လေတပ် နဲ့ ရေတပ်ရဲ့ လူသစ်စုဆောင်းဖို့ ပြင်ဆင်မှု ခြေလှမ်း၊ ဖားကန့်ဒေသက ကျေးရွာသား တချို့တဝက် ပြန်လွတ်မြောက်လာ
မြန်မာနွေဦး ခရိုနီကယ် - ဧပြီလ ၂၇ မြင်ကွင်း
(မိုးမခ) ဧပြီ ၂၈၊ ၂၀၂၃
လေတပ် နဲ့ ရေတပ်ရဲ့ လူသစ်စုဆောင်းဖို့ ပြင်ဆင်မှု ခြေလှမ်း၊ ဖားကန့်ဒေသက ကျေးရွာသား တချို့တဝက် ပြန်လွတ်မြောက်လာ
စစ်ကောင်စီရဲ့ ရေတပ်နဲ့ လေတပ်က ရေကြောင်းလူငယ် နဲ့ လေကြောင်းလူငယ် ဆိုတဲ့ ခေါင်းစဥ်နဲ့ လူငယ်တွေကို လက်နက် မပါဝင်တဲ့ အခြေခံစစ်ပညာ အပါအဝင် ရေတပ်၊ လေတပ်တို့နဲ့ သက်ဆိုင်တဲ့ အတတ်ပညာတွေ သင်တန်းပေးနေတယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ချက်တွေ အရ သိရှိရတာဖြစ်ပါတယ်။ ရေကြောင်းလူငယ်နဲ့ လေကြောင်းလူငယ်သင်တန်းတွေ စုစုပေါင်း အနေနဲ့ လူငယ် ၁၃၀၀ ကျော်တက်ရောက်နေကြတယ်လို့လည်း ဆိုပါတယ်။ ရေကြောင်းလူငယ် တန်းမြင့် သင်တန်းတွေကို ရေတပ်စခန်းတွေရှိတဲ့ ကမ်းရိုးတမ်း မြို့တွေဖြစ်တဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူ၊ စစ်တွေ၊ ဧရာဝတီတိုင်းမှာ ပုသိမ်၊ မွန်ပြည်နယ် မော်လမြိုင်နဲ့ တနင်္သာရီတိုင်း ဟိန်းဇဲတို့မှာ သင်ပေးနေတာ ဖြစ်ပြီး လေကြောင်းလူငယ် တန်းမြင့် သင်တန်းတွေကိုတော့ မြစ်ကြီးနား၊ ကျိုင်းတုံ၊ မကွေး၊ ပုသိမ်နဲ့ မိတ္ထီလာတို့က လေတပ်စခန်းတွေမှာ သင်တန်းကြားပေးနေတာ ဖြစ်ပါတယ်။
စစ်ကောင်စီအနေနဲ့ အခုလို ရေကြောင်းလူငယ်သင်တန်း၊ လေကြောင်းလူငယ်သင်တန်းတွေ လေ့ကျင့်သင်ပေးခြင်းဟာ တိုက်ပွဲတွေ၊ စစ်တပ်က ထွက်ပြေးတိမ်းရှောင်မှုတွေနဲ့ အသစ်စုဆောင်းရ ခက်ခဲလာနေတာတွေကြောင့် စစ်တပ်အင်အားက စစ်အာဏာသိမ်းပြီးနောက် သိသိသာသာလျော့နည်းလာနေတဲ့ အင်အားကို ဖြည့်ချင်တဲ့ ရည်ရွယ်ချက်ပါရှိမှာ အသေအချာ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းအပြီး စစ်ကောင်စီတပ်တွေကို အသစ်ဝင်ရောက်မယ့်သူ အရေအတွက် သိသိသာသာ လျော့ကျလာနေပြီး ဗမာလူမျိုး အများစု နေထိုင်ကြတဲ့ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းတို့လိုမျိုးမှာ စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်မယ့် ကာကွယ်ရေး တပ်ဖွဲ့တွေ ပေါ်ထွက်လာတာ၊ စစ်ကောင်စီတပ်တွေရဲ့ ရက်စက်စွာ သတ်ဖြတ်မှု၊ နှိပ်စက်ညှဉ်းပန်းမှု၊ နေအိမ်မီးရှို့မှု စတဲ့လုပ်ရပ်တွေကို မြင်တွေ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အဖြစ်ဝင်ရောက်မှုတွေ လျော့ကျလာနေတာ ဖြစ်ပါတယ်။ ပြည်မက မြန်မာစစ်တပ်အနေနဲ့ လူဦးရေထူထပ်ပြီး စိုက်ပျိုးရေးက လွဲပြီးအခြား အလုပ်အကိုင် အခွင့်အလမ်းရှားပါးတဲ့ ဒေသတွေက လူငယ်တွေကို စစ်သားအဖြစ် ဆယ်စုနှစ်များစွာ စုဆောင်းနိုင်ခဲ့ရာက အခုလို စစ်အာဏာသိမ်းပြီးနောက် အဆိုပါ ဒေသတွေပါ စစ်မြေပြင်တလင်းဖြစ်လာတာ အာဏာသိမ်းစစ်တပ်ရဲ့ သရုပ်မှန်ကို ဖွင့်ပြလိုက်တာတွေကြောင့် အဲဒီဒေသတွေမှာ စစ်တပ်အနေနဲ့ လူသစ်စုဆောင်းဖို့ ခက်ခဲလာနေတာ အမှန်ပဲဖြစ်ပါတယ်။
အခု ရေကြောင်း လူငယ်တန်းမြင့်သင်တန်းနဲ့ လေကြောင်း လူငယ်တန်းမြင့်သင်တန်းတွေက မြေပြင် ကြည်းတပ် အပြင် နောက်အရေးပါတဲ့ လေကြောင်းနဲ့ ရေကြောင်းအတွက် တပ်သားသစ်စုဆောင်းဖို့ ရည်ရွယ် လုပ်ဆောင်တာ ထင်ရှားတာလည်း ဖြစ်ပါတယ်။ ကြည်းတပ်တွေအတွက် စစ်သားစုဆောင်းရာမှာ ၂၀၁၀ နောက်ပိုင်း နိုင်ငံတကာ အဖွဲ့အစည်းတချို့ရဲ့ အသိအမှတ်ပြုမှုကို ခံယူလိုတာကြောင့် အဓမ္မ စစ်သားစုဆောင်းတဲ့ နည်းလမ်းတွေ ရပ်ဆိုင်းခဲ့ပြီး စစ်အရာရှိတွေ၊ တပ်ကြပ် အရာခံဗိုလ်တွေကို စစ်သားစုဆောင်းဖို့ ခွဲတမ်းသတ်မှတ်ကာ ဆုပေးဒဏ်ပေး စနစ်နဲ့ လူသစ်ရရှိဖို့ စည်းရုံးထားကြတာ ဖြစ်ပါတယ်။ အဆိုပါကာလတွေမှာ စကစ ဘက်က စစ်အရာရှိတွေက ငွေပေးပြီး စစ်သားသစ် စုဆောင်းတာမျိုးလည်း လုပ်ခဲ့ကြပါတယ်။ အခုအခါမှာတော့ ရေချိန်က သိသိသာသာ ပြောင်းလဲသွားခဲ့ပြီး စစ်ကောင်စီအနေနဲ့ စစ်သားသစ် စုဆောင်းဖို့ အခက်ခဲဆုံး အခြေအနေမျိုးမှာ ရောက်ရှိနေတာလို့ ဆိုမယ်ဆို ဆိုနိုင်တာ ဖြစ်ပါတယ်။ ဒါကြောင့် အခုလို ရေကြောင်းနဲ့ လေကြောင်း လူငယ်တန်းမြင့်သင်တန်းကျောင်းတွေကို အရေးတယူလုပ်ပြီး ဖွင့်လှစ်နေတာလို့ ကောက်ချက်ချရမှာ ဖြစ်ပါတယ်။
ဒီနေ့အဖို့ အခြားသတင်းတပုဒ်ကတော့ ကချင်ပြည်နယ် ဖားကန့်ဒေသက မှော်ဘုံ (မဒဲယာန်)က ကျေးရွာသား ရာနဲ့ချီဖမ်းဆီးထားတဲ့အထဲက ထက်ဝက်ခန့်ရှိတဲ့ လူဦးရေ ၁၀၀ လောက်ကို ပြန်လွှတ်ပေးလိုက်တယ်ဆိုတဲ့ သတင်းဖြစ်ပါတယ်။
ဧပြီလ ၂၁ ရက်နေ့က စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာဖြစ်ပြီး ဒေသက အချုပ်ထောင်တွေမှာထားကာ လက်နက်ကိုင်တော်လှန်ရေးတပ်တွေကို အကူအညီပေးသလား အဆက်အစပ်ရှိသလားဆိုတာတွေကို စစ်မေးဖို့ တပတ်နီးပါး ထိန်းသိမ်း စစ်မေးပြီးနောက် တဝက်ခန့် ပြန်လွတ်လာတာ ဖြစ်ပါတယ်။
အရပ်သား ရာနဲ့ချီဖမ်းဆီးခြင်းကို ကြည့်ရင် စစ်ကောင်စီအနေနဲ့ ဒေသအတွင်း စည်းရုံးနိုင်မှု သုညနီးပါး ကျဆင်းနေတာ ဖြစ်ပြီး ဒီဒေသက ကျေးရွာတွေ ဒေသခံတွေအနေနဲ့ စစ်ကောင်စီကို ပူးပေါင်းဆောင်ရွက်သူ မရှိသလောက် ဖြစ်နေတဲ့ အနေအထားမျိုးလည်း ဖြစ်ပါတယ်။ ဒီအခြေအနေဟာ စစ်ကောင်စီအနေနဲ့ မြေပြင်မှာ နိုင်ငံရေးနဲ့ စည်းရုံးရေး အခြေအနေ ကျဆုံးလုနီးပါး ဖြစ်နေပြီး လက်နက်နဲ့ ငွေကြေးအင်အားသာ ရှိနေတဲ့ သဘောလို့ ကောက်ချက်ချရမှာ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar