Breaking News

စစ်အာဏာသိမ်းအပြီး ၂ နှစ်ကျော်ကာလ မြန်မာနိုင်ငံ ရောက်နေတဲ့ အနေအထား


မြန်မာနွေဦး ခရိုနီကယ် - ဧပြီလ ၃၀ မြင်ကွင်း

(မိုးမခ) မေ ၁၊ ၂၀၂၃


စစ်အာဏာသိမ်းအပြီး ၂ နှစ်ကျော်ကာလ မြန်မာနိုင်ငံ ရောက်နေတဲ့ အနေအထား 

မြန်မာနိုင်ငံက ဗမာစစ်တပ်လို့ တိုင်းရင်းသားတွေ ခေါ်ကြတဲ့ စစ်တပ်က မြန်မာ့နိုင်ငံရေးအာဏာကို သိမ်းယူတာ လွတ်လပ်ရေးရပြီး နှစ်ပေါင်း ၇၀ ကျော်အတွင်း ၃ ကြိမ်ရှိပြီး အာဏာသိမ်းဖို့ ကြံစည်မှုကို တရားဝင်ဖြစ်အောင် အိမ်စောင့်အစိုးရအဖြစ် လွှဲပေးလိုက်တာ ၁ ကြိမ်နဲ့ ဆိုစုစုပေါင်း ၄ ကြိမ်လို့ ခေါ်ဆိုရမှာ ဖြစ်ပါတယ်။ ၁၉၅၈ အိမ်စောင့်အစိုးရ၊ ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီ လို့အမည်တပ်ထားတဲ့ ဦးနေဝင်းဦးဆောင်တဲ့ စစ်အာဏာသိမ်းမှု၊ ၁၉၈၈ ခုနှစ် ဗိုလ်ချုပ်စောမောင် ကို ဦးနေဝင်းက တာဝန်ပေးအပ်လိုက်တယ်လို့ ဆိုနိုင်တဲ့ အာဏာသိမ်းမှုလို့ ပြည့်ပြည့်ဝဝ မဆိုနိုင်တဲ့ စစ်အာဏာသိမ်းမှု၊ ၂၀၂၁ ခုနှစ် ရွေးကောက်ခံ အရပ်သားအစိုးရရဲ့ လွှတ်တော် မဖွဲ့စည်းနိုင်ခင် အာဏာသိမ်းမှု အဖြစ် ၄ ခု ရှိခဲ့တာတွေ့ရမှာ ဖြစ်ပါတယ်။ 

၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရ နဲ့ ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းမှုက ၄ နှစ်သာခြားပြီး ၅၈ ခုနှစ်မှာ ရည်မှန်းချက် မပြည့်မြောက်ခဲ့တဲ့အတွက် ၆၂ ခုနှစ်မှာ စစ်အာဏာသိမ်းခဲ့တာ ဖြစ်ပါတယ်။ ဆိုရှယ်လစ်စနစ်ရဲ့ အရေခွံကို ခြုံပြီး နိင်ငံတကာနဲ့ အရှေ့တောင် အာရှတခွင် ကွန်မျူနစ်ဝါဒ အင်အားကောင်းချိန်၊ စစ်အေးတိုက်ပွဲ အရှိန်ကောင်းချိန်မှာ တရုတ်၊ ရုရှားရဲ့ ကွန်မျူနစ် အုပ်စုဝင်လည်းမဟုတ်တဲ့ ဆိုရှယ်လစ်လမ်းစဥ်အမည်ခံပြီး သီးခြားတနိုင်ငံတည်း အာဏာရှင်စနစ်ကို ထူထောင်ခဲ့တာ ဖြစ်လို့ အမေရိကန် ဦးဆောင်တဲ့ အရင်းရှင်အုပ်စုကလည်း ရန်မပြုသလို ကွန်မျူနစ်လက်ဝဲ နိုင်ငံတွေအနေနဲ့လည်း တိုက်ရိုက် အကျိုးစီးပွားမထိခိုက်တဲ့ အတွက် စစ်ဗိုလ်ချုပ်တွေရဲ့ အာဏာက ပြင်ပဖိအားမရှိဘဲ ဆယ်စုနှစ်နဲ့ ချီထိန်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဦးနေဝင်းရဲ့ မဆလကျဆုံးခြင်းက တံခါးပိတ်ထားတဲ့ မြန်မာပြည်ရဲ့ ပြည်တွင်းစီးပွားရေး ချွတ်ခြုံကျမှုနဲ့ လူသုံးကုန်ပစ္စည်း အခြေခံစားသောက်ကုန် ဆန်ကို လွတ်လပ်စွာ စိုက်ပျိုးရောင်းဝယ်ခွင့်မပေးတဲ့ အချက်ကြောင့် မကျေနပ်မှုတွေဖြစ်ပေါ်ပြီး ၁၉၈၈ ခုနှစ်မှာ ၈လေးလုံး အရေးအခင်းဖြစ်ပွားခဲ့ရတာ ဖြစ်ပါတယ်။ ဒီအချိန်မှာ မဆလ အမည်ခံထားတဲ့ ဗိုလ်ချုပ်ဟောင်းတွေရဲ့ မဆလ အစိုးရကနေ စစ်တပ်ကို လုံးလုံးလျားလျား တာဝန်လွှဲပေးလိုက်ပြီး လူထုကို ပါတီစုံရွေးကောက်ပွဲကျင်းပပေးမယ်ဆိုတဲ့ ကတိနဲ့ စစ်အာဏာသိမ်းခဲ့ပြန်တာ ဖြစ်ပါတယ်။ 

ခုနောက်ဆုံး စစ်အာဏာသိမ်းမှုကတော့ ၂၀၀၈ ခုနှစ် ပြဋ္ဌာန်းလိုက်တဲ့ စစ်တပ်က ရွေးကောက်ခံစရာမလိုဘဲ ၂၅ ရာနှုန်း လွှတ်တော်မှာ ဝင်နေနိုင်တဲ့ အခြေခံဥပဒေနဲ့ ရွေးကောက်ခံပြီး တက်လာတဲ့ ဗိုလ်ချုပ်ဟောင်းတွေ ရဲ့ အစိုးရ သက်တမ်းတကြိမ်၊ လူထုထောက်ခံမှု အများစုကိုရရှိတဲ့ အန်အယ်လ်ဒီက ၅ နှစ် သက်တမ်း ၁ ကြိမ်အပြီး နောက်တကြိမ် အန်အယ်လ်ဒီ ရွေးကောက်ပွဲကို အနိုင်ရချိန် မှာ စစ်တပ်က နောက်သက်တမ်းတခုကို မစောင့်တော့ဘဲ နိုင်ငံရေးအာဏာကို ပြန်လည်သိမ်းယူခဲ့တာ ဖြစ်ပါတယ်။ 

အိမ်နီးချင်းနိုင်ငံ ထိုင်းနိုင်ငံဆိုရင် နှစ် အနည်းငယ်အတွင်း အာဏာသိမ်းမှု တကြိမ် ဖြစ်လေ့ဖြစ်ထရှိပြီး အနီးဆုံး ၆ နှစ် ဝန်းကျင်ကနေ အဝေးဆုံး ၁၀ နှစ် ၁၅ နှစ်အတွင်းတကြိမ် ဖြစ်လေ့ဖြစ်ထရှိတာပါ။ သို့ပေမဲ့ ထိုင်းနိုင်ငံမှာ စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံရဲ့ စီးပွားရေး  ဥပဒေဆိုင်ရာ၊ ပညာရေး၊ စတာတွေကို ဖျက်သိမ်းတာ အောက်ခြေကစလို့ ပြောင်းပြန်လှန်တာတွေ ဖြစ်လေ့ဖြစ်ထမရှိတာကြောင့် စီးပွားရေး၊ အလုပ်အကိုင်အခွင့်အလမ်း၊ နိုင်ငံတကာ ဆက်ဆံရေး စတာတွေကို ကြီးကြီးမားမားသက်ရောက်မှု မရှိဘဲ စီးပွားရေး ဖွံ့ဖြိုးမှုကို ကြီးကြီးမားမား သက်ရောက်မှု မရှိတာတွေ့ရမှာဖြစ်ပြီး  မြန်မာနိုင်ငံရဲ့  စစ်အာဏာသိမ်းခြင်းက တိုင်းပြည်ကို အောက်ခြေက စလို့ ပြောင်းပြန်လှန်တဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်စေပြီး ၊ အသက်ဆုံးရှုံးတွေ၊ ဖမ်းဆီးထောင်ချမှုတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေကို အရှိန်တိုးမြင့်လာစေတာ ၊ လက်နက်ကိုင်အဖွဲ့အစည်း အသစ်တွေ ပေါ်ထွက်လာစေတာတွေအထိ အပြောင်းအလဲ များတဲ့ အာဏာသိမ်းမှုတွေ ဖြစ်ပါတယ်။ အာဏာသိမ်းပြီးတက်လာတဲ့ စစ်အစိုးရတွေဟာ နောက်ထပ် ဆယ်စုနှစ်များစွာ အာဏာခိုင်မြဲအောင် အတိုက်အခံ ၊ ဆန့်ကျင်သူတွေကို နှိပ်ကွပ်လေ့ရှိကြပြီး အာဏာသိမ်းမှုကြောင့် အသက်ဆုံးရှုံးမှု အရေအတွက်လည်း ထိုင်းနိုင်ငံနဲ့ မနှိုင်းယှဥ်သာလောက်အောင် များပြားတာ ဖြစ်ပါတယ်။ 

အခု နောက်ဆုံး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုက ၁၉၈၈ခုနှစ်တုန်းကလိုပဲ ရွေးကောက်ပွဲ ကျင်းပပေးမယ်ဆိုတဲ့ ကတိနဲ့ စစ်အာဏာသိမ်းတာဖြစ်ပေမယ့် ၁၉၈၈ နဲ့ မတူတဲ့အခြေအနေက ၈၈ ခုနှစ် စစ်အာဏာသိမ်းအပြီး ပါတီစုံရွေးကောက်ပွဲတွေ ဆယ်စုနှစ် ၂ ခုကျော်ကြာမရှိခဲ့ရာက ကျင်းပပေးမယ်ဆိုတဲ့ ကတိဖြစ်ပြီး ခု ၂၀၂၁ ခုနှစ်က ရှိပြီးသား ပါတီစုံရွေးကောက်ပွဲရဲ့ ရလဒ်ကို ပယ်ဖျက်လိုက်တာကြောင့် နောက်ကျင်းပပေးမယ်ဆိုတဲ့ ရွေးကောက်ပွဲကို လူထုက မယုံကြည်တော့တဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒီလို အခြေအနေမှာ ရွေးကောက်ပွဲကျင်းပ ပေးမယ်ဆိုတဲ့ ကတိဟာ ကိုယ့်ဖဲမနိုင်လို့ ဖဲဝိုင်းဖျက်တဲ့ အဖြစ်မျိုးလို့သာ နှိုင်းယှဥ်နားလည်ကြပါတယ်။ နောက်တကြိမ် သူ့ဖဲမနိုင်ရင်လည်း ဖဲဝိုင်းဖျက်ဦးမယ့် အလားအလာရှိတာကြောင့် ယုံကြည်မှု လုံးဝမရှိတော့တဲ့ အခြေအနေမျိုးဖြစ်ပါတယ်။

ခုနောက်ဆုံး စစ်အာဏာသိမ်းအပြီး ၂ နှစ် နဲ့ ၃ လအကြာ မြန်မာနိုင်ငံဟာ လူ့အသက်ပေါင်း ၆ ထောင်ကနေ ၁ သောင်းနီးပါး သေဆုံးကြရပြီး ဖြစ်သလို ထောင်ပေါင်းများစွာ ဒဏ်ရာရ၊ ကိုယ်လက်အင်္ဂါချို့တဲ့ ခဲ့ကြပြီးဖြစ်ပါတယ်။ အကျဥ်းထောင်တွေထဲ လူ သောင်းနဲ့ချီ ထိန်းသိမ်းခံထားကြရသလို စစ်ပြေးဒုက္ခသည် ၁ သန်း၊ ၁သန်းခွဲကျော် ရှိလာပြီဖြစ်ပါတယ်။ အလုပ်အကိုင် အခွင့်အလမ်း သိန်းနဲ သန်းနဲ့ချီ ဆုံးရှုံးကြရပြီး မြန်မာနိုင်ငံသား သန်းနဲ့ချီ တရားဝင် ၊ တရားမဝင် အိမ်နီးချင်းနိုင်ငံတွေ အာဆီယံနိုင်ငံတွေကို သွားရောက် အလုပ်လုပ်ကိုင်နေကြရတဲ့ အခြေအနေဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ လူဦးရေ ထက်ဝက်ကျော်က ကုလသမဂ္ဂက သတ်မှတ်ထားတဲ့ ဆင်းရဲမှု မျဥ်းအောက်ရောက်နေကြပြီး လူသန်းနဲ့ချီ လူသားချင်းစာနာမှုအကူအညီ လိုအပ်နေကြတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ 

ရာဇဝတ်မှုတွေ အဆနဲ့ချီတိုးလာနေသလို လူသတ်မှု၊ လုယက် သတ်ဖြတ်မှုတွေလည်း နေ့စဥ်လိုလို နေရာအများအပြားမှာ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ တရားစီရင်ရေး၊ တရားဥပဒေစိုးမိုးရေး ဆိုတာတွေကို လူထုက မရှိတော့ဘူးလို့တောင် သတ်မှတ်ထားကြကာ ကိုယ့်တရား ကိုယ်စီရင်နေကြတဲ့ အခြေအနေ ဖြစ်လာနေပြီ ဖြစ်ပါတယ်။ လက်နက်ကိုင် အဖွဲ့ပေါင်း ရာနဲ့ချီ ပေါ်ထွက်လာနေပြီး လက်လုပ်လက်နက် လက်လုပ်မိုင်း လက်လုပ်စိန်ပြောင်း စတဲ့ လက်နက်တွေနဲ့ နေရာအနှံ့အပြားမှာ စစ်တပ်ကို ဆန့်ကျင် တိုက်ခိုက်နေကြတာ ဖြစ်ပါတယ်။ 

လူ့အသက် တချောင်းကို ရှည်ရှည်ဝေးဝေး စဥ်းစားမနေဘဲ သတ်ဖြတ်၊ အလောင်းစွန့်ပစ်တာတွေ ပိုင်ဆိုင်မှုတွေ လုယက်တာ၊ သိမ်းယူတာတွေ ဖြစ်ပွားနေတဲ့ နိုင်ငံ ဖြစ်ပါတယ်။ 

ဒီအခြေအနေတွေ အားလုံးဟာ ၆ လအကြာမှာ ရွေးကောက်ပွဲ ပြန်ကျင်းပပေးမယ်ဆိုတဲ့ ဆင်ခြေနဲ့ စစ်အာဏာသိမ်းမှုရဲ့  နောက်ဆက်တွဲ အကျိုးဆက်တွေသာ ဖြစ်ပါတော့တယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar