Breaking News

မောင်ဘဦး - "မိုးမွှန် ပါစေ... လေ"

"မိုးမွှန် ပါစေ... လေ"
မောင်ဘဦး
(မိုးမခ) မေ ၂၃၊ ၂၀၂၃

   "ပထမ အရှိူ့ခံရတုန်းက...၊ မစန်း...မမြိုင်...မသန်းရွှေ...O.K လက်ဖက်ရည်ဆိုင်...၊ စိုးဝင်းက... ဆေးဆိုင်ရော အိမ်ရော...၊ စုစုပေါင်း အိမ် ၁၀-လုံး ၊ ဆိုင်ကယ်တွေကတော့ အိမ်တိုင်း...။ အခုတခါကျတော့ အိမ် ၁၂-လုံး...။ 'အိုးမဂျိုး' (ထမင်းအိုးဖင်၌ ကပ်နေသည့် အိုးမဲဂျိုး) နဲ့ 'အိမ်တိုင်' တောင် မကျန်ရစ်ပါဘူး ကွယ်..."
   "အမေကလည်း ၊ အဲဒီ နှစ်ကြိမ်ကြားထဲ သစ်တောရုံး 'ဘိုတဲ' က အိမ် ၂ လုံးကို ဝင်ရှိူ့သွားသေးတယ်လေ... "
   "ဟုတ်သား ။ ဘိုတဲများလေ...၊ သစ်တောဖက်က အရာရှိကြီးတွေ... လာလာတည်းကြတော့ ... အဲယားကွန်းတွေ ထ္မင်းပေါင်းအိုးတွေနဲ့...၊ ဆက်တီခုံတွေဆို ဝင်းပြောင်အိစက်နေတာပဲ...။ 'အကြမ်းဖက် မA-ိုး' တွေ မီးရှိူ့သွားတာ ... ။ အဒါ‌နဲ့ရောဆို စုစုပေါင်းမီးရှိူ့ခံရတာ ၃-ကြိမ်ရှိသွားပြီ..."
   "ကျုပ်တို့ 'အနောက်ဖက်'က (ချင်းတွင်းမြစ် အနောက်ဖက်ကမ်းက) ရွာတွေ တော်တော်များများ မီးရှိူ ့ဖျက်ဆီးခံရတာပါ တော် "
   "အိမ်တစ်အိမ်ဆို အသစ်စက်စက်ပါတော် အိမ်တက်တောင် မလုပ်ရသေးဘူး ၊ 'အကြမ်းဖက် မA-ိုး စစ်ခွေး'တွေ ရှိူ ့တဲ့ မီးထဲ' ပါသွားတယ် ။ ဆေးဆိုင်ကတော့ ဆေးပစ္စည်းတွေရော အိမ်ရော ပါတာပေါ့တော် ၊ ရွာနဲ့အဝေးကြီးက ဘုန်းကြီးကျောင်းဝင်းထဲ ထွက်ပြေးတဲ့သူတောင် စစ်ခွေးတွေရမ်းသမ်းပစ်လို့ လည်ပင်းနား လေး ရှပ်မှန်'တာ ... ၊ လက်သဲခွံလေးလောက် ရှပ်ထိတာကို သူ့ခမျာ အခုထက်ထိ နားတွေ 'အူ'နေရှာတယ်..."
   "အကြမ်းဖက် မA-ိုးတွေ...ရွာထဲက အိမ်တွေ ဖျက်ဝင်၊ စားစရာ သောက်စရာတွေ အကုန်ယူ သောက်ကြစားကြ...၊ စောင်တွေလည်း ယူခြုံပြီး ပစ် ထားခဲ့ကြတာ..."
   "...စားတာသောက်တာက ထားပါတော့တော်၊ ဆန် ဆီ ကြက်သွန်တွေ အကုန် မီးရှိူ ့ဖျက်ဆီးသွားကြတာ ရက်စက်လွန်းလှတော် 'ကျုပ်တောင် လွတ်အောင် မနဲ ပြေးထွက်ခဲ့ရ၊ ကံကောင်းလို့ အရှင်လတ်လတ် မီးထဲပါမသွား "
   "မA-ိုး စစ်ခွေးတွေ... ယုတ်မာချက်က... ကျုပ်တို့ဆီမယ် အိမ်တွေ မီးရှိူ့ ဆီတွေ သွန်သွား , ဆန်အိတ်တွေ ဖြဲပြီး ဓာတ်ဆီ လောင်းသွားတယ်ဗျာ "
   "ကျုပ်တို့ (...) ရွာတော့ လှောင်ထားတဲ့ ကြက်သွန်တွေကို ရွှဲနစ်ပြီး ဗွက်ထ,အောင်ထိ ရေ မောင်း, ပက်သွားပြီး ၊ အဲဒီ ရေငုတ်မော်တာနဲ့ ရေတွင်းရော ‌, အုတ်ကန်တွေပါ ရိုက်ချိုးဖျက်ဆီးသွားကြသဗျာ"
   'မA-ိုး စစ်ခွေးတွေ' ၊ အတော်ယုတ်တာ ၊ ကျုပ်တို့ (...)ရွာက မောင်(...) အိမ်တော့...၊ မီးတော့ မရှိူ့ဘူး ၊ အိမ်တိုင်တွေအကုန် လွှနဲ့ ဖြတ်သွား တယ်ဗျာ၊ 'ပရပ်တိုင်'ပါ မကျန်..."
   "အရှေ့ဖက်ထဲက (ချင်းတွင်းမြစ် အရှေ့ဖက်) ရွာတွေလည်း မုန်တိုင်းကြီးထဲ ထွက်ပြေးကြရသတဲ့၊ လေတွေမိုးတွေထဲ ကလေးလေးတွေ ချီလို့... ပြေးကြရတာ တဲ့..."
   "မင်း... နောက်ကျသကွာ... ၊ ဒါပေသိ အတော်ပါပဲ ၊ ခုထိ (နာမည်) မခေါ်သေးဘူးကွ... ၊"
   "ရွာလမ်းတွေ 'ဘူဒိုဇာ' နဲ့ထိုးပြီး အဖျက်ခံထားရတာ ရွာတိုင်းလေ...၊ ကြာမှာ ပ...။"
   "ရွာလမ်းတွေကို ဘက်ဟိုးနဲ့ ထိုး, လမ်းတွေ ဖျက်ထားတာက 'ကား' တော့ သွားမရဘူး ၊ 'ဆိုင်ကယ်'တော့ ယာခင်းထဲက ဖြတ်လာလို့ ရသေးတယ် ၊ ခုဟာက မြို့ဝင်ဂိတ်က ပိတ်စစ်နေလို့ ။ ယာဉ်လိုင်စင် , အမောင်းလိုင်စင် , ဘီးခွန် , ဖောင်းကြွနံပါတ်ပြား ၊ အကုန်စုံတာတောင် 'မA-ိုးတွေ' ၁သောင်း တောင်းတာ ၊ ဆေးရုံ လူနာစောင့်သွားမလို့ပါ တောင်းတောင်း ပန်ပန်နဲ့  ၅ ထောင် ပေးခဲ့ရ..."
   "ကျုပ်က 'တောင်ဖက် ရေဝင်'ထဲက ၊ (မြို့တောင်ဖက် မြစ်ရေဝင်သည့် နယ်က) ၊ နေကပူပူ ကွမ်းခြံမီး သွားငြိမ်းတာ၊ အပူရှပ်ပြီး သတိလစ်သွားလို့ မနေ့က 'ဆလိုင်း' သွင်းရတယ် ၊ မသက်သာရင် လာပြဆိုလို့ မနက်ထ ခေါင်း နောက်ကျိကြီးနေတာနဲ့ ...၊ ဆရာဝန်ပြောသလို နေပူလွန်းလို့ ရေဓါတ် ဆားဓာတ်တွေလည်း ဆုံးရှူံး ၊ ဟို 'မ‌A-ိုးတွေ' ကျုပ်ကွမ်းခြံကို သက် သက်မဲ့ မီးရှိူ့သွားလို့ ရှိစုမဲ့စု 'ချွေးနည်းစာ' လေးလည်း ဆုံးရှူံး၊ အားလုံး ကုန်ပါပြီ..."
   "အကြမ်းဖက်ခွေးဒေမယ် (ခွေးတွေမှာ) 'မလုပ်ရဲတာ ဘာမှမရှိဘူး' တဲ့ ၊ ဒင်းတို့နဲ့ မတွေ့ရအောင် ရှောင်ရ ပြေးကြရမှာပါပဲ ""
   "မလုပ်ရဲတာတော့ မရှိဘူး၊ မခံရဲတာသာ ရှိသပေါ့အေ'... ၊ ဒို့ 'အရှေ့တာ' ဆီလည်း (မြို့၏အရှေ့ဖက်ရှိ မြို့နယ်များလည်း) မီးရှိူ့တာပါပဲ ၊ ဒါပေသိ မခံဘူး ပြန်'ချ'တာပဲ ၊ ငုံ့ခံမှန်းသိ 'မA-ိုး'ဒေက ‌'ေ-ာက်ကန်းတက်' သယ် "
   "ဒီမြို့ထဲက နေရာတော်တော်များများကြည့်ပါလား ၊ သွပ်ဆူးကြိုး အတားအဆီးတင်မကဘူး၊ သဲအိတ်တွေတောင် စီထပ်လို့... တော့ ၊ ကြောက်တတ်လိုက်တာ ။ အံမယ်...၊ လမ်း လာသမျှလူတွေကို သဲအိတ်တွေ အမ,ခိုင်း သတဲ့ "
   'မအလ' လက်ထောက် စခ ရခ ပျူဒလန်တွေဆိုတာက 'အပြစ်မဲ့ ပြည်သူတွေပါလား', 'သက်ကြီးရွယ်အိုတွေ ပါ လား', အိပ်ရာဖင်ကပ် ဂီလာန လေဖြတ်နေသူပါ လား', 'အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေ ပါ လား' ဆိုတဲ့အသိက ရှိမှမရှိတာ။ 'ငါ့ဘိုးငါ့ဘွား ငါ့မိဘ၊ ငါ့သားသမီးလေးသာဆိုရင်' ... ဆိုတဲ့အသိကတော့ 'ဘိတ်ဘိတ်တုံး' ၊ ကြည်း  ရေ လေ (လေဘဲ, ရေဘဲ, ကုန်းဘဲ) အကုန် ဦးနှောက်မပါတဲ့ 'မA-ိုး' အကြမ်းဖက် အယုတ်တမာ ကောင်ဒေ "
   "တော်ကြ တော်ကြ၊ တော်ကြာ ‌ဒီထဲထိရောက်လာလိမ့် ၊ 'အထက်'က လည်း 'မတရား ခိုးထားလိမ်ထား' တဲ့ စည်းစိမ်လေး မပြုတ်ဖို့သာ သိသဟ, ခိုင်းသဟ ။ 'အောက်'ကလည်း 'မျက်နှာလို မျက်နှာရ လုပ်ဖို့ပဲ သိသဟ၊ ခိုင်းတာထက်တောင် ပိုလုပ်ပြသဟ ၊ ဆေးရုံဆေးခန်း ဗုံးကြဲသဟ၊ စာသင်ကျောင်း ၊ ဘုရားကျောင်း ဗုံးကြဲသဟ။ အလှူအတန်း ဘာသာရေးပွဲလုပ်နေချိန်တောင် မရှောင်ဘူးဟ၊ 'ဘယ်သူသေသေ ငတေ'မာ' ပြီးရောဆိုသာ ဒင်းတို့ဟ၊ အပြစ်မဲ့ပြည်သူ ဘယ်လိုသေသေ ဘယ်နည်းနဲ့ ကြေကြေဆိုတဲ့ထဲက ပါကွာ... ။ တော်ကြဟ။ တော်နေကြာ 'မA-ိုးအကြမ် းဖက်ကောင်တွေ' ဒို့ဆေးခန်းလေး လာကြဲသွားလိမ့် '
   "... ရွာကို လေကြောင်းနဲ့ ဗုံးကြဲသွားလို့ တဲ့ ..."
   " ... ရွာသားတွေ အစုလိုက်အပြုံလိုက် သတ်သွားသတဲ့"
   "အမျိုးသမီးတွေကို မုဒိမ်းကျင့်သတ်ဖြတ်သွားသတဲ့"
   "စာသင်ကျောင်း ဗုံးကြဲသတဲ့ ၊ ကလေးတွေ ကျောင်းဆင်းချိန်မို့ တော်သေး သတဲ့ "
   "အလောင်းကို အပိုင်းပိုင်း ဖြတ်သွားသတဲ့ "
... ... .... 

  'မA-ိုး' ခြင်း မိုးမွှန်နေသည်ကား ၊ မစည်ကားအပ်သည့်အရပ်ထဲတွင် တစ်ပါး အပါအဝင်ဖြစ်သော ဆေးရုံဆေးခန်းတခု၌ သက်ဆိုင်ရာ ဆရာဝန်များအလာကို စိတ်ရှည်သည်းခံစွာစောင့်ကြရင်း ရင်ဖွင့်နေသံများပင် ဖြစ်ပါ၏၊ သတင်းဖလှယ်နေကြခြင်းလည်း ဖြစ်ပေ၏ ။
   အကြမ်းဖက်မင်းအောင်လှိုင်၏ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်မှစတင်၍ ပြည်သူများကို ပုံစံအမျိုးမျိုးဖြင့် ဖိနှိပ်သတ်ဖြတ်ခြင်းကြောင့် ၂ နှစ်ကျော်ကာလ အတွင်း ပြည်သူပေါင်း ၃၀၀၀ ကျော်သေဆုံးခဲ့ရပြီး ဖြစ် သည်ဟု AAPP စာရင်းဇယားက ဆိုထားသည်။ 'မြေပြင်' တွင် သည်ထက်ပိုပြီး များနိုင်ပေသည်။ ပြီးတော့ ထိုအထဲတွင် 'ကိုဗစ်ရောဂါ' ထ,စဉ်က အောက်ဆီဂျင် အိုးတွေ ဖမ်း၊ ဆရာဝန်တွေ ဖမ်း၊ ည,မထွက်ရ 'ကာဖျူး' ကြောင့် ဆေးရုံဆေးခန်းမသွားရဲ မလာရဲ စသည်ဖြင့် မပျက်စီးသင့်ပဲ ပျက် စီးကြရသူများ ပါမည်မထင်။
   'မီးရှိူ့ခံ ဗုံးကြဲခံ အိုးမဲ့အိမ်မဲ့ပေါင်း' က မိမိတို့ အညာဒေသမှာပင် မရေတွက်နှိုင်တော့။ အိုးမဲ့အိမ်မဲ့ ပြည်သူများ သာမက၊ ကျောင်းမဲ့ကန်မဲ့, ဆရာ တော်များ၊ ဘုရားရှိခိုးကျောင်းမဲ့ 'သင်းအုပ်ဆရာ, ပတ်စတာ' များလည်း များလှချေသည်။ ထို့ကြောင့်လည်း 'အကြမ်းဖက်စစ်တပ်' ဟု ပြည်သူအများက ဘွံ့တံဆိပ်ခပ်နှိပ် အပ်နှင်းထားခြင်း ဖြစ်သည်။ 'အကြမ်းဖက်' စကားလုံးသာမက 'မအေ-ိုး စစ်အစိုးရ' ဟုပင် ဆဲဆိုတတ်နေတတ်ကြပြီ ။
   ဆဲတတ်ဆိုတတ်အောင် လက်ထပ်သင်ပေးနေသူကား အခြားမဟုတ်၊ 'မA-ိုး 'မင်းအောင်လှိူင်'... ။
   ဟော... ၊ မိမိသည်ပင် ဆဲမိချေပြီ... ။ စောင့်ရတာ ကြာလှလို့ ဖြစ်သည်။ ဟုတ်သည်၊ မောင်ဘဦး ကားမောင်းပို့ရသည့် ဆရာတော် ဆွမ်းကိစ္စက ရှိသေးသည် ။
   ဆရာဝန်တွေကလည်း ခါတိုင်း အချိန်တွေထက် ယနေ့မှ ပို၍များ နောက်ကျနေသလား မသိ။ ၁၁-ထိုးပြီ ။ 'လူနာ ဆရာတော်တွေ'၏ မျက်နှာတွေကို ကြည့်မိ၏။ ဆွမ်းကွမ်းကိစ္စ နောက်ကျသည်က 'ရိုး'နေကြဟန် တူသည်၊ ဖုန်းလိုင်း အင်တာနက်လိုင်းတွေ ဖြတ်လိုက်တောက်လိုက် သတင်း ငတ်နေသည့် အချိန်မို့ ထိုထို သတင်းစကားများကိုသာ အာရုံပြု နှလုံးသွင်းနေကြပုံရသည်။
   ဆရာဝန် နောက်ကျချင်ကျပါစေ၊ စောင့်ကြပါမည်၊ ဖုန်းလိုင်းတွေပိတ် အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားချိန်၊ လူနာအချင်းချင်း 'ဆောင်' နေသည့် 'ခွေးသတင်း' ကတော့ ဤပုံဤနည်း ဆဲနည်းမျိုးစုံဖြင့် တိတိ ကျကျ သတင်းရနေကြသည်။ 'ဓာတ်ခဲဈေး' က ကြီး 'ဓာတ်ခဲ အား' က မပါ၊ သိချင်လွန်း၍သာ တဂျိဂျိဖြင့် ဖွင့်ကြည့်မိပါသော 'နုကြည်' လေဒီယို (Radio NUG) သည်ပင်လျှင် သည်လောက်သတင်းမစုံ၊ သည်လောက် သတင်း မတိကျ။
   ပြောသာပြောရ ၊ ဆရာတော် ဆွမ်းချိန် မမှန်သည်က ကြာလှပြီ။ အသက်က ကြီး ၊ 'မA-ိုး များ' စစ်ကြောင်းထိုး၍ ပြေးရ လွှားရ၊ နေမွန်း တိမ်းသည်က များလှချေပြီ။ 'ယမ်ယမ်' နှင့် ဆွမ်းကိစ္စ ပြီးရပေါင်းလည်း များလှချေပြီ ။
   စောစောပိုင်း သုံးလေးယောက်လောက်တုန်းက လက်ဟန်ခြေဟန် ခပ်တိုးတိုး ပြောဆိုနေကြရာမှ ၊ ၃ နာရီ ၄ နာရီအကြာ, ထိုင်ခုံအားလုံး လူပြည့်လာချိန်မှာတော့ အသံတွေက တဖြည်းဖြည်းကျယ်လာကြသည်။
   စောင့်ကြရသည်မှာ ကြာပါ‌စေ၊ ကြာလေမည်ပေါ့။ ဆရာဝန် ဆရာမတို့ဘဝကလည်း မလွယ်လှ။ ဆေးရုံဆေးခန်းမသွားမီ သတင်းပလင်း နားစွင့်ရင်း ပုန်းသင့်ပုန်းရ ပြေးသင့်ပြေးရသည်။ မြန်မာပြည်မှဆရာဝန်ဘဝသည် ကား လူနာဆေးကုပေးရဖို့ပင်လျှင် မလွတ်လပ်ကြ၊ တိတ်တိတ်ခိုး လုပ်ပေးကြရ၏ ၊ စခ တွေက ရုတ်တရက် ဝင်ဖမ်းချင်ဖမ်းသည်၊ ငွေ မြောက် မြားစွာဖြင့် အရွေးခိုင်း၏၊ ထောင်ချခံကြရ၏၊ ဆမ'အသိမ်း ခံကြရ၏။ 'ပိုလီ ကလင်းနစ်' ဆေးခန်းကြီးတွေဆိုလျှင် ဆရာဝန်ဆရာမ စာရင်း လူနာစာရင်း အမြဲတမ်းတင်ပြရ၏၊ မလုပ်သင့်မလုပ်အပ် လူနာ၏ရောဂါစာရင်း လူနာ၏လိပ်စာကိုပါ တင်ပြရ၏။ လက်ညှိုးလေးတွင် ဒဏ်ရာရရှိထားသော ဆေးရုံဝန်ထမ်းကိုပင် 'မသင်္ကာ'သဖြင့် ခေါ်သွားခံရဖူး၏ ။ မကြားစဖူး ၊ စီဒီအမ် 'ဆရာဝန်များကို အလုပ်ခန့်မှူ'ကြောင့် ဆေးရုံလိုင်စင် ပိတ်သိမ်းခံကြရသည့် ဆေးရုံအများ အပြားပင် ရှိလာ၏ ။
   သည့်အတွက် စောင့်ရတာ ကြာပါစေလေ။
   ပြီးတော့ စောင့်ကြရင်းလည်း ဆဲကြပါစေ  ဆိုကြ‌ပါစေ  မိုးမွှန်ပါစေလေ ။
ပြောကြပါစေ  လူသတင်း လူချင်းဆောင် သတင်း ဖြန့်ကြပါစေ...၊
မသကာ... ဆေးရုံလိုင်စင် အပိတ်ခံရရုံလောက်သာ ။
 'လူ့အခွင့်အရေး ဆေးကုသခွင့်' မရကြရုံသာ ။
'မA-ိုး စစ်ခွေးတွေ' အပေါ်၊ မပြီးသေးဘူး ဒို့အလှည့်ကျန်သေးတယ် ဆိုသည့်ပြည်သူ့တရား ဘယ်လို စီရင်ကြသည်ကို မောင်ဘဦးတို့ မတွေ့မမြင်လိုက်ရရုံသာ ...။

ချမ်းသာကြပါစေ။
(မောင်ဘဦး ၊ ၈၅၊ ယုန်၊ ဆန်း၊ ၃)

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar