မြင့်နိုင်အိန် - ဘေးပေါင်းခတဲ့မြို့
ဘေးပေါင်းခတဲ့မြို့
မြင့်နိုင်အိန်
(မိုးမခ) မေ ၁၇၊ ၂၀၂၃
လူမသေဖူးတဲ့ အိမ်က မုန်ညင်းဆီကို
ခြေတိုအောင် ရှာကြည့်မိသူတစ်ယောက်လိုမျိုး
ပိုပိုဆိုးရွားလာတဲ့ ကပ်ကြီးနဲ့ ဝေးတဲ့
ဘေးမဲ့လမ်းကလေးက ဘယ်မှာ
ဘေးမဲ့အိမ်ကလေးက ဘယ်မှာ ။
ပြောရရင်
မြို့ရဲ့ ကောင်းကင်မှာ
ဆိုရှယ်လစ်ဇင် အရေခြုံထားတဲ့
မကောင်းဆိုးဝါးတစ်ကောင်ရဲ့ ဂျင်နက်တစ်တွေ
အစဥ်အလာမပျက်ဆိုတဲ့ ဇွန်ဘီတွေ ။
တကယ်တော့
'ချောက်ထဲမကျခင်
ဆွဲတင်လိုက်ရတာပါ' လို့ ပြောတဲ့နေ့က စပြီး
ကျနော် မွေးဖွားကြီးပြင်းခဲ့ရာ မြို့လေးဟာ
အစို့အညှောက် ထွက်လာမယ်ကြံတိုင်း
အတောင်ပံအဖြတ်ခံရတဲ့ ငှက်တစ်ကောင်လို
မကြာခဏ ဘေးပေါင်းခ နေတော့တာပါပဲ ။ ။
၁၅ မေ ၂၀၂၃
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar