သီအိုဇော် - သတိထားစောင့်ကြည့်ကြရမည့် ကန့်လန့်ကာနောက်ကွယ်ဆီမှ ခြေလှမ်းများ၏ ဦးတည်ရာ
သီအိုဇော် - သတိထားစောင့်ကြည့်ကြရမည့် ကန့်လန့်ကာနောက်ကွယ်ဆီမှ ခြေလှမ်းများ၏ ဦးတည်ရာ
(မိုးမခ) ဧပြီ ၂၆ ၊ ၂၀၂၃
မေလဆန်းမှာ ပြုလုပ်မယ့် ၄၂ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးမတိုင်မီ အလှည့်ကျ ဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံနဲ့ လက်ရှိ သူ ကျင့်သုံးနေတဲ့ ‘Quiet Diplomacy’ အကြောင်း ရေးဖို့ စဥ်းစားနေတုန်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ‘ဘန်ကီမွန်း’ မြန်မာနိုင်ငံကို သွားရောက်ခဲ့တယ်လို့ ကြားသိရတော့ ပိုပြည့်စုံသွားတယ်လို့ စိတ်ထဲ ဖြစ်သွားမိပါတယ်။ ဘာကြောင့် ဒီလိုဖြစ်ရတဲ့ အကြောင်းကိုတော့ နောက်ပိုင်းမှာ ဆက်ဖော်ပြပါမယ်။
ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့ လုံခြုံရေးကောင်စီ အစည်းအဝေးနဲ့ ပတ်သက်ပြီး လုံခြုံရေးကောင်စီ အစီရင်ခံစာ တရားဝင် ဝက်ဘ်ဆိုဒ်မှာ အင်ဒိုနီးရှားနိုင်ငံဘက်က တံခါးပိတ် ပရိုက်ဗိတ် အစည်းအဝေးကို လိုလားတဲ့အကြောင်း ပြသခဲ့တဲ့နောက် တံခါးပိတ်အစည်းအဝေးပုံစံနဲ့ ကျင်းပဖို့ ဆုံးဖြတ်တယ်လို့ ဖေါ်ပြထားပါတယ်။
‘နိုလင်းဟေဇာ’ဘက်က မျက်မှောက် မြန်မာ့အရေးကို ထင်ဟပ်တဲ့ အစီရင်ခံ ထောက်ပြမှုတွေ ရှင်းရှင်းလင်းလင်း ထွက်ပေါ်လာချိန်မှာ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံဘက်ကတော့ သိသာစွာ ငြိမ်သက်သွားတာကို အားလုံး သတိထားမိလိုက်ကြပါတယ်။ ပွင့်လင်းမြင်သာမှု အားနည်းတဲ့ တံခါးပိတ် အစည်းအဝေးရဲ့ အကျိုးဆက်လို့လည်း ပြောလို့ရပါတယ်။
မတ်လ ၁၅ ရက်နေ့ထုတ် ‘စထရိတ်တိုင်းမ်း’ သတင်းစာနဲ့ အင်တာဗျူးထဲမှာ အင်ဒိုနီးရှားသမ္မတ ‘ဂျိုကို ဝီဒိုဒို’က လူသိရှင်ကြား ပေါ်ပေါ်တင်တင် ဆွေးနွေးညှိနှိုင်းကြတာထက်စာရင် လူပုဂ္ဂိုလ်ချင်း ဆက်နွှယ်မှု အားကောင်းအောင် လုပ်ပြီး ချဉ်းကပ်နိုင်ဖို့က ရှုပ်ထွေးခက်ခဲတဲ့ အချင်းကိစ္စတွေကို အဖြေရှာတဲ့နေရာမှာ အရေးကြီးတယ် ဆိုတဲ့ သူ့ခံယူချက်ကို ပြောပြခဲ့ပါတယ်။ ဒါဟာ စစ်ကောင်စီနဲ့ ဆက်ဆံကြတဲ့အခါ ‘ဂျိုကိုဝီ’အားသန်တဲ့ ‘Quiet Diplomacy’ ကို ဘယ်လိုဆက်လက် အသုံးပြုမယ်ဆိုတာကို ဖော်ပြလိုက်ခြင်း ဖြစ်သလို လုံခြုံရေးကောင်စီမှာ အစီရင်ခံစဥ်က ရည်ရွယ်ချက်ရှိရှိ တံခါးပိတ်တင်ပြခဲ့တာကိုလည်း ပြသရာရောက်ပါတယ်။
‘အသံတိတ် သံရေးတမန်ရေး’၊ ‘ခပ်မဆိတ် သံခင်းတမန်ခင်း’ စသဖြင့် ယေဘုယျ ပြောကြားလေ့ရှိပေမယ့် သံတမန် တဦးချင်းစီနဲ့ ကြားဝင်ပေးရတဲ့ အခြေအနေပေါ်မှာမူတည်ပြီး ချဉ်းကပ်မှုနည်းနာကွဲပြား၊ ဆိတ်ငြိမ်မှု ဖုံးဖိပေးရမှု အတိုင်းအတာ ခြားနားတတ်ကြတဲ့အတွက် Quiet Diplomacy’ (QD)လို့ပဲ မူရင်းစကားလုံးအတိုင်း ဒီဆောင်းပါးမှာ ဆက်အသုံးပြုလိုပါတယ်။
‘ဘန်ကီမွန်း ’ရောက်ရှိလာတဲ့အတွက် QD ဟာ ပိုပြည့်စုံသွားတယ်လို့ အထက်က ဆိုခဲ့ပါတယ်။ သိုသိုသိပ်သိပ် ခြေသံလုံလုံနဲ့ ကန့်လန့်ကာရဲ့နောက်ကွယ်က သံတမန် ဆက်ဆံမှုလို့ ဆိုနိုင်တဲ့ QD ကို အာရှတိုက်သားတွေ အတော်လေး ခံတွင်းတွေ့ကြပါတယ်။ ရွေးနုတ်ပြောရရင် ကုလသမဂ္ဂစင်မြင့်မှာ အတွင်းရေးမှူးချုပ် ဖြစ်စဥ်က ‘ဘန်ကီမွန်း’ရဲ့ ချဉ်းကပ်မှုစတိုင်ကို QD လို့ သတ်မှတ်ထားကြပါတယ်။ သူ့ရှေ့က ‘ကိုဖီအာနန်’နဲ့ လုံးဝကွဲပြားပြီး ဒီလို ပွင့်လင်းမြင်သာမှုအားနည်းစွာ ကျင့်သုံးခဲ့မှုကို သူ အတွင်းရေးမှူးချုပ် ဖြစ်စဉ်ကာလက ထောက်ပြဝေဖန်ခဲ့ကြတာလည်း အများအပြား ရှိခဲ့ပါတယ်။
ဒါ့အပြင် ၂၀၀၇ခုနှစ် ဧပြီ ၃၀ ရက်နေ့က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အနေနဲ့ ဆင်ဖိုစီယမ်တခုမှာ မိန့်ခွန်း ပြောကြားတဲ့အခါ လုံခြုံရေးကောင်စီရဲ့ ပိတ်ဆို့ဒဏ်ခတ်အရေးယူမှုတွေ ပိုထိရောက်စေဖို့ ပြစ်ဒဏ် တခုတည်းကိုသာ မဟုတ်ဘဲ မက်လုံးများကိုလည်း ချပြအသုံးပြုသင့်တယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။ တင်းတင်းမာမာ အရေးယူမှုကို အားသန်သူများရဲ့ လေသံမျိုးကနေ ခွဲထွက်ပါတယ်။ ဒီလို နောက်ထပ် QD အဖွဲ့သားတယောက် ထပ်တိုးလာတာကို ကြည့်ရတာဟာ စစ်ကောင်စီဘက်က ဘယ်လိုပုဂ္ဂိုလ်မျိုးတွေနဲ့ ပိုသက်သောင့်သက်သာရှိပြီး QD တွေနဲ့ တွေ့ဆုံမှုကို သူ့အနေနဲ့ အသုံးချနိုင်မယ်လို့ တွက်ဆထားပုံရတာလည်း ပိုပေါ်လွင်ခဲ့ပါတယ်။
နောက်ပြီး စုစည်းမှုအားနည်းလေ့ရှိတဲ့ သမိုင်းနောက်ခံများအရ အချိန်က သူ့ဘက်မှာရှိတယ်လို့ ကျိတ်တွက်ဆဟန်ရှိတဲ့ စစ်ကောင်စီအနေနဲ့က အချိန်ဆွဲနိုင်ဖို့အတွက် ရည်ရွယ်ပြီး သူတို့ သက်သောင့်သက်သာရှိတဲ့ QD လို ကြားဝင်သူများနဲ့ ရွေးပြီးတွေ့နေတဲ့ သဘောလည်း ရှိပါလိမ့်မယ်။
ဆောင်းပါး ရေးနေချိန်အထိ ‘ဘန်ကီမွန်း’ ခရီးစဥ်အကြောင်း အသေးစိတ် ထုတ်ပြန်မှုမရှိတာ အံ့အားသင့်စရာတော့ မဟုတ်ပါဘူး။ သူ့လို QD သမားဆီက ထူးခြားတဲ့ သတင်းအချက်အလက် ကြားသိရမှသာ အံ့ဩစရာလို့ ပြောရမှာပါ။ ထုတ်ပြန်ခဲ့ရင်လည်း မြင်နေ ကြားနေကျ ကြေညာချက်တွေနဲ့ ဆင်တူယိုးမှားပဲ ဖြစ်ပါလိမ့်မယ်။ လေကြောင်းတိုက်ခိုက်မှုများ အပါအဝင် ဥပဒေမဲ့ ကျူးလွန်မှုများစွာအတွက် နိုင်ငံတကာက ဝိုင်းဝန်းပြစ်တင်ရှုတ်ချနေတဲ့ အခြေအနေမှာ သွားရောက်တွေ့ဆုံခြင်းဟာ ချိန်ခါမသင့်တဲ့အပြင် စစ်ကောင်စီဘက်က အသက်ရှူပေါက်ရဖို့ ကြိုးစားမှုကို ကူညီရာတောင် ရောက်ပါသေးတယ်။
QD ကို ပဋိပက္ခဖြေရှင်းမှုတွေအတွက် အသုံးပြုလေ့ရှိကြတာကို စောဒကတက်စရာ မရှိပါဘူး။ သံခင်းတမန်ခင်းများမှာ ကျိုးကြောင်းဆီလျော်မယ့် ချဉ်းကပ်မှုမျိုးကို သုံးနိုင်ကြပါတယ်။ အခု မြန်မာ့အရေးမှာ QD ချဉ်းကပ်ပုံကို အားမလိုအားမရဖြစ်မိတာက စစ်ကောင်စီလို အဖွဲ့အစည်းမျိုးဟာ QD နဲ့ ပျော့ပျော့ပျောင်းပျောင်း ဖုံးဖုံးဖိဖိ လုပ်ပေးဖို့ ထိုက်တန်ပါရဲ့လား ဆိုတဲ့ အတွေးဝင်မိလို့ပါ။
‘ဇင်ဘာဘွေ’က ‘မူဂါဘီ’ကို QD နဲ့ ချဉ်းကပ်ခဲ့ကြတဲ့ တောင်အာဖရိကလို နိုင်ငံမျိုးတွေ ရှိခဲ့သလို အောင်မြင်မှု ရှိ၊ မရှိ ဆိုတာက သက်သေကောင်းတခုပါ။ ထိုက်သင့်တဲ့ ဖိအားသာ မရှိခဲ့ရင် အာဏာရှင်တွေက မှုလေ့မရှိကြပါဘူး။ နောက်ပြီးတော့ QD ကို စစ်ကောင်စီက ပိုသဘောကျပုံရတဲ့အတွက် သူ့စိတ်ကြိုက်ကစားကွက်ခွင်ကို မဖန်တီးပေးသင့်ဘူးလို့လည်း ယူဆပါတယ်။ မတတ်သာလို့ QD လုပ်ကြရတယ်ဆိုရင်လည်း ညီတူမျှတူ NUG ကိုလည်း QD လုပ်ကြရပါမယ်။ အဲဒီလိုမှ မဟုတ်ရင်တော့ Quiet Diplomacy မဟုတ်ဘဲ စစ်ကောင်စီအတွက် Quiet Lobby လုပ်ပေးနေသလိုတောင် ထင်စရာ ဖြစ်လာနိုင်ပါတယ်။
ပွင့်လင်းမြင်သာမှုမရှိတဲ့ QD အပေါ် နဂိုကမှ စိတ်အားရမှုမရှိရတဲ့ကြားထဲ ‘ရက်နိုမာဆူဒီ’ စင်ကာပူ ရောက်စဉ်က တွေ့ဆုံဆွေးနွေးခဲ့သူ တဦးကြောင့် ပိုပြီးစိတ်မသက်မသာ ဖြစ်ရပြန်ပါတယ်။ ပြီးခဲ့တဲ့ မတ်လက သမ္မတ ‘ဂျိုကို ဝီဒိုဒို’နဲ့ နိုင်ငံခြားရေးဝန်ကြီး ‘ရက်နိုမာဆူဒီ’တို့ စင်ကာပူ သွားရောက်ခဲ့ကြပြီး ဝန်ကြီးချုပ် ‘လီရှင်လွန်း’၊ နိုင်ငံခြားရေးဝန်ကြီး ‘ဗီဗီယန် ဘလာခရစ်ရှနန်’တို့နဲ့ အပြန်အလှန် တွေ့ဆုံကြပါတယ်။ အစိုးရအဖွဲ့ဝင်အချင်းချင်း တွေ့ဆုံကြတာက အဆန်းတကြယ် မဟုတ်ပေမယ့် ‘ရက်နိုမာဆူဒီ’က မတ်လ ၁၅ ရက်နေ့မှာ အစိုးရအဖွဲ့ဝင် မဟုတ်သူ တဦးနဲ့ သီးသန့် တွေ့ဆုံခဲ့တာကတော့ နည်းနည်းထူးဆန်းတယ်လို့ ဆိုနိုင်ပါတယ်။
‘သူမ’ တွေ့ဆုံခဲ့တာက ‘ကီရှိုးမာဘူဘာနီ’(Kishore Mahbubani) ဖြစ်ပါတယ်။ ‘ကီရှိုး’ဟာ စင်ကာပူရဲ့ ထိပ်တန်းသံတမန်တဦးပါ၊ နိုင်ငံကိုယ်စားပြု ကုလသမဂ္ဂသံအမတ်ကြီးတယောက် ဖြစ်ခဲ့ပြီး လုံခြုံရေးကောင်စီရဲ့ အလှည့်ကျတာဝန် ဥက္ကဋ္ဌတာဝန်ကို နှစ်ကြိမ်တိုင် ထမ်းဆောင်ခဲ့ဖူးပါတယ်။ နောက်ပိုင်းမှာ ‘Lee Kuan Yew School of Public Policy’ ရဲ့ ပါမောက္ခ-မဟာဌာနကြီးမှူး အဖြစ်လည်း တာဝန်ယူခဲ့ဖူးသူပါ။ ကျွမ်းကျင်သူပညာရှင်တဦး အနေနဲ့လည်း ‘Asia Research Institute’ (National University of Singapore)မှာ ဆောင်ရွက်သူ ဖြစ်ပါတယ်။
ဒီလို လူမျိုးတယောက်နဲ့ တွေ့ဆုံတာ ရေးကြီးခွင်ကျယ်ပြုစရာလား ဆိုရင်တော့ ပညာရှင်လူပုဂ္ဂိုလ်တဦးအနေနဲ့ ဆိုဖွယ်ရာမရှိပေမယ့် မြန်မာ့အရေးပေါ် သူ့ရဲ့အမြင်နဲ့ ပတ်သက်ပါတယ်။ သူဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာပဲ ‘Southern China Morning Post’ သတင်းစာမှာ အမေရိကန်အစိုးရအနေနဲ့ စစ်ကောင်စီအပေါ် လူသိရှင်ကြား ပြစ်တင်ရှုတ်ချမှုတွေ၊ ဖယ်ကြဉ်မှုတွေ ပြုလုပ်မယ့်အစား ထိတွေ့ဆက်ဆံမှုတွေ ဆက်လက်လုပ်သင့်ကြောင်း၊ QD ကို လက်ကိုင်ပြုသင့်ကြောင်း ထိုစဉ်ကတည်းက ရေးသားခဲ့သူ ဖြစ်ပါတယ်။
ဒါကို စစ်ကောင်စီဘက်ကို လိုက်ပြီးပြောဆိုတယ်လို့တော့ ပြောလို့မရပါဘူး။ သူ့ရဲ့အမြင်နဲ့ ဘယ်လိုချဉ်းကပ်သင့်ကြောင်း ထုတ်ဖော်ခြင်းသာ ဖြစ်ပါတယ်။ အဲဒီဆောင်းပါးထဲမှာ အရင် စစ်အစိုးရလက်ထက်က မြန်မာကိုယ်စားလှယ် တက်ရောက်ခွင့်ရတဲ့ ထောင်နဲ့ချီတဲ့ အာဆီယံ အစည်းအဝေးတွေကနေ ပြောင်းလဲမှုရရှိခဲ့တယ်လို့ သူက မှတ်ယူထားတာကို ရေးသားထားတာလည်း သတိပြုမိပါတယ်။ ချုပ်ပြောရရင် အာဆီယံ အဝန်းအဝိုင်းထဲမှာ QD ပုံစံနဲ့ တိုးတိုးတိတ်တိတ် နားချသင့်တယ်လို့ မြင်ထားတဲ့သူပါ။ အခုအချိန်မှာတော့ ဒီလိုအမြင်ဆက်ရှိနေဆဲလား ဆိုတာတော့ မခန့်မှန်းနိုင်ပါဘူး။
ဒါ့အပြင် သူဟာ ‘Rethinking Sanctions’ဆိုတဲ့ ‘ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုများဟာ ထိရောက်မှုမရှိ၊ အငြင်းပွားဖွယ်ရာ ရှိတယ်’ ဆိုတဲ့ အမြင်နဲ့ ဆောင်းပါးကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့က ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ‘ကိုဖီအာနန်’နဲ့ အတူ ရေးသားခဲ့သူလည်း ဖြစ်ပါတယ်။
ဒီအတွက် အင်ဒိုနီးရှားဘက်က QD ခေါင်းစဉ်တပ်ထားတဲ့ ကာလမှာ ‘ကီရှိုး’လို ပုဂ္ဂိုလ်တဦးနဲ့ တွေ့ဆုံပြီး ရယူခဲ့မယ့် အကြံဉာဏ် သတင်းစကားများအတွက် စိုးရိမ်မိခြင်း ဖြစ်ပါတယ်။ အခုအခါမှာတော့ ပိုစိုးရိမ်လို့တောင် လာပါတယ်၊ ‘ဘန်ကီမွန်း’ လို နောက်ထပ် ပျော့ပျော့ပျောင်းပျောင်း ဖုံးဖုံးဖိဖိ သမားတယောက် ထပ်တိုးလာတဲ့အတွက်ပါ။ ယေဘုယျ ပြောရရင် QD သမားများနဲ့ တွေ့ဆုံနေတာပဲဖြစ်ဖြစ်၊ တွေ့ဆုံနေဟန် ဆောင်နေတာပဲဖြစ်ဖြစ် ဒါဟာ စစ်ကောင်စီကို ဆွေးနွေးမှုလိုလားသူဆန်ဆန် ဟန်ဆောင်ရုပ်ပြ ကောင်းစေပါတယ်။ နိုင်ငံတကာရဲ့ ဖယ်ကြဥ်ခြင်း ခံနေရချိန်မှာ သတင်းပေါက်ကြားနိုင်ဖို့ နည်းပါးတဲ့ QD အုပ်စုနဲ့ အပေါ်ယံ ထိတွေ့ ဆက်ဆံပြခြင်းဟာ သူတို့အတွက် အကျိုးက အပြစ်ထက် ပိုများမယ်လို့ ထင်နေနိုင်ပါတယ်။
ဒါပေမဲ့ ‘ဘန်ကီမွန်း’က ယူကရိန်း အရေးကိစ္စမှာတော့ ပွင့်ပွင့်လင်းလင်း တက်တက်ကြွကြွ ပြောဆိုတတ်တာ ကို သတိထားမိပါတယ်။ သူက ဧပြီလ ၂၀ ရက်နေ့ထုတ် ‘ဂျကာတာပိုစ့်’သတင်းစာမှာ ရုရှားရဲ့ ယူကရိန်းအပေါ် ရန်စကျူးကျော်မှုနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အထွေထွေညီလာခံကြီးက ဝိုင်းဝန်းအဆိုပြုထောက်ခံကြပြီး အပြည်ပြည်ဆိုင်ရာ ဥပဒေပေါ် အခြေခံတဲ့ အပြည်ပြည်ဆိုင်ရာ ကြားနာစစ်ဆေးမှု (International tribunal) စတင်နိုင်ဖို့ တိုက်တွန်း ရေးသားခဲ့ပါတယ်။ ရုရှားက ‘ရောမ သဘောတူညီချက်’ကို အတည်ပြုမထားတာနဲ့ လုံခြုံရေးကောင်စီကတဆင့် ‘အိုင်စီစီ’ကို လွှဲဖို့ကိစ္စမှာလည်း ရုရှားရဲ့ ဗီတိုပါဝါ ပိုင်ဆိုင်မှုတို့ကြောင့် ဒီလို အထွေထွေညီလာခံကြီးကတဆင့် ဆောင်ရွက်ကြရမှာ ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။
ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ‘ဂေါ်ဒန်ဘရောင်း’ အပါအဝင် ဩဇာတိက္ကမ ရှိကြသူများကလည်း ဒီလိုကြားနာမှုမျိုး လုပ်ဖို့ ရုရှား ကျူးကျော်မှု စတင်ကတည်းက ကြိုးစားနေကြပါတယ်။ ဒီလို ကြားနာစစ်ဆေးမှုမျိုးကို ရန်စကျူးကျော်မှုများအတွက်သာ မဟုတ်ပါဘူး၊ ‘ယူဂိုဆလားဗီးယား’နဲ့ ‘ရဝမ်ဒါ’ တို့မှာလို ဖြစ်ပွားခဲ့တဲ့ စစ်ရာဇဝတ်မှု အပါအဝင် ရာဇဝတ်မှုများအတွက် International Criminal Tribunal for the former Yugoslavia (ICTY)၊ International Criminal Tribunal for Rwanda (ICTR) တွေကို ကုလသမဂ္ဂက ကမကထပြု စီစဉ်ပေးခဲ့ဖူးပါ တယ်။
‘အိုင်စီစီ’ မပေါ်ပေါက်ခင်က အဖြစ်အပျက်များ ဖြစ်ပေမယ့် ‘အိုင်စီစီ’ အနေနဲ့ ဝင်ရောက် ဆောင်ရွက်မပေးနိုင်တဲ့ အခြေအနေမျိုး၊ ဒါမှမဟုတ် လုံခြုံရေးကောင်စီက အဟန့်အတား ဖြစ်နေတာမျိုး ဆိုရင်တော့ လမ်းကြောင်းဟောင်းအတိုင်း ပြန်သွားရဖို့ပဲ ရှိပါတယ်။
တကယ်လို့ ‘ဘန်ကီမွန်း’အနေနဲ့ မြန်မာ့အရေးကို စိတ်အားထက်သန်မှုရှိရှိ လုပ်ဆောင်ပေးချင်တယ်ဆိုရင် မြန်မာနိုင်ငံမှာ အခုဖြစ်ပျက်နေတဲ့ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုများ အပါအဝင် စစ်ကောင်စီ ကျူးလွန်တဲ့ ပြစ်မှုများစွာအတွက် အထက်က ယူကရိန်းအရေးကိစ္စလိုပဲ အဆိုပြု အဖြေရှာပေးသင့်ပါတယ်။ စစ်ကောင်စီကိုလည်း ဒီလိုအရေးယူနိုင်တဲ့ နည်းလမ်းတွေ ရှိကြောင်းနဲ့ ကျူးလွန်နေတာတွေကို ရပ်တန်းကရပ်ဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း တယောက်အနေနဲ့ သတိပေးမှုများ တွေ့ဆုံခဲ့စဉ်မှာ ပြုလုပ်ခဲ့သင့်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ အာဆီယံနိုင်ငံတွေထဲမှာ စစ်ကောင်စီအပေါ် လေသံခပ်မာမာ သုံးတတ်ပေမယ့် QD လမ်းကြောင်းပေါ် ရောက်သွားပြီ ဆိုကတည်းက ရွှေမန်းလို ပြောခဲ့ပြီး ချိုမိုင်မိုင် တိတ်တိတ်လေး ကနေသလားလို့ အထင်ရောက်ချင်စရာပါ။ လာမယ့် မေလ အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာ့အရေးကို ဘယ်လို ရှုမြင်သုံးသပ်ထားသလဲဆိုတာ ဆက်စောင့်ကြည့်ကြရပါဦးမယ်။
ကုလသမဂ္ဂနဲ့ နိုင်ငံတကာဘက်က အာဆီယံမူငါးချက်ကို အာသီသရှိနေဆဲ ဖြစ်သလို ခြေရှုပ်နေတဲ့ တရုတ်၊ဂျပန် သံတမန်အကျိုးတော်ဆောင်တွေကလည်း ချဉ်းကပ်ပုံချဉ်းကပ်နည်းသာ ကွဲပြားပုံရှိပေမယ့် QD အုပ်စု မျှော်မှန်း ဖော်ဆောင်နေတာနဲ့ သိပ်ပြီးကွဲပြားမှု ရှိဟန်မတူပါဘူး။ ပဋိပက္ခတိုင်း ဆွေးနွေးမှုတွေနဲ့ အဆုံးသတ်ကြတာတော့ မှန်ကန်ပေမယ့် အခု ကြားဝင်ညှိနှိုင်းကြသူ QD ကိုယ်စီ လျှောက်လှမ်းနေကြတဲ့လမ်းရဲ့ ဦးတည်ရာက ရာဇဝတ်မှုမျိုးစုံ ကျူးလွန်သူများကို ရာဇဝတ်သားလို ဆက်ဆံဖို့ အလေးအနက် မရှိကြတာမျိုး ဖြစ်နေပါတယ်။ ဒါဟာ မြန် မာပြည်သူလူထုရဲ့ ဆန္ဒနဲ့ ကင်းကွာနေတာကို ဖော်ပြနေသလိုပါပဲ။
ပိုပိုသာသာ ဥပမာပေးတယ်လို့ ဆိုချင်ရင်လည်း ဆိုနိုင်ပါတယ်။ ဒီလိုပါ၊ အာဆီယံမူငါးချက်ထဲမှာ အချိန်ကာလ ကန့်သတ်ချက် မပါရှိသလို မြန်မာပြည်သူတွေ လိုလားကြတဲ့ ရာဇဝတ်မှုမျိုးစုံ ကျူးလွန်ခဲ့သူတွေကို ထိရောက်စွာ အရေးယူနိုင်ရေး ဆိုတာလည်း မပါဝင်ပါဘူး။ ကုန်ကုန်ပြောရရင် အပြစ်မရှိပဲ တရားမဲ့ ဖမ်းဆီးခံထားရသူများ အားလုံး ပြန်လွှတ်ပေးဖို့ကိုတောင် တောင်းဆိုမထားတဲ့ ဒီအာဆီယံ ဘုံသဘော တူညီချက်ငါးချက်ဟာ နဂိုကတည်းက ခံတွင်းလိုက်ဖက်စေမယ့် ဟင်းလျာပစ္စည်းတွေမပါဘဲ ဟင်းတခွက်ဖြစ်ရင် ပြီးရောဆိုပြီး ကြုံရာကျပန်း ဖြစ်သလို စီစဉ်ချက်ပြုတ်ထားတဲ့ ဟင်းလျာတခွက်လို့တောင် ဆိုလိုက်ချင်ပါတယ်။
အခုအချိန်မှာ QD စားဖိုမှူး ဝိုင်းတော်သားများရဲ့ ‘Quiet Diplomacy’ လက်ရာဆိုတာမျိုးနဲ့ ထပ်ကြုံလာရတော့ နဂိုကတည်းကမှ ပေါ့ပြက်ပြက် ဟင်းအိုးထဲ ရေထပ်ရောလိုက်သလို ဖြစ်ပြီး နောက်ဆုံးမတော့ စားဖြစ်တဲ့ ဟင်းတခွက်ရယ်လို့မှတောင် ဖြစ်လာနိုင်ပါ့မလားလို့လည်း တွေးပူနေမိပါတော့တယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar