အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၃၄ )
အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၃၄ )
(မိုးမခ) ဧပြီ ၂၅ ၊ ၂၀၂၃
Diary in the darkness
ညက တညလုံး မီးမလာ။ ရေမတင်နိုင်။ ပူအိုက်၊ ခြင်ကိုက်။
၁၁ ရက် ၊ အင်္ဂါ နေ့။ နေ့လယ်ဘက်မှာ သူငယ်ချင်းဆီက ဖုန်းလာ။ ကန့်ဘလူက ပဇီကြီးကျေး ရွာကို စစ်တပ်က ဗုံးကြဲလို့ ရွာသားတွေ အများအပြား သေကုန်တယ်လို့ ပြောပါတယ်။
ညနေဘက် သြဇီက မီဒီယာသူငယ်ချင်းဆီ ကို ဖုန်းနဲ့လှမ်းမေးတယ်။ သူ့အဆိုအရ တော်တော် အခြေအနေဆိုးတယ်လို့ သိရတယ်။ လူတစ်ရာကျော် သေတယ်လို့ ပြောတယ်။ အလောင်းတွေကောက်မရသေး။ အလောင်းကောက်သူတွေကို စစ်တပ်က လေယဉ်နဲ့ လိုက်ပစ်နေတယ်လို့ပြောတယ်။ စစ်လေယာဥ်မှုးတွေဟာ စစ်မြေပြင်ကို လေယာဥ်တခေါက် ပျံသန်းခ ဆုကြေး ငါးသိန်းရတယ်လို့ ပြောပါတယ်။ သေသူတွေထဲမှာ ကလေးတွေ၊ မိန်းမတွေ အများအပြားပါဝင်တယ်လို့ ပြောတယ်။
လူမှုကွန်ရက်ပေါ်မှာ အနက်ရောင် ပရိုဖိုင်း ပြောင်းသူတွေ များလာတယ်။ စစ်တပ်ရဲ့ လုပ်ရပ်ကို ရှုတ်ချကြောင်း ဖော်ပြကြတာပါ။ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို ရိုက်ထားတဲ့ ဓာတ်ပုံတွေ လည်း အချင်းချင်း အဆက်မပြတ်ပေးပို့နေကြတယ်။ တချို့ရုပ်အလောင်းတွေကတော့ တစစီဖြစ်ကုန်တယ်လို့ မြေပြင်က သတင်းပေးပို့ချက်တွေအရ သိရတယ်။
တုန်လှုပ်ချောက်ချားစရာအကောင်းဆုံးနေ့တစ်နေ့ပါ။
https://www.youtube.com/live/8GAkkztFkXc?feature=share
အဲဒီသတင်းရဲ့ နောက်ဆက်တွဲ ဂယက်ကတော့ ပြည်သူတွေဟာ စစ်တပ်ကို ပိုမိုရွံမုန်းသွားကြတယ်။ တောက်ခေါက်သံတွေပိုမိုကျယ်လောင်လာတယ်။ လူမှုကွန်ယက်ပေါ်က ဆရာကြီးဟန်ဖမ်းနေတဲ့ တော်လှန်ရေးဆန့်ကျင်သူ တွေကတော့ အလွယ်ဆုံးဖြစ်တဲ့ အပြစ်တင်တဲ့ အလုပ်ကို စလုပ်ကြတယ်။ အထူးသဖြင့် ဒီမိုအင်အားစု အချင်းချင်းအပုတ်ချ ဖို့ အချက်အလက်တွေ သဘောတရားတွေ ဖြန့်တဲ့ အလုပ်ကို စလုပ်ကြတယ်။ စကစ အကြိုက် တွေ့မယ့် ၊ ဒီမိုဘက်တော်သားအချင်းချင်း သွေးကွဲမယ့်စကားတွေကို ကျယ်ကျယ်လောင်လောင်ပြောကြတယ်။ စကစ လော်ဘီတွေက ပြည်သူတွေကို ကိုယ်ချင်းစာသယောင်ယောင်နဲ့ နွေဦးတော်လှန်ရေးကို ဦးဆောင်နေသူတွေကို အပြစ်ဆိုကာ တော်လှန်ပြည်သူတွေနဲ့ ဦးဆောင်နေသူကြား သပ်လျှိုသွေးခွဲကြတယ်။ စစ်တပ်ကရက်စက်တယ်၊ NUG နဲ့ PDF က ညံ့တယ်။ လှို့လှို့ဝှက်ဝှက်မလုပ်တတ်ဘူး။ ဒေါ်အောင်ဆန်းကြည် မုန်းတီးရေးအုပ်စုကဆို ရင် ဒေါ်အောင်ဆန်းကြည်က ဖေ့ဖေ့တပ်မတော် လို့ပြောခဲ့တာကိုပြန်ထောက်ပြကြတယ်။ အပြစ်တင်ကြတယ်။ စစ်ကောင်စီမှာ အပြစ်ရှိသလို ဒီမိုကရေစီလိုလားတဲ့ ပြည်သူတွေနဲ့ သူတို့ကို ဦးဆောင်နေသူတွေလည်း အပြစ်ရှိတယ်လို့ ပြောကြတယ်။ အပြစ်ရှိတာချင်း အတူတူပဲလို့ တန်းညှိလိုက်ကြပြီး တော်လှန်ရေးအရှိန်လျှော့အောင် လုပ်ကြတယ်။
ပြည်သူဘက်က ရပ်ပြီး တော်လှန်ရေးကို ယုံကြည်သူတွေကတော့ တော်လှန်ရေးမှာကြုံတွေ့နေရတဲ့ အခက်အခဲ အမှားအယွင်းတွေကို လေ့လာသုံးသပ်ပြီး အချင်းချင်း သိုသိုသိပ်သိပ် ဝေဖန်အကြံပြုကြတယ်။ သင်ခန်းစာတွေကို ထုတ်ပြကြတယ်။
ကိုယ်ဘာလုပ်ရမယ်ဆိုတာကို ရှင်းရှင်းလင်းသိသူ နဲ့ လက်တွေ့ကျကျလုပ်နိုင်သူ တချို့ကတော့ စစ်ကောင်စီရဲ့ ရက်စက်မှုအထောက်အထားကို စုဆောင်းကြတယ်။ ကမ္ဘာကြီးကို အသိပေးကြတယ်။ စစ်ခုံရုံးတင်ဖို့ တောင်းဆိုကြတယ်။ လတ်တလော ဒုက္ခရောက်နေသူတွေကို အမြန်ဆုံးကူညီဖို့ လုပ်ဆောင်ကြတယ်။ ပြည်သူ့ကာကွယ်ရေးလက်နက်ကိုင် အဖွဲ့တွေက ပြင်းထန်တဲ့ ထိုးစစ်တွေ လုပ်လာကြကြတယ်။ နာကြည်းလွန်းသူတချို့ကတော့ ဗုံးကြဲတဲ့ လေယဥ်မှူးတွေကို လုပ်ကြံဖို့ ပြင်ဆင်ကြတယ်။
စကစ ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇော်မဲလုံးကတော့ စကစမှာ အပြစ်မရှိကြောင်း ပြောတယ်။ အာဏာရှင်လိုလားသူတွေက အောင်ပွဲခံတယ်။ ဘာပဲဖြစ်ဖြစ် မြန်မာနဲ့ ကမ္ဘာ့ပြည်သူအများစုကတော့ စကစ ကို ရွံရှာသည်ထက်ရွံရှာသွား တာသေချာတယ်။ သူတို့ရဲ့ အာဏာရှင်အမြစ်ပြတ်ရေး ဆုံးဖြတ်ချက်က ပိုမိုခိုင်မာလာတယ်။ နယ်ချဲ့ အင်္ဂလိပ်လက်ထက်က ဆရာစံ လယ်သမားသူပုန်ကို အင်္ဂလိပ်စစ်တပ်က လက်နက်အားကိုးနဲ့ အနိုင်ယူလိုက်တော့ တနိုင်ငံလုံးက မြန်မာပြည်သူတွေဟာ နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓါတ် ခိုင်မာသည်ထက် ခိုင်မာ ပြတ်သားပြီး ပိုမို စည်းရုံးလှုပ်ရှားခဲ့ကြတာကို အမှတ်ရတယ်။
အလားတူပဲ အမေရိကန်-ဗီယက်နမ် စစ်ပွဲမှာ အမေရိကန်က ဗီယက်နမ်ကို လက်နက်အားကိုးနဲ့ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်တော့ အမေရိကန်ပြည်သူတွေ အပါအဝင် ကမ္ဘာ့ ပြည်သူတွေက ဆန့်ကျင်ကြတယ်။ အမေရိကန် စစ်ရှုံးပြီး သွားတယ်။ စစ်တပ်နဲ့ ပြည်သူ ဆက်ဆံရေးကို အမေရိကန်တွေ ပြန်လည်သုံးသပ်ပြင်ဆင်ခဲ့ရတဲ့ အဖြစ်အပျက်တွေကို သတိရစေတယ်။
ဒေါ်ဇင်မာအောင်ကတော့ ပိုမိုစည်းလုံးဖို့ ပိုမိုပြင်းထန်တဲ့ တိုက်ပွဲတွေ တိုက်ဖို့တိုက်တွန်းသွားတယ်။ သူ့အသံတွေက တုန်နေတယ်။ တော်တော်စိတ်ထိန်းထားပုံရတယ်။ သူ့မိန့်ခွန်းက လက်ရှိအခြေအနေကို အသိအမှတ်ပြုပြီး ရှေ့ဆက်ရမယ့်ခရီးကို လိမ်လိမ်မာမာ ပါးပါးနပ်နပ် ထောက်ပြထားတာ တွေ့ရတယ်။
ဇင်မာအောင် ပဇီကြီး မိန့်ခွန်း
(၁၄- ၁၅- ၁၆ ရက် )သင်္ကြန်တွင်း စစ်တပ်နဲ့ PDF (ပကဖ) တပ်တွေ ရဲ့ တိုက်ပွဲက ပြင်းထန်လာတယ်။ ရခိုင်၊ မိုင်းလား၊ နဲ့ မြစ်ဝကျွန်းပေါ်မြို့ တချို့မှာ သင်္ကြန်ရေကစားပွဲတွေ လူစည်တယ်။ ရန်ကုန်၊ မန္တလေးနဲ့ မြို့ကြီးအတော်များများမှာ လူမစည်ကားဘူး။ ခြောက်ကပ်နေတယ်။ မဏ္ဌပ်အတော်များများမှာ ဗုံးကွဲမှုတွေဖြစ်တယ်။
ကရင်၊ ကယား၊ ကချင်၊ နဲ့ အထက်အညာဒေသတွေမှာ တိုက်ပွဲတွေ ပြင်းထန်တယ်။ စစ်တပ်က လေကြောင်းကိုပဲ အားကိုးနေရတယ်။ မြေပြင်မှာတော့ PDF တွေက အသာစီးရနေတယ်။ ပျဥ်းမနား မြို့နားက အေလာမြို့ လေယာဥ်ကွင်း ကို ပျောက်ကြားတွေ ဝင်တိုက်တာ လေယာဥ်ဆီ ကန်တွေကို ထိတယ်လို့ သတင်းပျံနေတယ်။ အတည်ပြုချက်တော့ မရဘူး။ စကစ ဘက်က တော်တော် အထိနာသွားပုံရတယ်။
သင်္ကြန်တွင်း တတွင်းလုံး လျှပ်စစ်မီး တနေ့ကို ၈ နာရီ လောက်ရတယ်။ လမ်းထဲမှာတော့ မုန့်လုံးရေပေါ်လုံးတဲ့ ပွဲကလေးလုပ်တယ်။ ၁၀ နှစ်ဝန်းကျင် ကလေးတွေနဲ့ မိန်းမကြီးတချို့က ဦးဆောင်တယ်။ နေပူရှိန်က ပြင်းလွန်းတယ်။ အပူချိန် ၄၀ံ C ကျော်တယ်။ မူးမေ့လဲသူတွေရှိတယ်။ အပူရှပ် ဖျားတဲ့ သူတွေများလို့ ကျန်းမာရေးသတိပေးချက်တွေ ထုတ်ပြန်ထားရတယ်။ အခုလို အပူချိန်မျိုးမှာ စစ်ကြောရေး ဝင်နေရတဲ့ GZ တွေ ဘယ်လို ခံစားရမလဲ။ စစ်ရှောင်တွေ ဘယ်လိုနေမလဲ။ မတွေးရဲလောက်အောင်ပါပဲ။ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က ဒီလို အပူချိန်အောက်မှာ စစ်ကြောရေးအလုပ်ခံနေခဲ့ ရတဲ့ အတိတ်ဘဝကို ပြန်သတိရမိတယ်။ ငရဲခန်းတခု ဆိုတာထက် ပိုပါတယ်။
သူငယ်ချင်းတစ်ယောက်က ဖုန်းဆက်တယ်။ မြန်မာအရေးကို တရုတ်နဲ့ ညှိနှိုင်းပြီး ဆောင်ရွက်မယ်လို့ အမေရိကန် က ကြေညာချက်ထုတ်တယ်လို့ ပြောပါတယ်။ တရုတ်က မြန်မာပြည်ကို လက်ဦးမှုရယူပြီးသားမို့ အမေရိကန်ရဲ့ စကားဟာ အချည်းနှီး ဖြစ်ဖွယ်ရှိတယ် လို့ သူကဆိုပါတယ်။
ရုရှားဖက်ယိမ်းနေတဲ့ မြန်မာစစ်တပ်ကို အခုချိန်မှာ တရုတ်က သူဘက်ကို လက်တွေ့ကျကျသိမ်း သွင်းနိုင်ခဲ့တယ်။ ဒါအပြင် စကစ အတွက် အသက်ရှုချောင်ဖို့တရုတ် က တိုင်းရင်းသား လက်နက်ကိုင်တွေ ကို အပစ်ရပ်အောင် လုပ်ပြနိုင်ခဲ့တယ် လေ။
တရုတ်က တိုင်းရင်းသားလက်နက်ကိုင်တွေကို ကောင်းကောင်းထိမ်းထားနိုင်သလို စကစ တပ်ကိုလည်း လက်တွေ့ကျကျ ကိုင်တွယ်နိုင်တာနေတာမို့ အမေရိကန်ရဲ့ မြန်မာ့အရေး ပူးတွဲဖြေရှင်းရေးကို တရုတ်က လက်ခံဖို့ ဆန္ဒရှိမှာ မဟုတ်ဘူးလို့ သူက ဆိုပါတယ်။ သူ့အမြင်ဟာ တရုတ် (ယူနန်ပြည်နယ် အစိုးရ) အမြင်လောက်ပဲဖြစ်ပါလိမ့်မယ်။ တရုတ် (ပီကင်း အစိုးရ )ကတော့ အစိုးရကြီးဖြစ်နေတာကြောင့် စကစ ဘက်က တရုတ်ရပ်မယ်ဆိုရင် မြန်မာပြည်သူတွေက တရုတ်အပေါ် မုန်းတီးဆန့်ကျင်လာမယ့် အရေးကိုလည်း ထည့်တွက်မယ် ထင်ပါတယ်။ မြန်မာပြည်သူတွေရဲ့ တရုတ်မုန်းတီးရေးကို ဖြေလျှော့နိုင်မှသာ တရုတ်အတွက် အကျိုးစီးပွား ဖြစ်ထွန်းမယ်ဆိုတာ သူတို့ သိလောက်မယ်ထင်ပါတယ်။ ပြည်သူ့ ကိုဆန့်ကျင်ရင် ၊ ပြည်သူကို အင်အားနဲ့ အနိုင်ယူမိရင် ဘယ်လိုဖြစ်မယ်ဆိုတာ တရုတ်သမိုင်းက သူတို့ကို ကောင်းကောင်းကြီး သင်ကြားပေးထားခဲတယ် မဟုတ်လား။
သင်္ကြန်ပြီးတော့ လျှပ်စစ်မီး အခြေအနေက ပိုဆိုးသွားတယ်။ တရက် ၂ နာရီလောက်တောင် မီးမပေးနိုင်တော့ဘူး။ power bank တွေမှာ လည်း ပါဝါကုန်သွားတယ်။ ဖုန်းတွေ လည်း အားမသွင်းနိုင်တော့ဘူး။ ထမင်းချက်ဖို့ ရေတင်ဖို့ ဆိုတာ ဝေးသည်ထက် ဝေးပေါ့။ ညစဥ် အင်တာနက်က တရားနာရင်း အိပ်ပျော်အောင်ကြိုးစား နေရတဲ့ ကျွန်တော်လို အဖိုးအို တစ်ယောက်အဖို့ အိပ်မပျော်ဖြစ်နေခဲ့ရတယ်။ အိပ်မပျော်တော့ စိတ်တိုလာတယ်။ အဆိုးမြင်တွေ ပိုများလာတယ်။ အထူးသဖြင့် စစ်တပ်ကို ပိုမိုမုန်းတီးလာတယ်။
ဧပြီလ ၂၂ ရက်ကျော်မှ တနေ့ လေးနာရီနဲ့ ခြောက်နာရီလောက် မီးပြန်ပေးနိုင်တယ်။ ဒါတောင် တစ်နာရီခြား တစ်ခါ မီးပြတ်လိုက် ပြန်လာလိုက်ပါပဲ။
စိတ်ကိုငြိမ်ငြိမ်ထားပြီး လေ့လာသင်ယူရေးကို ပိုမိုအားထုတ်လာရတယ်။ လျှပ်စစ်မီးရတဲ့ အချိန်ကလေးမှာ လေ့လာလက်စ ယဥ်ကျေးမှုဆိုင်ရာအခြေခံ တတ်သိနားလည်သဘောပေါက်မှု (Cultural literacy) ကိုဆက်လေ့လာပါတယ်။
ယဥ်ကျေးမှုဆိုတာ လူတစုရဲ့ နေထိုင်ပုံဖြစ်တယ်လို့ အကြမ်းအားဖြင့် အဓိပ္ပာယ် ဖွင့်ထားတာတွေ့ရတယ်။
ယဥ်ကျေးမှုဆိုင်ရာအခြေခံ တတ်သိနားလည်သဘောပေါက်မှု (Cultural literacy) ဆိုတာ လူတစုရဲ ဓလေ့ထုံးတမ်းများ၊ ပုံမှန်လှုပ် ရှားမှုများ နဲ့ သမိုင်းကြောင်းများကို နားလည်သဘောပေါက်နိုင်ခြင်း ဖြစ်တယ် လို့ နားလည်မိပါတယ်။
ယဥ်ကျေးမှုဆိုင်ရာအခြေခံ တတ်သိနားလည်သဘောပေါက်မှု (Cultural literacy) ဘာကြောင့် လိုအပ်ပါသလဲ။ ဒီမေးခွန်းဟာ မေးသင့်တဲ့ မေးခွန်းဖြစ်ပါတယ်။
ယဥ်ကျေးမှုဆိုင်ရာနားလည်သဘောပေါက်မှုရှိတဲ့ အခါ လူတွေဟာ တစ်ယောက်နဲ့ တစ်ယောက် ပိုနားလည်ပြီး ပေါင်းသင်း ဆက်ဆံနိုင်တယ်။ အခြားယဉ်ကျေးမှုတွေကို နားလည်လက်ခံနိုင်တာကြောင့် လူအများနဲ့ ပိုမိုခိုင်မာတဲ့ ချိတ်ဆက်မှုကို ပြုလုပ်နိုင်စေပါသည်။ ပိုမိုကောင်းမွန်တဲ့ ပေါင်းသင်းဆက်ဆံရေးနဲ့ မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ခြင်း တို့ တို့ကိုလည်း ပြုလုပ်နိုင်ပါတယ်။ ဒါတွေအားလုံးဟာ ကမ္ဘာသူ ကမ္ဘာသား တစ်ယောက်ချင်းစီအတွက် မရှိမဖြစ် လိုအပ်ချက်ဖြစ် ပါတယ်။
အဲဒီ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ ပညာရေးလောကမှ စတင်နိုင်ဖို့ အလွန်အရေးကြီးပါတယ်။ အထူးသဖြင့် ငယ်စဥ်ဘဝ ပညာသင်ကြားစဥ်ကတည်းက မိမိနဲ့ မတူတဲ့ အခြားယဥ်ကျေးမှုများကို နားလည်သဘောပေါက်ဖို့ လိုပါတယ်။ ငယ်ငယ်ကတည်းက အဲဒီလို နားလည် သဘောပေါက်မယ်ဆိုရင် လူ့အဖွဲ့ အစည်းကို အပြုသဘောဆောင်တဲ့ အလေ့အကျင့်၊ အတွေးအမြင်၊ ပိုမိုရှင်သန်လာပြီး မိမိကိုယ်ကို ပိုမိုနားလည်နိုင်တဲ့ “မွန်မြတ်သော လူသားတွေ” ပိုမိုတိုးပွားလာမှာပါ။
တနေ့က လူမှုကွန်ရက်ပေါ်မှာ အထောက်အထားမဲ့ သတင်းတပုဒ် ဖတ်လိုက်ရပါတယ်။ သင်္ကြန်ရေကစားခြင်းကို ထိုင်းက သူတို့မူပိုင် လုပ်ဖို့ ကြိုးစားနေတယ်ဆိုတဲ့ သတင်းပါ။ အဲဒီသတင်းကို အကြောင်းပြုပြီး မြန်မာအတော်များများက ထိုင်းကို အမြင်မကြည်တဲ့ မှတ်ချက်တွေ ရေးထားတာ တွေ့ရပါတယ်။ သင်္ကြန်ရေကစားတဲ့ ယဥ်ကျေးမှုဟာ မြန်မာပိုင်ယဥ်ကျေးမှုသာဖြစ်ကြောင်း ထိုင်းများက လူလည်ကျကြောင်း ၊ မြန်မာမျိုးချစ်စိတ်ရှိသူတွေ ငုံ့ခံမနေသင့်ကြောင်း ထိုင်းမုန်းတီးရေးကို သွေးထိုးလှုံ့ဆော်ရေးသားကြတာကိုတွေ့ရပါတယ်။ အခုလို မြန်မာလူထုအတွင်း စစ်အာဏာရှင် ဆန့်ကျင်ရေး ကြီးထွားနေချိန်မှာ အိမ်နီးချင်း ထိုင်းနိုင်ငံသားများအပေါ် မြန်မာလူထု ရဲ့ အမျက် ဒေါသတွေ ပုံကျသွားဖို့ ဦးတည် လှုပ်ဆော်မှုတွေ လုပ်ခဲ့ပါတယ်။ အာရုံလွှဲဖို့ ကြိုးစားခဲ့ကြပါတယ်။ ဒါပေမဲ့ မအောင်မြင်ပါဘူး။ မြန်မာလူငယ်တွေဟာ အင်တာနက်ကို အသုံးချပြီး မြန်မာလူထုကို သင်္ကြန်ယဥ်ကျေးမှု အကြောင်း နားလည် သဘောပေါက်အောင် ရှင်းပြနိုင်ခဲ့ပါတယ်။
သင်္ကြန် ဆိုသည်မှာ ရှေးနှစ်ပေါင်း ထောင်ကျော်က အိန္ဒိယနိုင်ငံ ဟိန္နူဘာသာဝင်တွေက စတင်ကျင်းပခဲ့ကြောင်း ထိုဓလေ့ ယဥ်ကျေးမှုသည်မြန်မာနိုင်ငံကို ကူးစက်လာပြီး မြန်မာတို့က ဥပုသ်သီလစောင့်ခြင်း၊ သက်ကြီးများကို ပူဇော်ခြင်း ၊ အပူကို လျော့ပါးစေရန် ရေဖြင့် ပက်ဖျန်းပေးခြင်း စသည်ဖြင့် မြန်မာမှုပြုကာ ပုဂံခေတ်ကတည်းက လက်ခံကျင်းပခဲ့ကြတဲ့ အကြောင်း ရှင်းပြကြပါတယ်။ ဒါကြောင့် စစ်အာဏာရှင်တွေရဲ့ လူမျိုးမုန်းတီးရေး ထောင်ချောက်ထဲမကျပဲ ထိုင်းနိုင်ငံမှာ မြန်မာနဲ့ ထိုင်းလူငယ်များ အတူတူရေကစားကာ အာဏာရှင်ဆန့်ကျင်ရေး သံချပ်များကို လက်တွဲညီညီ သီဆိုနိုင်သည်အထိ စွမ်းဆောင်နိုင်ခဲ့ကြပါတယ်။
ဒါ့အပြင် ဗုဒ္ဓဘာသာ ရဟန်းစစ်တို့က ရဟန်းဝိနည်းများကို ပြည်သူများ နားလည်သဘောပေါက်အောင် အွန်လိုင်းမှတဆင့်၎င်း၊ အခါအခွင့်သင့်ပါက တရားပွဲများတွင်၎င်း ဟောကြားခဲ့ကြတာကြောင့် ဇိမ်ခံကားတွေစီး ၊ ကြယ်ငါးပွင့် ဇိမ်ခံဟော်တယ်ကြီးများပမာ ဆောက်လုပ်ထားတဲ့ ဘုန်းတော်ကြီးကျောင်းများတွင် စံမြန်းနေသော ဗုဒ္ဓဘာသာ အရေခြုံ ဒုသီလ ရဟန်းများ အနေခက်ခဲ့ရပါတယ်။ အာဏာရှင်များ ပေးကမ်းလှူဒါန်းသော ဝတ္ထုပစ္စည်းများဖြင့် ကြီးပွားနေသော ဒုသီလ ရဟန်းများမှာ ဗုဒ္ဓဘာသာကို နားလည်ယုံကြည်သော ဒကာ ဒကာမများရဲ့ ကိုးကွယ်ယုံကြည်မှုကို စွန့်လွှတ်လာခဲ့ရပါတယ်။ ဒီအကျိုးရလဒ်တွေဟာ လူထုက ယဥ်ကျေးမှုဆိုင်ရာအခြေခံ တတ်သိနားလည်သဘောပေါက်မှု (Cultural literacy) တွေ တိုးပွားလာတာ ကြောင့်ဖြစ်ပါတယ်။ တနည်းဆိုရရင် အာဏာရှင်စနစ်ဟာ လူထုကို ယဥ်ကျေးမှုဆိုင်ရာသဘောပေါက်မှု မရှိအောင် မျက်စိပိတ် နားပိတ်လုပ်ခဲ့ကြသလောက် ဒီမိုကရေစီ လူ့အဖွဲ့အစည်း ထူထောင်လိုသူတွေက လူထုကို မျက်စိ နားဖွင့်ကာ ယဥ်ကျေးမှုဆိုင်ရာအခြေခံ တတ်သိနားလည်သဘောပေါက်မှု (Cultural literacy) ပိုမို ရရှိအောင် ကြိုးပမ်းလာကြလို့ပါပဲ။
ညစ်ပတ်ယုတ်မာတဲ့ အစိုးရလက်ထက်မှာ လူမျိုးရေး အစွန်းရောက်မှု၊ ဘာသာရေး အစွန်းရောက်မှု၊ လူတဖွဲ့ တစု ကောင်းစားမှု၊ ပြည်သူအများစုက ကျွန်များသဖွယ် အသက်ရှင်ရမှု၊ ရန်လိုမုန်းထားမှု၊ သံသယကြီးမားမှု၊ မနာလိုစိတ် ကြီးမားမှု စတဲ့ မကောင်းမှုများနဲ့ အသားကျစွာ နေထိုင်ရလေ့ရှိပါတယ်။ အဲဒီလို မကောင်းမှုများနဲ့ အသားကျအောင် လူထုကို ယဥ်ကျေးမှုဆိုင်ရာ နားလည် သဘောပေါက်မှုများ မရှိအောင် အာဏာရှင်တွေက ဖန်တီးထားလေ့ရှိတာ သဘာဝကျပါတယ်။
ကျွန်တော်တို့လို အသက် ၇၀ တန်းတွေဟာ စစ်အာဏာရှင်လက်ထက်မှာ သမိုင်းဆိုင်ရာ အမှားများ သင်ကြားခံရမှု( ဂျင်းထည့်ခံရမှု)၊ ဘာသာရေးဆိုင်ရာ အမှားများ သင်ကြားခံရမှု၊ ယဥ်ကျေးမှု ဓလေ့ထုံစံ အမှားများ သင်ကြားခံရမှုတွေ အများအပြားရှိခဲ့ပါတယ်။ ပြောမဆုံးပေါင် တောသုံးတောင် ဆိုရမလိုပါပဲ။ ဒါတွေကို ဆန့်ကျင်ရင်၊ မေးခွန်းထုတ်ရင် ကွန်မြူနစ်တွေ၊ ဘာသာမဲ့တွေ၊ ယဥ်ကျေးမှုမရှိသူတွေလို့ စွပ်စွဲခံရ၊ နှိပ်ကွပ်ခံရလေ့ရှိပါတယ်။ တက္ကသိုလ်ကျောင်းသား ဖြစ်ရင်တော့ ကျောင်းသားဆိုး ဆိုတဲ့ နာမည်အတပ်ခံခဲ့ရတာပါပဲ ။
ဒါပေမဲ့ အမှန်တရား ဆိုတာ ကြာကြာဖုံးထားလို့ မရစမြဲမို့ အခုအချိန်မှာတော့ လူထုဟာ ယဥ်ကျေးမှုဆိုင်ရာအခြေခံ တတ်သိနားလည်သဘောပေါက်မှု (Cultural literacy) ပိုမိုမြင့်မားလာပြီး ဓမ္မနဲ့ အဓမ္မ ခွဲခြားသိမြင်လာပါပြီ။ ဒီထက် ဒီထက်ပိုမိုမြင့်မားစွာ နားလည်အောင် ဆက်ကြိုးစားကြရပါဦးမယ်။
ကဲ နောက်တပတ်တော့ ငွေကြေးဆိုင်ရာ အခြေခံ တတ်သိ နားလည်သဘောပေါက်မှု (financial literacy) ကို လေ့လာပါဦးမယ်။
Join Us @ MoeMaKa Telegramt.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar