နေချိုသွေး - ပန်းပွင့်နိုင်ငံတော်နဲ့ မူပိုင်အနုပညာ၊ တန်ဖိုးထားလေးစားမှုတွေ
နေချိုသွေး
(မိုးမခ) မေ ၁၇၊ ၂၀၂၃
ပုံနှိပ်မဂ္ဂဇင်းတွေ ရှားပါးလာပြီး အွန်လိုင်း မီဒီယာတွေနဲ့ အင်တာနက်စာမျက်နှာတွေ အားကောင်းလာတဲ့ယနေ့ခေတ်မှာ စာပေအနုပညာ ရေးသားရာမှာ နမိတ်ပုံ စာသားတွေနဲ့ ပတ်သက်လို့ ခဏခဏပြဿနာဖြစ်တာ ကြားနေရပါတယ်။ facebook အင်တာနက် အွန်လိုင်းကဖေါ်ပြတဲ့ စာပေအမျိုးအစားတွေမှာ စာပေဖြတ်သန်းမှုအပါအဝင် စာပေဝမ်းစာပြည့်တဲ့ တာဝန်ခံအယ်ဒီတာတွေကနေတဆင့် ရွေးချယ်ဖေါ်ပြတဲ့ စာပေအနုပညာနဲ့ပါတ်သက်ရင် ပြဿနာ ဖြစ်စရာ အကြောင်းမရှိပေမယ့် စာပေဝမ်းစာမရှိ နာမည်ကြီးချင်ရုံသက်သက်နဲ့ စာရေးပြီး ကိုယ့်ပရိသတ်နဲ့ကို စာတိုပေစရေးပြီး ဝါးလုံးခေါင်းထဲ လ သာနေတဲ့ စာရေးဆရာ/ကဗျာဆရာ အမည်ခံသူတွေကြောင်း စာပေအနုပညာလောကမှာ ပြဿနာတတ်စရာတွေ ကြုံတွေ့နိုင်ပါတယ်။
စာပေအနုပညာသမားတယောက် ကိုယ်တိုင် ဖန်တီးတွဲစပ် တည်ဆောက်ရေးထားတဲ့ခေါင်းစဉ်အပါအဝင် အနုပညာအသုံးအနှုန်းစကားလုံးဟာ သူ့ရဲ့ မူပိုင်ဖြစ်သွားတယ်။ ဥပဒေကြောင်းအရ အထူးတလည် မူပိုင်ခွင့်တင်နေစရာမလိုပါဘူး။ စာပေရေးသားတဲ့ နောက်လူတယောက်က အလွယ်တကူ ကူးချ အသုံးချပြီး အသုံးမပြုအပ်ပါဘူး။ စာပေအနုပညာသမားတိုင်း ဂါရဝတရားအရ လေးစားလိုက်နာ တန်ဖိုးထားကြရတဲ့ ကျင့်ဝတ်ပါ။
ကိုယ်ရေးမယ့် စာသားနဲ့ ခေါင်းစဉ်က အတွဲအစပ်စကားလုံးအသုံးလား၊ အရင်သုံးထားတာ ရှိလား၊ မရှိဘူးလား။ ရေးတော့မယ်ဆို လေ့လာ သိအောင်လုပ်ထားရမှာ စာရေးသူအနုပညာဖန်တီးသူတွေရဲ့ မဖြစ်မနေလေ့လာရမယ့် အလုပ်တခုပါ။
အနုပညာ ကျင့်ဝတ်အရ စာပေဂုဏ်သိက္ခာအရ မလုပ်အပ်တဲ့ နောက်တယောက်က ယူသုံးခွင့်မရှိတဲ့ စကားလုံးအတွဲအစပ် နိမိတ်ပုံအသုံးအနှုန်းတွေပါ။
ဥပမာတခုလောက်ထုတ်ပြရင် စာရေးဆရာကြီး/ကဗျာဆရာကြီး *ဒဂုန်တာရာ*သူ မကွယ်လွန်ခင် နှစ်အနည်း ယ်က ရေးသား ဖော်ပြခဲ့တဲ့ ကဗျာ၊ ဒီကနေ့ ခေတ်ကာလ နိုင်ငံရေးအခြေအနေနဲ့လည်း ထိမိနေတဲ့ကဗျာ၊ကဗျာခေါင်းစဉ်က “ ပန်းပွင့် နိုင်ငံတော် ”...။
ပန်းပွင့်+ နိုင်ငံတော် ဆိုတဲ့ နိမိတ်ပုံအသုံးက စာရေးသူ သေချာစွာ ဖန်တီးထားတဲ့ အတွဲအစပ်စကားလုံးအသုံးဆိုတာ အထွေအထူး ရှင်းပြနေစရာမလိုလောက်အောင် ထင်သာမြင်သာ ရှိနေပါတယ်။
အဲ့ဒီကဗျာကို ပိတောက်ပွင့်သစ် စာပေအနုပညာမဂ္ဂဇင်း၊ နိုဝင်ဘာလ၊ ၂၀၁၁ ခုနှစ်မှာ ပုံနှိပ်ဖော်ပြထားပါတယ်။
အဲ့ဒီကဗျာကို ၂၀၂၃ ခုနှစ်၊ မေလ ၁၀ ရက်နေ့မှာကျရောက်ခဲ့တဲ့ ဆရာကြီးရဲ့ ၁၀၄ နှစ်ပြည့်မွေးနေ့ကို ဂုဏ်ပြုရင်း လေးစားသမှုနဲ့ ဂါရဝပြုလို့ တဆင့်ကူးယူဖော်ပြပေးလိုက်ပါတယ်။
*ပန်းပွင့် နိုင်ငံတော်*
“နှင်းခဲခိုင်ပွင့်
ရဲရဲတင့်တို့
အသင်ဘယ်ခါ လင့်ပါလိမ့်...။
အနီစပ်စပ်
တောင်ဇလပ်တို့
သတ်မှတ်ဘယ်ခါ " ဖူး" ပါလိမ့်...။
နေကြာဦးမှာ
မူးမူးဝါဝါ
ပြာပြာနီနီ
ဖားစည်လွင့်
ဒုန်းအမောတို့
တောသံလွင်လွင် ပဲ့တင်ထပ် ...။
သဇင်ဖြူတို့
မြေငူပင်လယ်
ရနံ့ပြယ်စ
ကလော့မိချောင်း
စောင်းသံ ပြောင်းလော့
သင်္ကြန်မှာ ပိတောက် ရွှေရောင်တောက်လော့ ”။
ဒဂုန်တာရာ
၂၈၊ ၈၊ ၂၀၁၁
ဒါတွေဟာ ဆရာကြီး ဒဂုန်တာရာရဲ့ မူပိုင်ခေါင်းစဉ်နဲ့ စံထားလောက်တဲ့အနုပညာ အရည် အသွေးတွေထဲကပါပဲ။
ပြောရရင် မူပိုင်အရေးအသား အသုံးအနှုန်း စကားလုံးတွေကို အခြားတယောက်က ခွင့်ပြုချက် မရှိပဲ၊မူရင်း ရေးသားသူရဲ့ ကလောင်အမည်မတပ်ဘဲ ရေးတဲ့အခါ သူယူရေးသူ ပုဂ္ဂိုလ်ရဲ့ ထင်ပေါ်ကျော်ကြားမှုရှိရင် ရှိသလောက်အတိုင်းအတာထိ ပြဿနာ ကြီးကြီးမားမားဖြစ်တတ်ပါတယ်။ အလွန် နှမျောစရာကောင်းတဲ့အဖြစ်အပျက်လို့ ယူဆပါတယ်။
ဘာကြောင့် နှမျောလည်းဆိုတော့ လူတထောင်မှာ ကဗျာအပါအဝင်စာပေအနုပညာရေးသားဖို့ဝါသနာပါတဲ့လူက တယောက်တောင် မသေချာလို့ပါ။ ကဗျာဆရာ မောင်ချောနွယ် ကဗျာထဲက စာသားငှားပြောရရင် သူ့ခမျာအနုပညာမရခင် လူလည်လုပ်နည်း အရင်ရသလိုဖြစ်ပြီး သူ့ကလောင်သေဆုံးသွားလို့ပါ။ ဒါတွေက စာရေးနေတဲ့ ဘယ်သူမဆို ကျပ်ကျပ် သတိထားရမယ့်အနေအထားပါ။
ပြောချင်တာက စာရေးနေတဲ့လူတွေအနေနဲ့စကားလုံးတွေရဲ့ အနက်အဓိပ္ပာယ် အကျိုးသက်ရောက်မှုတွေကို ပိုသိ ပိုနားလည်နေတဲ့အတွက် ပို ရိုးသားဖို့လိုပါတယ်။ကိုယ့်လိပ်ပြာကို လုံဖို့ လိုအပ်ပါတယ်။ အဖြစ်အပျက်တခုကိုပြောပြရရင် ...
ကဗျာဆရာမောင်ကြူးရင့် ၁၉၉၇ခုနှစ် ဝန်းကျင်လောက်က ရေးထားတဲ့ *နှင်းဆီရဲတိုက်* ခေါင်စဉ်နဲ့ ကဗျာကို လပ်ကီးဆဲဗင်းရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးဖြန့်ချိတဲ့ရုပ်ရှင်ဇာတ်ကားမှာ “နှင်းဆီရဲတိုက်” ဆိုပြီး ယူသုံးထားတဲ့အတွက် ပြဿနာအနည်းငယ်တက်တယ်လို့ ကြာလိုက်ရတယ်။ နာမည်တူနေတဲ့အတွက် လပ်ကီးဆဲဗင်း ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ပိုင်ရှင်ဆိုသူကနေ ကဗျာဆရာကြီးမောင်ကြူးရင့်ထံ တောင်းပန်ပြီး အနုပညာဉာဏ် ပူဇော်ခကို ကဗျာဆရာသမဂ္ဂဥက္ကဋ္ဌ “မိုးကျော်သူ” ကနေတဆင့် ကဗျာဆရာ မောင်ကြူးရင့်ထံ ပေးအပ်ခဲ့ပါတယ်။
ကဗျာဆရာကြီးမောင်ကြူးရင့် ရေးသားထားတဲ့*နှင်းဆီရဲတိုက်* ခေါင်းစဉ်နဲ့ ကဗျာကို ဖတ်ကြည့်ပါ။
*နှင်းဆီရဲတိုက်*
“အချစ်ရေ
အလွမ်းလှေတွေပြည့်နေတဲ့
ဆိပ်ကမ်းက...ခွာ
လာ...ရဲရဲ
နှင်းဆီဥယျာဉ်ကို
အနမ်းနဲ့ သိမ်းပိုက်ဖို့
နှင်းထုကို ထိုးခွဲကြစို့
ကြားတယ်နော်...
စံပယ်ရနံ့နဲ့အသံများ
သံစဉ်တညီတည်း
လမ်းလျှောက်လာနေကြ”။။
ကဗျာဆရာကြီးမောင်ကြူးရင့် အနေနဲ့ ၁၉၉၇ ခုနှစ်၊ နိုဝင်ဘာလမှာ ရုပ်သံ ရသစုံမဂ္ဂဇင်းမှာ ရေးသားထားတာပါ။
ပြောရရင် အနုပညာရပ်ဝန်း မတူညီပေမယ့် တန်ဖိုးထားမှုနဲ့ ကျင့်ဝတ်အရ အသိအမှတ်ပြုပြီး ဉာဏ်ပူဇော်ခ ဂုဏ်ပြုငွေကိုပေးအပ်ပြီး လေးစားမှုကိုပြခဲ့တာကို မြင်တွေ့ရပါတယ်။ နဂိုရှိပြီးသား အများသုံး စကားလုံးမဟုတ်ပဲ အနုပညာအရ အတွဲအစပ် စကားလုံးအသစ်ဆိုရင် မူရင်းရေးသားထားသူကို အသိအမှတ်ပြုပြီး လေးစားတန်ဖိုးထားမှုနဲ့ နောက်လူက အသုံးပြုတော့မယ်ဆိုရင် ခွင့်ပြုချက်ယူပြီး အသုံးပြုတာ ပိုကောင်းပါတယ်။
ဂါရဝတရားအရ လေးစားလိုက်နာ တန်ဖိုးထားကြရမယ့် ကျင့်ဝတ်ပါ။ အနုပညာစာပေသမားတွေ အနေနဲ့ နဂိုရှိပြီးတာ အများသုံးစကားလုံး နောက်ထပ် အနုပညာကွန့်မြူးပြီး တွဲစပ်ရန်မလိုသော စကားလုံး နိမိတ်ပုံ အသုံး အနှုန်းနဲ့ ခေါင်းစဉ်တပ်ပြီး ရေးသားခွင့်ရှိကြတဲ့ ကိစ္စပါ။ ဘယ်အနုပညာသမားတယောက်မှ ကိုယ်ပိုင်ဖန်တီးထားတာမဟုတ်တော့ ဘယ်သူမဆို လွတ်လပ်စွာ ယူသုံး ယူရေး သားခွင့် ရှိကြပါတယ်။
ကျွန်တော့် အမြင်ကတော့ ကိုယ်တိုင်ဖန်တီးထားတဲ့ စကားလုံး အတွဲအစပ် မဟုတ်တဲ့ တနည်းအားဖြင့် အများအသုံးပြုခွင့်ရှိတဲ့ စာသား နိမိတ်ပုံတွေနဲ့ ရေးကြတဲ့အခါမှာ အရင်ဆုံး ရေးသားထားပြီး အဲ့ဒီ စကားလုံးအသုံး နိမိတ်ပုံကို စာဖတ်သူတွေက စာရေးသူအနုပညာသမားရဲ့ ကလောင်နာမည်နဲ့ တွဲ မြင်လောက်အောင် အနုပညာအရည်အသွေးပြည့်ဝတဲ့ အရေးအသားမျိုး ကဗျာမျိုးတွေရှိထားကြတာ တွေ့ရပါတယ်။
ဥပမာ- ဆရာမကြီးကြည်အေး ရေးသားခဲ့တဲ့ *တစ္ဆေ* ကဗျာ။
အဲ့ဒီကဗျာ ခေါင်းစဉ် တစ္ဆေ ဆိုတာက ဘယ်သူမဆို ယူပြီး ရေးသားခွင့် ရှိပါတယ်။ ဒ ါပေမယ့် နောက်ထက် တယောက်က တစ္ဆေ ဆိုပြီး ခေါင်းစဉ်နဲ့ ကဗျာ ရေးတဲ့အခါမှာ အရင်ရေးသားထားတဲ့ ဆရာမကြီး ကြည်အေး ရဲ့ တစ္ဆေလောက် ကောင်းမလား။ ကောင်း မကောင်း ဆိုတာ စာဖတ်သူတွေက တစ္ဆေ ကဗျာ ခေါင်းစဉ်နဲ့ ရေးသူ ကလောင်နာမည်ကို အထူးဂုဏ်တင် တွဲ မြင်နေလား။ ဒါ အဖြေပါပဲ။ ခေါင်းစဉ်တူရေးလို့ရပါတယ်။
ရေးခွင့်လည်းရှိနေတာပဲ။ ဒါပေမဲ့ အခုရှင်းပြသလို အများသုံး စကားလုံးနဲ့ အရင် ရေးသားထားတဲ့ ကဗျာခေါင်း စဉ် စာသားနဲ့ ကလောင်အမည်ကို စာဖတ်သူတွေက အထူးအသိအမှတ်ပြု တွဲမြင်နေတဲ့အခါမှာ နောက်မှ ခေါင်းစဉ်တူရေးတဲ့ ကလောင်ရှင်က ကျော်လွှားနိုင်ပါ့မလား။ ဒါမျိုး တူရာ ယူရေးတဲ့အခါ စာရေးသူတွေအတွက် အကြီးမားဆုံးစိန်ခေါ်မှုတွေပါပဲ။ စာဖတ်သူတွေ အသိအမှတ်ပြုတဲ့ အရေးအသားနဲ့ကျော်လွှားနိုင်ရင်တော့ အတိုင်းထက် အလွန်ပေါ့ဗျာ။
နိဂုံးချုပ်ရေးရရင် စာရေးသူ ဘယ်သူမဆို ကိုယ်တိုင်တွဲစပ် ဖန်တီးတည် ဆောက်ထားတဲ့ နိမိတ်ပုံ စာသားအဆောက်အအုံအရေးအသားမျိုးဆို မူပိုင်ခွင့်ရှိထားပြီးသား အနုပညာအဆောက်အအုံလို လက်ရှောင်စေချင်ပါကြောင်းနဲ့ မဖြစ်မနေအသုံးပြုတော့မယ်ဆိုရင်လည်း သက်ဆိုင်သူထံ ခွင့်ပြုချက်တောင်း..၊ ဒါမှမဟုတ် မူရင်းရေးသူရဲ့ကလောင်အမည်ကို သေချာတပ်ရေးပေးပြီး အသုံးပြုသင့်ပါကြောင်းခင်ဗျာ ။ ။
မေတ္တာဖြင့် လေးစားလျက်
နေချိုသွေး
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar