Breaking News

မုန်တိုင်းဒဏ်ခံစားနေရတဲ့ အရေးပေါ် အကူအညီလိုအပ်သူတွေကို ကုလသမဂ္ဂက အကူအညီပေးခွင့်မရသေး


မြန်မာနွေဦး ခရိုနီကယ် - မေ ၂၂ မြင်ကွင်း

(မိုးမခ) မေ ၂၃၊ ၂၀၂၃


မုန်တိုင်းဒဏ်ခံစားနေရတဲ့ အရေးပေါ် အကူအညီလိုအပ်သူတွေကို ကုလသမဂ္ဂက အကူအညီပေးခွင့်မရသေး  

မိုခါ မုန်တိုင်းတိုက်ခတ်ပြီး ၁ပတ်ကျော်ကြာမြင့်လာသည့်တိုင် အဓိကကျတဲ့ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းကြီးဖြစ်တဲ့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး UNOCHA  က ရခိုင်ပြည်နယ်က မုန်တိုင်းဒဏ်ခံရသူတွေကို အကူအညီပေးအပ်ဖို့ ခွင့်ပြုချက်ကို စစ်ကောင်စီဘက်က ခွင့်မပြုသေးတဲ့ သတင်းတွေ ဒီနေ့ ထွက်ပေါ်လာပါတယ်။ 

အလွန်အားကောင်းတဲ့ အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း မိုခါ တိုက်ခတ်မှုကို အဆိုးရွားဆုံး ခံစားခဲ့ရတဲ့ ရခိုင်ပြည်နယ်က လူထုတွေကို ကုလသမဂ္ဂ အဖွဲ့ရဲ့ လူသားချင်းစာနာမှု အကူအညီပေးအပ်ဖို့ ရာမှာ စစ်ကောင်စီရဲ့ ခွင့်ပြုချက် လိုအပ်နေတာ ဖြစ်ပါတယ်။ 

မုန်တိုင်းတိုက်ခတ်ပြီးနောက် တပတ်ကျော်လာသည့်တိုင် စစ်ကောင်စီအနေနဲ့ ခွင့်ပြုချက် မပေးသေးခြင်းဟာ ဗျူရိုကရေစီလုပ်ထုံးလုပ်နည်းထက် သဘာဝဘေးအန္တရာယ်ကို နိုင်ငံရေးအရ အမြတ်ထုတ်ဖို့ ရည်ရွယ်တာလို့ ယူဆစရာတွေ ရှိလာနေတာ ဖြစ်ပါတယ်။  မုန်တိုင်းတိုက်ခတ်ပြီးချင်း စစ်ကောင်စီရဲ့ စစ်တပ်က ရေယာဥ်နဲ့ လေယာဥ်နဲ့ ကယ်ဆယ်ရေး ပစ္စည်းတွေ သယ်ဆောင်တာ၊ ကူညီကယ်ဆယ်ရေး ဆောင်ရွက်မယ့် မီးသတ်တပ်ဖွဲ့ဝင်တွေကို သယ်ဆောင်သွားတဲ့ သတင်းဓာတ်ပုံတွေ၊ စစ်တွေမြို့ပေါ်မှာ လမ်းတွေမှာ ပိတ်ဆို့နေတဲ့ သစ်ပင်တွေကို ဖယ်ရှားနေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေရဲ့ ပုံတွေကို ဖော်ပြနေပြီး ပြည်ပအခြေစိုက် သတင်းဌာနတွေနဲ့ ပြည်နယ်အခြေစိုက် လွတ်လပ်တဲ့ သတင်းမီဒီယာတွေကတော့ ပျက်စီးမှု အတိုင်းအတာ၊ မြင်ကွင်းတွေ၊ မုန်တိုင်းဒဏ်ခံစားနေကြရတဲ့ ဒေသခံလူထုရဲ့ သောက်သုံးရေ အခက်အခဲ၊​ အရေးပေါ် နေစရာ မရှိတာ၊ ပျက်စီးပြိုကျသွားတဲ့ အိမ်တွေကို ယာယီအမိုးအကာရဖို့ ပြင်ဆင်ဖို့တောင် သွပ်မိုး၊ သွပ်ရိုက်သံ ဝယ်မရလောက်အောင် ရှားပါးနေတာ၊ မတန်တဆစျေးနဲ့ ဝယ်ယူနေရတာတွေ ဖော်ပြနေကြပါတယ်။ သောက်ရေသန့် လီတာ ၂၀ ဘူးကြီးတဘူးကို မုန်တိုင်းပြီးခါစက အချို့နေရာမှာ ကျပ် ၂ သောင်းထိ ရှိခဲ့တယ်ဆိုတဲ့ သတင်းတွေ၊ အခုလက်ရှိ ကျပ် ၁ သောင်းလောက်နဲ့ ဝယ်ယူသုံးစွဲနေရတယ်ဆိုတဲ့ သတင်းတွေ ဖော်ပြထားကြတာ ဖြစ်ပါတယ်။ 

စစ်ကောင်စီအနေနဲ့ အခုလို အခြေအနေမှာ ကူညီကယ်ဆယ်ရေးကို နိုင်ငံရေး အမြတ်ထုတ်စရာ အခွင့်အလမ်းတခု အဖြစ် ရှုမြင်နေသလား လို့ မေးခွန်းထုတ်စရာရှိနေပြီး ရခိုင်ပြည်နယ်ရဲ့ ဒေသအချို့မှာ စင်ပြိုင် အုပ်ချုပ်ရေးထူထောင်ထားနိုင်တဲ့ ရက္ခိုင်တပ်တော် AA အနေနဲ့လည်း ၄င်းတို့ချည်းနဲ့ ရခိုင်ပြည် သဘာဝဘေး အန္တရာယ် ဘေးဒုက္ခကနေ ကူညီနိုင်ဖို့ မတတ်နိုင်တာကြောင့် နိုင်ငံတကာ အစိုးရနဲ့ အဖွဲ့အစည်းတွေကို ကူညီကြဖို့ နှိုးဆော်တောင်းခံထားတာလည်းဖြစ်ပါတယ်။ 

သို့သော်လည်း ကုလသမဂ္ဂလို နိုင်ငံတကာအစိုးရတွေအနေနဲ့ သဘာဝဘေး ဒဏ်ခံရသူတွေကို ကယ်ဆယ်ကူညီရေးမှာ နယ်မြေစိုးမိုးထားမှုနဲ့ ဖြန့်ဝေရေးလမ်းကြောင်းတွေကို ထိန်းချုပ်ထားတဲ့ စစ်ကောင်စီကို မနှစ်မြို့ပေမယ့် ဆက်ဆံနေရတဲ့ အနေအထားမျိုးလည်း ဖြစ်နေတဲ့ အခြေအနေရောက်နေပြီး စစ်ကောင်စီဘက်က တပတ်ကျော်ကြာလာသည့်တိုင် ကုလသမဂ္ဂရဲ့ အကူအညီပေးဝေမှုကို ခွင့်ပြုချက် မပေးသေးတာ တွေ့ရပါတယ်။ ဆိုင်ကလုန်း နာဂစ် ဖြစ်ပွားစဥ်က နိုင်ငံတကာအကူအညီတွေကို နှောင့်နှေးအောင် လုပ်ဆောင်ခဲ့တာ၊ အချို့သော အနောက်နိုင်ငံကြီးတွေက သဘာဝဘေးဒုက္ခရောက်နေချိန်မှာ အရေးပေါ် သောက်ရေသန့် ရိက္ခာ အကူအညီပေးနိုင်တဲ့ ကမ်းလှမ်းမှုတွေကို ပယ်ချခဲ့တာတွေကြောင့် နအဖ အစိုးရခေါင်းဆောင်တွေကို သမိုင်းမှာ အမည်းစက်စွန်းထင်း ကျန်ရစ်စေခဲ့တဲ့ သာဓကတွေ ရှိခဲ့ပါတယ်။ 

ဒီလို နာဂစ်ဖြစ်ပွားပြီးနောက် နအဖ စစ်ခေါင်းဆောင်တွေ အနေနဲ့ Crime Against Humanity လူသားတွေအပေါ်ကျူးလွန်တဲ့ ရာဇဝတ်ပြစ်မှု ကို ကျူးလွန်ခဲ့တယ်လို့ မှတ်တမ်းတင်ခံခဲ့ရတဲ့ အဖြစ်တွေ ရှိနေနှင့်ပြီးဖြစ်ပေမယ့် စစ်အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင်အနေနဲ့လည်း ဒီလိုမှတ်တမ်းမျိုးနဲ့ သမိုင်းမှာ တရားခံအဖြစ် မှတ်တမ်းတင်ခံရမယ့် အနေအထားရောက်ရှိနေတယ်လို့ဆိုနိုင်ပါတယ်။

မိုခါ ဆိုင်ကလုန်းဒဏ်ခံစားနေရသူတွေအတွက် အရေးပေါ်အကူအညီအနေနဲ့ အာဆီယံအဖွဲ့ရဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးစင်တာက ပေးပို့လာတဲ့ လူသားချင်းစာနာမှု အကူအညီတွေလည်း ပြီးခဲ့တဲ့ ရက်ပိုင်းက မလေးရှားနဲ့ ထိုင်းနိုင်ငံတို့ကတဆင့် ရေလမ်း၊ လေလမ်းနဲ့ စတင်ပို့ဆောင်နေပြီလို့ သတင်းတွေထဲ ပါရှိပေမယ့် မုန်တိုင်းဒဏ်ခံစားနေရသူတွေ လက်ဝယ်ကို ပေးဝေတာတွေ မတွေ့ရသေးပါဘူး။ 

ပျက်စီးနေတဲ့ နေအိမ်တွေ၊ ဘာသာရေးအဆောက်အဦတွေ၊ ဘုရားစေတီတွေ၊ လမ်းတံတားတွေ၊ စာသင်ကျောင်းတွေနဲ့ အပျက်အစီးတွေကြားထဲ ဖယ်ရှားရှင်းလင်းနေတဲ့ မုန်တိုင်းဒဏ်ခံစားရသူ ဒေသခံတွေ၊ မကြာခင်ရက်ပိုင်းမှာ ကျရောက်တော့မယ့် မုတ်သုန်မိုးရာသီအောက်မှာ ဘယ်လို အသက်ရှင် နေထိုင်ကြရမလဲဆိုတာ တွေးတောရင်း အဖြေမရှိတဲ့ ပုစ္ဆာသဖွယ်ဖြစ်နေပါတယ်။  ကုလသမဂ္ဂရဲ့ စာရင်းအင်း အချက်အလက်တွေအရ မြန်မာနိုင်ငံထဲမှာ မိုခါ ဆိုင်ကလုန်း မုန်တိုင်းဒဏ်ခံစားရသူ ၅.၂ သန်းရှိပြီး ၃ ဒသမ ၂ သန်းက လူသားချင်းစာနာမှုအကူအညီတွေကို လိုအပ်နေတယ်လို့ဆိုထားပါတယ်။ 

၂၀၀၈ ခုနှစ်မှာ နအဖ အစိုးရအနေနဲ့ နာဂစ်မုန်တိုင်းထက်ကို ၂၀၀၈ အခြေခံဥပဒေ အတည်ပြုနိုင်ရေး၊ နိုင်ငံတကာရဲ့  အကူအညီတွေ ပေးအပ်ခွင့်ပြုခဲ့ရင် သတင်းအချက်အလက်နဲ့ အပျက်အစီး အဆုံးအရှုံး စစ်အစိုးရရဲ့ စီမံခန့်ခွဲမှု ဖိနှိပ်အုပ်ချုပ်မှုဆိုင်ရာ သတင်းအချက်အလက်တွေ နိုင်ငံတကာကို ပျံ့နှံ့သိရှိစေနိုင်တယ် ဆိုတဲ့ စိုးရိမ်မှုတွေနဲ့ လူသားတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုအဖြစ် ကျူးလွန်ခဲ့ကြပြီး ယခု ၂၀၂၃ ခုနှစ် ဆိုင်းကလုန်းမိုခါ အပြီးမှာတော့ ပြည်တွင်းလက်နက်ကိုင် တိုက်ပွဲတွေ၊ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်မှု နက်ရှိုင်းတဲ့ နိုင်ငံရေးအရ စိတ်ဝမ်းကွဲပြားမှုတွေ နောက်ခံဖြစ်ပွားနေတဲ့ အခြေအနေမျိုးမှာ စစ်ကောင်စီအနေနဲ့လည်း လူသားတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်ပြစ်မှုကို ကျူးလွန်တဲ့အနေအထား ရောက်နေပြီလားလို့ ဆိုရမှာ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar