Breaking News

သေဆုံးမှုနဲ့ ပျက်စီးဆုံးရှုံးမှု တစတစ တိုးလာနေတဲ့ မိုခါဆိုင်ကလုန်း အပြီးကာလ


မြန်မာနွေဦး ခရိုနီကယ် - မေ ၁၆ မြင်ကွင်း

(မိုးမခ) မေ ၁၇၊ ၂၀၂၃


သေဆုံးမှုနဲ့ ပျက်စီးဆုံးရှုံးမှု တစတစ တိုးလာနေတဲ့ မိုခါဆိုင်ကလုန်း အပြီးကာလ 

မေလ ၁၅ ရက်နေ့ နံနက်က စလို့ ညသန်းခေါင်ကျော်ထိ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ မကွေး၊ စစ်ကိုင်းတိုင်း နေရာအချို့ကို တိုက်ခတ်သွားတဲ့ ဆိုင်ကလုန်းမိုခါ အားပျော့ပျက်ပြယ်ပြီး ၂ ရက်ကြာတဲ့ ကာလမှာ ပျက်စီးမှုရဲ့ အတိုင်းအတာ ဘယ်လောက်ထိ များပြားသလဲ၊ အသက်ဆုံးရှုံးမှု အရေအတွက်တွေ ထပ်မံတိုးတက်လာနေပြီး မုန်တိုင်းဒဏ်ခံစားနေရတဲ့ သူတွေလိုအပ်နေတဲ့ အရေးပေါ် အကူအညီတွေလည်း တိုးမြင့်လာနေတာတွေ့ရမှာ ဖြစ်ပါတယ်။ 

စစ်တွေမြို့ကတော့ လူဦးရေအများဆုံးနေထိုင်တဲ့ မြို့၊ မုန်တိုင်းဒဏ်ကို အပြင်းထန်ဆုံးခံရတဲ့ မြို့တမြို့ဖြစ်ပြီး လက်ရှိအနေအထားမှာ စစ်တွေမြို့က အဖြစ်အပျက်တွေ ဆုံးရှုံးမှုတွေသာ အများဆုံး မြင်တွေ့ကြားသိနေရတာ ဖြစ်ပြီး မြို့ကနေ မိုင်အနည်းငယ်ဝေးကွာတဲ့ ကျေးရွာတွေရဲ့ သေဆုံး၊ ပျက်စီးမှု သတင်းတွေတောင် အသေးစိတ် မသိကြရသေးတဲ့ အခြေအနေဖြစ်ပါတယ်။ စစ်တွေမြို့နဲ့ မိုင်အားဖြင့် ဘယ်လောက်မှ မဝေးတဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာ သေဆုံးမှု ရာချီရှိခဲ့တယ်ဆိုတဲ့ သတင်းတွေ ဒီနေ့မှာ ပထမဆုံးအနေနဲ့ ပေါ်ထွက်လာပြီး သေဆုံးသူအရေအတွက်အားဖြင့် ခန့်မှန်းခြေ ၄၀၀ ကျော်ရှိတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ 

၂၀၁၂ ခုနှစ် လူမျိုးရေး ဘာသာရေးပေါ် အခြေခံတဲ့ လူမှုအသိုက်အဝိုင်းကြား ပဋိပက္ခတွေနောက်ပိုင်း ဒုက္ခသည်စခန်း အဖြစ်ဖွင့်လှစ်ကာ မူဆလင်ဘာသာဝင် ရိုဟင်ဂျာလူမျိုးစုတွေကို ကန့်သတ်နေထိုင်စေခဲ့တဲ့ ဒုက္ခသည်စခန်းတွေမှာ မုန်တိုင်းတိုက်ခတ်စဥ် ရေတက်လာရာက နစ်မြုပ်၊ မျောပါပြီး အသက်ဆုံးရှုံးခဲ့ကြရတာလို့ ကနဦး သတင်းအချက်အလက်တွေက ဆိုပါတယ်။ ဆယ်စုနှစ်တခုကျော် ကြာမြင့်လာပြီဖြစ်တဲ့ ဒုက္ခသည်စခန်းတွေဟာ လက်နက်ကိုင်လုံခြုံရေး စောင့်ကြပ်မှုတွေ နဲ့ လွတ်လပ်စွာ သွားလာခွင့် ပေးမထားတဲ့ စခန်းတွေဖြစ်လို့ အခုလို သဘာဝဘေးအန္တရာယ်ကျရောက်ချိန်မှာ ဘယ်လို စီမံခန့်ခွဲခဲ့ကြသလဲ၊ ဘေးလွတ်ရာ တိမ်းရှောင်မယ့် အစီအစဥ်တွေကို မလုပ်ဆောင်နိုင်ခဲ့ကြခြင်းက ဘယ်သူ ဘယ်အဖွဲ့အစည်းမှာ တာဝန်ရှိသလဲ စသဖြင့် အသေးစိတ်အခြေအနေတွေ တိတိကျကျ ထွက်ပေါ်မလာသေးပါဘူး။ 

ကနဦး မီဒီယာတွေကို ဖြေကြားချက်အချို့မှာတော့ စခန်းက သူတဦးက ရွှေ့ပြောင်းဖို့ သတိပေးနှိုးဆော်တာတွေ လုပ်ကြတယ်၊ စခန်းမှာနေထိုင်သူတွေက လိုက်နာမှုအားနည်းတယ် ဆိုတဲ့ သဘောမျိုး မှတ်ချက်ပေးထားတာ ဖတ်ရှုရပါတယ်။ မြို့တွေမှာ လွတ်လွတ်လပ်လပ် နေထိုင်သူတွေ အဖို့ သတင်းအချက်အလက်ရရှိတာ ကျရောက်လာမယ့် မုန်တိုင်းရဲ့ ပြင်းထန်မှု နဲ့ပတ်သက်လို့ လုံလောက်စွာ အချက်အလက် ရယူနိုင်တဲ့ အနေအထားနဲ့ ဒုက္ခသည်စခန်းမှာနေထိုင်သူတွေ အဖို့ သတင်းအချက်အလက် အကန့်အသတ်၊ ရွှေ့ပြောင်းမှုကို စီမံနိုင်ဖို့ ငွေကြေး စတာတွေအားနည်းမှုတွေကြောင့် အန္တရာယ်ကို စိုးရိမ်သင့်သလောက် မစိုးရိမ်ကြတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ 

ရခိုင်နဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေ မုန်တိုင်းဒဏ် ခံရပြီး အသက်ဆုံးရှုံးတာ နေအိမ်တွေ ပျက်စီးဆုံးရှုံးတာတွေကြားရ တဲ့အခါ ဒုက္ခနှစ်ထပ်ကွမ်း၊ နူရာဝဲစွဲ လဲရာသူခိုးထောင်း ဆိုတဲ့ စကားလုံးတွေကို သတိရမိပါတယ်။ နကိုကတည်းက ထူဖို့ ထဖို့မလွယ်တဲ့အနေအထားမှာ သဘာဝဘေးအန္တရာယ် ထပ်မံနှိပ်စက်တဲ့အခါ အသက်တွေ၊ ဘဝတွေက ကြားရသူအဖို့ စိတ်ထဲမခံစားနိုင်တဲ့ အနေအထားမျိုး ဖြစ်ပါတယ်။ 

စစ်တွေမြို့မှာ မထိခိုက်တဲ့ အိမ်၊ ရုံး၊ လုပ်ငန်း၊ ဘာသာရေး အဆောက်အဦ မရှိသလောက် တွေ့ရသလိုပဲ၊ ရသေ့တောင်မြို့၊ ကျောက်တော်မြို့၊ မြောက်ဦးမြို့၊ မင်းပြား၊ မောင်တော၊ ကျောက်ဖြူ စတဲ့ မြို့တိုင်းလောက်မှာ ပျက်စီးမှု ၉၀ ရာနှုန်းရှိနေတာ ဖြစ်ပါတယ်။ 

ချက်ခြင်း အရေးပေါ် လိုအပ်ချက်က ဘာဖြစ်မလဲ၊ သန့်ရှင်းတဲ့သောက်ရေ၊ အစားအသောက်၊ အမိုးအကာနဲ့ နာမကျန်းသူတွေ အတွက် ဆေးဝါးကုသမှု စောင့်ရှောက်မှုဖြစ်ပါတယ်။ ဒီလိုအပ်ချက်တွေကို ဘယ်လို ကူညီနေကြလဲ၊ နိုင်ငံရေးအရ ရန်ဖက်ဖြစ်နေကြတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေအကြား ပူးပေါင်းဆောင်ရွက်မှု ရှိကြလား၊ မရှိခဲ့ရင်တောင်မှ တားဆီးတာ ပိတ်ပင်တာ နှောင့်နှေးအောင် လုပ်ဆောင်တာ ရှိနေကြလား၊ ကုလသမဂ္ဂရဲ့ အကူအညီ ကူညီကယ်ဆယ်ရေး ဆောင်ရွက်မှုတွေက ဘယ်လောက်ထိ ရှိနေလဲ။ အရပ်ဖက် အဖွဲ့အစည်းတွေ ပရဟိတ ရပ်ရွာလူမှုကူညီမှုတွေက ဘယ်လို အခန်းအကဏ္ဍကနေ ကူညီလုပ်ဆောင်နေကြလဲ။ ထိခိုက်သေဆုံးမှုနဲ့ ဒဏ်ရာရသူ အရေအတွက်က ဘယ်လောက်လဲ၊ အရေးပေါ် အကူအညီတွေအတွက် နိုင်ငံတကာရဲ့ အကူအညီ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေ အကူအညီပေးဖို့ လုပ်ခွင့်ရကြရဲ့လား ၊ နာဂစ်တုန်းကလို စစ်တပ်က တားမြစ်တာမျိုး စောင့်ကြည့်တာမျိုး နှောင့်ယှက်တာမျိုးတွေ ရှိနေလား စတဲ့ မေးခွန်းပေါင်းများစွာ ခုအချိန်မှာ ခေါင်းထဲပေါ်လာတာ ဖြစ်ပါတယ်။ 

မေးခွန်းတိုင်းကို ဖြေဆိုဖို့ ခက်ခဲနေဦးမှာဖြစ်ပေမယ့် လတ်တလော အချို့သောအချက်အလက်တွေ တစတစ ပေါ်ထွက်လာပြီဖြစ်ပါတယ်။ သက္ကယ်၊ ဒါးပိုင်၊ ဗေဒါ စတဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာ ပျောက်ဆုံးနေသူနဲ့ သေဆုံးသူအရေအတွက်က ၄၀၀ ကျော်ရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာသလို မြို့နယ်အချို့မှာ သေဆုံးမှု အချက်အလက်တွေ ထပ်မံထွက်ပေါ်လာပြီး ရသေ့တောင်မြို့မှာ  မုန်းတိုင်းအန္တရာယ် ခိုနေတဲ့ သူတွေ တနေရာထဲ ၁၄ ဦး သေဆုံးတဲ့ သတင်းလည်း ဒီနေ့ သိရှိလာရတာ ဖြစ်ပါတယ်။ 

နာဂစ်နဲ့ နှိုင်းယှဥ်ရင် သေဆုံးသူအရေအတွက်က အဆများစွာ နည်းပါးတယ်ဆိုပေမယ့်လည်း မိုခါ ဆိုင်ကလုန်းရဲ့ အန္တရာယ်ကို အနည်းဆုံး ၁၀ ရက်ဝန်းကျင်ကတည်းက ကြိုတင်စောင့်ကြည့် အသိပေးမှု၊ သတိပေးမှုတွေ လုပ်နေကြခဲ့ကြရာက ဘာကြောင့် အခုလောက် အသက်ဆုံးရှုံးကြရတာလဲ ဆိုတဲ့ မေးခွန်းလည်း ထွက်ပေါ်လာကောင်း ထွက်ပေါ်လာပါလိမ့်မယ်။ 

ဆင်းရဲမွဲတေမှု၊ အုပ်ချုပ်ရေး စီမံခန့်ခွဲမှု၊ စစ်ရေးအရ ကန့်သတ်ပိတ်ပင်ထားမှု၊ လူ့အခွင့်အရေးအရ ကန့်သတ်ချုပ်ချယ်ထားမှုတွေက အသက်ဆုံးရှုံးမှုတွေ ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းတွေ ဖြစ်လိမ့်မယ်လို့ ကောက်ချက်ချစရာ ရှိပါတယ်။  ဆင်းရဲမွဲတေမှုကြောင့် မိမိတို့ရဲ့ ပိုင်ဆိုင်တဲ့ နေအိမ်ကိုထားခဲ့ဖို့ နှမြောပူပန်စိတ်၊ တနေရာနဲ့တနေရာ သွားဖို့ စရိတ်စက မရှိခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်ပိတ်ပင်မှုတွေ ဖြစ်တဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို တနေရာကနေ တနေရာ သွားလာခွင့်မပြုပဲ ကန့်သတ်ချက်တွေ ချထားတာကြောင့် ဘေးအန္တရာယ်မှ တိမ်းရှောင်ရေး မှာ ကိုယ်ပိုင် ဆုံးဖြတ်ချက် နဲ့ မရွှေ့ပြောင်းနိုင်တဲ့အခြေအနေ၊ ရွှေ့ပြောင်း နေထိုင်ဖို့ စရိတ်စက မရှိတဲ့အခြေအနေတွေက အသက်ဆုံးရှုံးစေတဲ့ အကြောင်းတချက်ဖြစ်သလို၊ ဆယ်စုနှစ်ရှည်ကြာ လွတ်လပ်စွာ ခရီးသွားခွင့်မရှိရာက ၂၀၁၂၊ ၂၀၁၃၊ ၂၀၁၄ ခုနှစ်တွေမှာ ဖြစ်ပွားခဲ့တဲ့ လူမှုအသိုက်အဝိုင်း ပဋိပက္ခတွေ နောက်ပိုင်း လူ့အခွင့်အရေး ကန့်သတ်ခံထားရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေအဖို့ အကျဥ်းထောင် တပိုင်း စခန်းတွေလို ဖြစ်နေတဲ့ အနေအထားကလည်း အခုလို သေဆုံးသူ ၄၀၀ ကျော်ရှိနိုင်တယ်ဆိုတဲ့ အခြေအနေကို ဖြစ်ပေါ်စေတာ ဖြစ်ပါတယ်။ 

ဆိုင်ကလုန်း မိုခါရဲ့ အကျိုးဆက်တွေက မေလ ၁၅ ရက်နေ့ ညနေ စစ်တွေမှာမုန်တိုင်း ကျော်ဖြတ်သွားချိန်၊ ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ ထိစပ်နေတဲ့ ချင်းပြည်နယ်ထဲကို ညသန်းခေါင် ကျော်ဖြတ်သွားချိန်မှ စပြီး ထွက်ပေါ်လာတာဖြစ်ပြီး ခုအချိန်မှာ ၂ ရက်တာမျှသာရှိနေသေးပြီး နောက်ထပ်ဘယ်လောက် ပေါ်ထွက်လာဦးမလဲ ဆိုတာ မှန်းဆ ပြောဆိုဖို့ ခက်ခဲသေးတဲ့ အခြေအနေလည်းဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar