Breaking News

ဖိုးရွှေညီမှိုင်း - အမေမြစ်တွင်း သားတစင်း ခရီးနှင် ...

Image- Credit
အမေမြစ်တွင်း သားတစင်း ခရီးနှင် ...
ဖိုးရွှေညီမှိုင်း
(မိုးမခ) မေ ၂၃၊ ၂၀၂၃

တောင်ကညို 
ပြိုတော့မှာလား
မစဉ်းစားတော့ဘူး အမေရာ။
သားရင်ထဲ
အခု ...
စီးနေဆဲသွေးတွေက
အမေ့သွေးတွေပေါ့။
ဒီမြစ်ကြီးထဲ
မိုးထဲလေထဲ
ရွက်လွှင့်ရဲတာ
ဒီမြစ်ကြီးက အမေလေ။
အမေ့ရင်ထဲ 
အမေ သားကို ဘယ်တော့မှ 
နှစ်မပစ်ဘူးဆိုတာ သားယုံတယ်
သားလှေကို သားပဲ ပဲ့ကိုင်နေတာ
အမေ့စကား 
သားနားထောင်လို့ပေါ့။
သားက အမေ့ရဲ့သားပါ
သား ဘယ်တော့မှ 
လက်လျှော့မှာမဟုတ်ဘူးအမေ
ဒီမုန်တိုင်းတွေ လေရိုင်းတွေ
သားကိုသတ်လို့ မသေစေရဘူး။
စိတ်ချ အမေ
အမေ့ကမ်းကို အမေ့သားက
ရအောင်ကပ်မှာ
သား လာနေပါပြီ။
ရိုင်းစိုင်းယုတ်မာ
လေတွေမိုးတွေရဲ့အနောက်
ညင်သာသိမ်မွေ့မိုးသားတွေရဲ့အထက်
လေနုအေးကလည်း
အမေပဲဆိုတာ သားသိတာပေါ့။
သားနဲ့ 
သားရဲ့ငှက်ကလေးတွေ 
အတူတူ ပြိုးပြက်ဖို့
မိုးစက်တွေနဲ့ 
ဒီမုန်တိုင်းကို ဖြတ်ကျော်
သားတို့ လာနေပါပြီ အမေ။

၂၀၂၁ မေ ၁၆
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar