၉၈ လောက်မှာ ကျွန်တော်တို့ အိုလံပစ်ဂျာနယ်နားသည်။ ထုတ်ဝေသူနောက်တစ်ဦးလက်ထဲကို ပြောင်းသွားသည်။ အချိန်တွေကြာခဲ့ပြီ။ ပြန်စဉ်းစားကြည့်တော့ တချို့တွေလောကထဲက ထွက်ခွာသွားခဲ့ကြပြီ။ ဂျာနယ်နားပြီးမကြာခင် ကိုဆန်နီ(ကိုကိုအောင် သပြေ) ဆုံးသည်။ ကိုဆန်နီမဆုံးခင်အချိန်မှာ ကျွန်တော်ရောက်သွားသည်။ အခြေအနေမကောင်းတော့။ မရတော့ဘူးဆိုတာသိခဲ့ရသည်။ နာရေးချတော့ ကျွန်တော်မရှိ။ ရက်လည်မှ ရောက်သွားသည်။ သူ့အဖေမှူးသပြေ (ဗိုလ်မှူးကြီးသန်းညွန့်) နဲ့တွေ့သည်။ စကားတွေပြောဖြစ်ခဲ့သည်။ အဲဒီနောက် ကျွန်တော် သူတို့လောကနဲ့ အဆက်အသွယ် ပြတ်သွားသည်။ ကေမြိုးကြီးဆုံးတော့ ကျွန်တော် သူတို့နဲ့ အဆက်အသွယ်မရှိတော့။ ကျွန်တော်လည်းမရောက်ဖြစ်။ ကိုတင်ကိုအောင်က ကိုဗစ်မှာဆုံးသည်။ ကိုတင်ကိုအောင်က သိုးဟိန်းနာမည်နဲ့ အားကစားဆောင်းပါးတွေရေးတယ်လို့တော့ ကြားမိသည်။ ကိုတင်ကိုအောင်ဆုံးတော့ ကျွန်တော်သိသည်။ ကိုယ်တိုင်လည်းကိုဗစ်ဖြစ်ပြီးကာစမို့ မသွားနိုင်။ သူငယ်ချင်ဖိုးဖော်တော့ သွားတာတွေကလိုက်သည်။ 

အချိန်ကာလတွေကြာခဲ့ပြီ။ တစ်ချိန်တုန်းကလုပ်ကိုင်ခဲ့ကြတဲ့ လုပ်ဖေါ်ကိုင်ဖက်တွေအကြောင်းအမှတ်တရရေးလိုက်ခြင်းသာ …. ။ သမိုင်းတစ်ခုပေါ့။ ကျွန်တော်တို့ပြီးတဲ့နောက်ပိုင်းမှာအိုလံပစ် ဂျာနယ်ကိုနောက်တစ်ဖွဲ့ဆက်လက်ထုတ်ဝေသည်။ ကျွန်တော်တို့နှင့် အဆက်အသွယ်မရှိတော့။ 

ကိုလှိုင်းသစ်
27-4-2023
10:04 PM
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar