Breaking News

မုန်တိုင်းကာလမှာတောင် စစ်ရေးလှုပ်ရှားမှု မရပ်နားတဲ့ စစ်ကိုင်းနဲ့ ကရင်နီဒေသ


မြန်မာ့နွေဦးခရိုနီကယ် - မေ ၂၁ မြင်ကွင်း

မိုးမခ - မေ ၂၂၊ ၂၀၂၃


မုန်တိုင်းကာလမှာတောင် စစ်ရေးလှုပ်ရှားမှု မရပ်နားတဲ့ စစ်ကိုင်းနဲ့ ကရင်နီဒေသ 

မေလဆန်း ပထမသီတင်းပတ် အကုန်လောက်ကတည်းက မြန်မာနိုင်ငံ အနောက်ပိုင်းကို သဘာဝဘေးအန္တရာယ် မုန်တိုင်း ဝင်ရောက်လာနိုင်တယ်ဆိုတဲ့မိုးလေဝသ ခန့်မှန်းချက်တွေအရ ရခိုင်ပြည်နယ်မှာ လေပြင်းတိုက်ခတ်မယ့် အန္တရာယ်ကို ကာကွယ်ဖို့ သတိပေး ပြင်ဆင်တာတွေ လုပ်ဆောင်နေခဲ့ကြပေမယ့်  ချင်းပြည်နယ်၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းက ဒေသအချို့မှာတော့ မိုးသည်းထန်မယ့် အန္တရာယ်ရှိတာကို အကြမ်းဖျင်း သိရှိထားကြပေမယ့်ပြင်ဆင်မှုတွေ ကောင်းစွာ မလုပ်နိုင်ခဲ့ကြပါဘူး။ 

ချင်းပြည်နယ် တောင်ပိုင်း၊ မကွေးတိုင်းမြောက်ပိုင်း နဲ့ စစ်ကိုင်းတိုင်းက ဒေသတွေမှာ မိုးသည်းထန်စွာ ရွာသွန်းနိုင်တာ တောင်ကျချောင်းရေကြီးပြီး နေအိမ်၊ စိုက်ခင်းတွေ နစ်မြုပ်ပျက်စီးနိုင်တာ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်တွေ ပျက်စီးနိုင်တဲ့ အန္တရာယ်တွေ ကြိုတင်တွက်ဆ မိကြပေမယ့် စစ်ရေးအရ တဖက်နဲ့ တဖက် စောင့်ကြည့်နေကြတဲ့ အနေအထားမျိုး၊ စစ်ကိုင်းတိုင်းမှာတော့ စစ်ကြောင်းထိုးတာတွေ နယ်မြေရှင်းလင်းရေးဆိုတဲ့ နေအိမ်မီးရှို့တာ ဖျက်ဆီးတာတွေကို စစ်ကောင်စီဘက်က ဆက်လက်လုပ်နေမြဲ လုပ်နေတာမို့လို့ စစ်ကိုင်းတိုင်းက ဒေသခံတွေ အဖို့ မိုးသည်းထန်တဲ့အန္တရာယ်၊ ရေကြီးတဲ့ အန္တရာယ်တွေထက် စစ်ဘေးတိမ်းရှောင်ဖို့ကို ပိုအာရုံစိုက်ခဲ့ရတဲ့ အနေအထားမျိုးလည်း ဖြစ်ပါတယ်။ 

ချင်းပြည်နယ်တောင်ပိုင်း မတူပီနဲ့ မင်းတပ်တို့မှာလည်း စစ်ကောင်စီတပ်တွေ နဲ့ ဒေသ ကာကွယ်ရေး တပ်ဖွဲ့တွေ ဖြစ်တဲ့ CDF တွေအကြား တဖက်နဲ့ တဖက်သူ့နေရာ ကိုယ့်နေရာအနေအထားနဲ့ စောင့်ကြည့်နေကြတဲ့ အနေအထားအောက်မှာ မုန်တိုင်းက ထပ်မံဝင်ရောက်ခြင်းခံရပြီး နေအိမ်တွေ၊ သိုလှောင်ထားတဲ့ ရိက္ခာတွေ အများအပြား ပျက်စီးခဲ့ပြီး၊ တမြို့နဲ့ တမြို့ကို ဆက်သွယ်ထားတဲ့ ကားလမ်းတွေပါ မြေပြိုကာ ပိတ်ဆို့ခဲ့တယ်လို့ ဆိုပါတယ်။ ဒီလို ဒေသတွေမှာလိုအပ်တဲ့အကူအညီတွေကို ပြင်ပမှ ဘယ်သူမှဝင်ရောက် စာရင်းကောက်ယူတာ ကူညီတာမျိုး မလုပ်နိုင်တဲ့ အနေအထားမျိုး ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ 

စစ်ကောင်စီအနေနဲ့ တဖက်မှာ သဘာဝဘေးအန္တရာယ်ကြောင့် ဆိုးရွားစွာ ထိခိုက်ပျက်စီးသွားတဲ့ ရခိုင်ပြည်နယ်ကို အကူအညီပေးနေတဲ့ အသွင်သဏ္ဌာန်မျိုးပြည်တွင်း ပြည်ပ မြင်လာအောင် ကြိုးပမ်းနေချိန်မှာ စစ်ကိုင်းတိုင်း ခင်ဦး၊ ကနီ၊ ဒီပဲယင်း၊ ကန့်ဘလူ အစရှိတဲ့ ဒေသတွေနဲ့ ကရင်နီဒေသမှာ ဒီးမော့ဆိုတဝိုက် မိုးဗြဲဒေသတဝိုက်မှာ လက်နက်ကိုင်တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားနေခဲ့ကြတာ ဖြစ်ပါတယ်။ 

စစ်ကိုင်းတိုင်းထဲက ယင်းမာပင် ကနီ မြို့နယ်တွေထဲက ကျေးရွာက ရွာသူရွာသားတွေအဖို့ မိုးသည်းထန်လို့ သဘာဝ ဘေးအန္တရာယ်ကို တိမ်းရှောင်နေကြရချိန်မှာ တပြိုင်နက်တည်း စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးတဲ့ ရန်ကိုပါ တချိန်ထည်း တိမ်းရှောင်ကြရတာ ဖြစ်ပါတယ်။ စစ်ကောင်စီအနေနဲ့ မိုးရွာရွာ လေတိုက်တိုက် သဘာဝ ဘေးအန္တရာယ် ဘယ်လိုပဲရှိရှိ စစ်ရေးအရ အသာစီးရဖို့ တိုက်ခိုက်ဖို့ ကျေးရွာတွေ ဝင်ရောက်ကာ ရှင်းလင်းဖို့ သူ့လက်နက်ကိုင် တပ်တွေကို အမိန့်ပေးစေခိုင်းထားတာ ဖြစ်ပါတယ်။ စစ်ကောင်စီအနေနဲ့ သူ့လက်နက်ကိုင် တပ်တချို့ကို ရခိုင်မှာ အပျက်အစီးတွေ ရှင်းလင်းရေး လမ်းပန်းဆက်သွယ်ရေးနဲ့ ဒေသရဲ့ အုပ်ချုပ်ရေး ယန္တရားကို ပြန်လည် ထိန်းချုပ်လာနိုင်အောင် မုန်တိုင်းအန္တရာယ် ကူညီကယ်ဆယ်ရေးနဲ့ နိုင်ငံရေး အာဏာ ပြန်လည်တည်ဆောက်ရေးကို တွဲပြီးလုပ်ကိုင်နေတယ်လို့ ယူဆရပါတယ်။ 

တဖက်မှာတော့ ကရင်နီ ဒေသနဲ့ စစ်ကိုင်းတို့မှာ PDF တွေကို အနားမပေးပဲ ဆက်လိုက်တိုက်ခိုက်ဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံက ပြည်သူလူထုအဖို့ ပြည်တွင်းစစ်ပွဲရဲ့ အန္တရာယ်ဖြစ်တဲ့ စစ်ဘေးကို တိမ်းရှောင်ရတာတွေ တင်မကပဲ သဘာဝဘေးအန္တရာယ်တခုဖြစ်တဲ့ ဆိုးရွားလှတဲ့ ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကို ထပ်ဆင့်ခံစားကြရတာမို့လို့  ကံဆိုးတဲ့ အဖြစ်တွေ တခုပြီးတခု ကြုံကြရတဲ့အနေအထား ဒုက္ခတွေ ထပ်ဆင့်ခံနေကြရတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ 

အချို့သော နိုင်ငံတွေမှာ ပြည်တွင်းက နိုင်ငံရေးအင်အားစုတွေအကြား လက်နက်ကိုင်အင်အားစုတွေအကြား လက်နက်ကိုင် တိုက်ခိုက်နေကြချိန် သဘာဝဘေးအန္တရာယ် ကျရောက်လာတဲ့အခါ ခေတ္တအားဖြင့် သော်လည်းကောင်း၊ သို့မဟုတ် သဘာဝဘေးအန္တရာယ်ကျရောက်မှုကို ကျော်ဖြတ်နိုင်ကြဖို့ရာ လက်နက်ကိုင် ပဋိပက္ခကို ဆွေးနွေးမှုနဲ့ အဖြေရှာဖို့ သော်လည်းကောင်း အခွင့်အလမ်းတရပ်အဖြစ် တိုက်ခိုက်မှုတွေ၊ သတ်ဖြတ်မှုတွေ ရပ်ဆိုင်းခဲ့ကြတဲ့ သာဓကတွေ ရှိခဲ့ကြတာ ဖြစ်ပေမယ့် မြန်မာနိုင်ငံက အဆိုပါ သာဓကတွေထဲက တခု ဖြစ်ဖို့ အခွင့်အလမ်းမရှိပဲ စစ်ကောင်စီဘက်ကလည်း သဘာဝဘေးအန္တရာယ်ကို ဆန့်ကျင်ဘက် လက်နက်ကိုင်တွေကို တိုက်ခိုက်ချေမှုန်းဖို့ အခွင့်အလမ်းတခုအဖြစ်နဲ့ ရှုမြင်ထားပုံရတာ ထင်ရှားနေတာ ဖြစ်ပါတော့တယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar


x