Breaking News

ကိုအောင်မှိုင်း - နေဝန်းနီနီ ပြည်သစ်တည်


ကိုအောင်မှိုင်း - နေဝန်းနီနီ ပြည်သစ်တည်

(မိုးမခ) မေ ၂၃ ၊ ၂၀၂၃


စစ်တပ်နဲ့ ရင်ကြားစေ့ဘို့

ဗမာပြည်က နိုဗယ်ဆုရှင်

ဒေါ်စုပင်လျှင် အထင်ကရ

ကြိုးစားခဲ့ဖူး သမိုင်းရူးခဲ့။


ရှေ့နောက်တောင်မြောက်

ကမ္ဘာတလွှား တိုင်းပြည်များစွာ

ဖွဲ့စည်းများစွာ ကြိုးပမ်းနေကြ

စစ်သူခိုးနဲ့ စေ့စပ် အနောက်လိုင်း

စစ်သူခိုးအောက်ဝင် အရှေ့လိုင်း

အရိယသစ္စာဟာ ကျွန်သီချင်းတွေ ဖြစ်ခဲ့။


ပေါင်းစားချင်သူတွေ

တောင်းစားချင်သူတွေ

သွေးစက်တွေ တန်းလန်းနဲ့

ငြိမ်းချမ်းရေးစကားတွေပြော

ဗုံးများစွာ ထောက်ပံ့သူတွေနဲ့


ရှုတ်ချဒေသနာ ဟောသူတွေကြား

မြန်ပြည်သားတွေက မြေစာပင်။


မြောက်ပိုင်းကို ကိုင်မဲ့ကောင်နဲ့

တောင်ပိုင်းကို နိုက်မဲ့ကောင်နဲ့

အရှေ့ပိုင်းကို ကြိုက်တဲ့ကောင်နဲ့

အနောက်ပိုင်းကို ရိုက်မဲ့ကောင်နဲ့

တချို့လဲ အရှေ့မျှော်ကြ

တချို့လဲ အနောက်မျှော်ကြ

ဘာမှမမျှော် ဆော်နေတာက

ပန်းရိုင်းတွေလို ကျွဲရိုင်းတွေ

သမိုင်းသစ်ကို ဖန်တီးမဲ့သူတွေ

လယ်သမား အလုပ်သမား

မျိုးဆက်အား ကျောင်းသား

တိုင်းရင်းသား တော်လှန်ပြည်သူ

ပြည်သစ်ယူမဲ့ ပြည်ချစ်သူတွေပေါ့။


ဧရာဝတီဟာ စီးနေဆဲ

လွိုင်လန်းဖဟာ ချစ်နေဆဲ

အညာမြေဟာ မာနေဆဲ

အိပ်မက်တို့ တေးသီဆဲ

အနာဂတ်ဟာ လှနေဆဲ

မုဆိုးခြေထောက် ဆူးမကြောက်

စစ်သူခိုးတွေ ဒူးထောက်စေရမယ်

နိုင်ငံတလွှားက ပြည်ချစ်သားတို့

ပန်းတွေဝေမြဲ ပန်းသီဆဲ။


ဘိန်းပန်းတွေအစား

သစ္စာပန်းတွေနဲ့ အစားထိုးမယ်။


အဆိပ်ပန်းတွေအစား

မေတ္တာပန်းတွေနဲ့ အစားထိုးမယ်။


ဟောင်းနွမ်းပန်းတွေအစား

သစ်လွင်ပန်းတွေနဲ့ အစားထိုးမယ်။


ဒို့ခေတ်မှာ.....

သစ္စာပန်းတွေ ပွင့်စေရမယ်

မေတ္တာပန်းတွေ လန်းစေရမယ်

သစ်လွင်ပန်းတွေ ကြိုင်သင်းစေရမယ်။


နေဝန်းနီနီ ပြည်သစ်တည်ဖို့

ပန်းခင်းကြီးတွေ ပျိုးကြမယ်

ပန်းတံတားကြီးတွေ ထိုးကြမယ်

လက်ထဲက စုတ်တံဟာ အနာဂတ်ရဲ့ မှန်ပဲ။



t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar