Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ခေမရဌ်

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ခေမရဌ်

(မိုးမခ) မေ ၁ ၊ ၂၀၂၂


ဆင်းရဲချမ်းသာ သဘာ၀၊ တွေ့ကြုံနေကျ လူတိုင်းပေ၊

ကောင်းဆိုးနှစ်တန် အစုံတွဲလို့၊ တစ်လှည့်စီလဲ အမြဲနေ၊

လောကဓံကြုံ မဖြုံတမ်းပေါ့၊ မတုန်လှုပ်စမ်းနဲ့ စိတ်ခိုင်စေ၊

သောကကိုထိန်း ရမ္မက်သိမ်း၊ အေးငြိမ်း ချမ်းသာနေ၊

အဲဒါမှ ..... ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။

ကျုပ်တို့ပြည်သူတွေကြုံနေတာက လောကဓမ္မ = လောကဓံထက် စစ်ခေါင်းဆောင်တွေရဲ့ လောဘဒဏ္ဍ = လောဘဒဏ် ဒေါသဒဏ် မောဟဒဏ်တွေ၊ အချောင်သမား ဖော်လံဖားတွေရဲ့ ဘောမဒဏ်တွေ ခံနေရတာပါ။

ကိုယ့်သူငယ်ချင်းတွေ ကိုယ့်မိသားစုဝင်တွေ ကိုယ့်ရှေ့မှာ စိတ်ကူးကြည့်လို့တောင်မရတဲ့ နည်းလမ်းပေါင်းစုံနဲ့ အသတ်ခံရ။ ကိုယ်ချစ်ခင်နှစ်သက်သူတွေ အနှိပ်စက်ခံရ၊ အဖမ်းခံရ၊ အကျဉ်းချခံရ။ ကိုယ့်အိုးအိမ်တိုက်တာ ကိုယ့်ရပ်ရွာတွေ အဖျက်ဆီးခံရ၊ မီးတိုက်ခံရ။ ကိုယ့်မြို့ဌာနေ အချေမွခံရ။ ကိုယ့်ကလေးလေးတွေ ကိုယ့်ဘိုးဘွားတွေ ကိုယ့်မိဘတွေ ရက်ရက်စက်စက် ဗုံးကြဲခံရ၊ စက်သေနတ်နဲ့ အဆွဲခံရ။ တတိုင်းပြည်လုံးက တည်ဆောက်ထားသမျှ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍတွေအားလုံး ပျက်သုဉ်းခံလိုက်ရ။ လူငယ်တွေရဲ့ စိတ်အနုထည်တွေအားလုံး ကြမ်းရှကုန်ရ။ ဘယ်ဘက်ကကြည့်ကြည့် တကယ့် တုန်လှုပ်စရာတွေချည်းပါပဲ။

ဝမ်းနည်းရ၊ ပူဆွေးရ၊ ငိုကြွေးရ၊ စစ်ရှောင်ရ စစ်ပြေးရနဲ့ အတောမသတ်နိုင်တဲ့ ဒုက္ခတွေ စဉ်တိုက်ဆက်တိုက်ခံစားနေရ၊ စိတ်နာကျင်နေရ၊ စိတ်ပျက်လက်ပျက် ဖြစ်ကြရတယ်။

အဲဒီကတဆင့် အခွင့်အလမ်းအမှားနောက် ကောက်ကောက်ပါမှု၊ မုန်းတီးနာကြည်းမှု၊ အခြေအနေအပေါ် မယုံရဲမှု၊ ရလာတဲ့ အာဏာလေးနဲ့ ဝင့်ဝါမှု၊ တော်လှန်ရေးအပေါ်  မှားမှားယွင်းယွင်း ရှုမြင်မှု၊ သံသယ၊ မသေချာမှု၊ စိတ်အားလျော့ကျမှု၊ တည်တည်ငြိမ်ငြိမ် မသုံးသပ်နိုင်မှု၊ အမှားအယွင်းတွေလုပ်ဆောင်ဖို့ ရဲတင်းလာခြင်း ဆိုတဲ့ စိတ်အညစ်တွေ ဝင်လာတယ်။

ဒါပေမဲ့ ဒါတွေဟာ တဦး တယောက်တည်း ဖြစ်တာမဟုတ်ဘဲ ပြည်သူတရပ်လုံး စုကြုံကြရတော့ ပြည်သူဆိုတာ အများ၊ အများသည် အမှန်တရား၊ အမှန်တရားဆိုတာ သူတော်ကောင်းတရား။ အဲဒါကြောင့် ပြည်သူဟာ သူတော်စင်ဖြစ်တယ်။

တဦး တယောက်ချင်းမှာ တုန်လှုပ်စရာလောကဓံတွေ ဖြစ်ပေမယ့် သူတော်စင်ပြည်သူအပေါင်းအစုကိုဖြင့် ဘယ်လောကဓံကမှ မတုန်လှုပ်စေနိုင်ပါဘူး။ သူတော်စင်ပြည်သူဟာ န ကမ္ပတိမင်္ဂလာထိုက်ပါတယ်။ 

သူတော်စင်ပြည်သူကို ဘယ်လောကဓံမျိုးကမှ ဝမ်းနည်းကြေကွဲအောင် စိတ်ဓာတ်ကျအောင် မလုပ်နိုင်ပါဘူး။ သူတော်စင်ပြည်သူဟာ အသောကံမင်္ဂလာထိုက်ပါတယ်။

သူတော်စင်ပြည်သူကို ဘယ်လောကဓံဆိုးကမှ အခွင့်အလမ်းမှားနောက် ကောက်ကောက်ပါအောင် ဝင့်ဝါမာန်တက်အောင် တော်လှန်ရေးအပေါ် သံသယဝင်အောင် မစွမ်းဆောင်နိုင်ပါဘူး။ သူတော်စင်ပြည်သူဟာ ဝိရဇံမင်္ဂလာထိုက်ပါတယ်။

ပြည်သူတွေရဲ့ တော်လှန်ရေးသတိ တော်လှန်ရေးအသိကပဲ စစ်ဗိုလ်ချုပ်ဆိုးများရဲ့ လောကဓံကြောင့် မတုန်လှုပ်အောင်၊ ဝမ်းနည်းပူဆွေး ငေးမှိုင်မနေအောင်၊ စိတ်ညစ်စိတ်ဆိုး မလွှမ်းမိုးအောင် တော်လှန်ရေးကို ဆက်လက်သယ်ဆောင်နေတာပါ။ ဒါဟာ ခေမမင်္ဂလာပါ။ 

ခေမ ဆိုတာ အပြည့်အဝ လုံခြုံစိတ်ချရမှုကို ဆိုတာပါ။

သူတော်ကောင်းပြည်သူဟာ ခေမမင်္ဂလာထိုက်သူတွေပါ။

ဒီတော်လှန်ရေးက ခေမရဌ = ခေမရဌ် ဆိုတဲ့ အပြည့်အဝ လုံခြုံစိတ်ချနိုင်ငံတော်သစ်ကို ထူထောင်ဖို့ပါ။

ဒီခေမမင်္ဂလာဟာ ဗုဒ္ဓဘာသာမှာ အမြင့်မြတ်ဆုံး ကောင်းခြင်းမင်္ဂလာဖြစ်ပါကြောင်း။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar