Breaking News

မောင်လင်းရိပ် - နှင်းကြားက သတင်းစကား

Art by Than Htay Maung

နှင်းကြားက သတင်းစကား
မောင်လင်းရိပ်
(မိုးမခ) မေ ၂၈၊ ၂၀၂၃

နှင်းတောထဲမှာ စောင့်လို့ နင်မပြောခဲ့ဘူး ထင်တာပဲ
နှင်းတောထဲကို တိုးပြီး ငါက မမြင်တာ တလွှာချင်း စမ်းပြီး လာခဲ့တာ
ငါ့ရှေ့မှာ ဆက်တင်တွေက တချပ်ပြီး တချပ်ပြောင်းသွားတယ်
ငိုက်နေတဲ့ မိုးမခကိုင်းလေးကိုဖယ်ပြီး ကွေ့ချလိုက်တဲ့အခါ 
ရေတံခွန်ငယ်တခု ကုန်းမြင့်ဆီ တွယ်တက်နေတာတွေ့ရ
သစ်ပင်ကို ပုံရေးတဲ့အခါ ငါက ကင်းဘတ်စ်ကို ဇောက်ထိုးထားလိုက်ပြီး မျဉ်းကို အောက်ဘက်ဆွဲချမိတာ
တကယ်က ရေစီးကြောင်းအတိုင်း ငါ ကုန်းမြင့်ဆီ တက်လိုက်လာတာပါ
နင့်ပိတ်ကားဘောင်ကိုလည်း ၁၈၀ ဒီဂရီ ဆွဲလှည့်လိုက်ပါလား
နိမ့်ရာကနေ မြင့်ရာကို ကုတ်ကတ်တက်လာတဲ့ ရေစီးကြောင်းလေးဟာ မောဟိုက်နေလို့
အဖြူရောင်နဲ့ မှောင်နေတဲ့ ချောင်လေးထဲ ချိန်းတွေ့ကြသလို ဖြစ်နေပေမဲ့
တော်လှန်ရေးဆက်သားတယောက်လို ငါ နင့်ကို လျှို့ဝှက်သတင်းပို့စရာ ရှိနေလို့ပါကွယ်
မြေအောက်အနုပညာဟာ အသက်မသွင်းရသေးတဲ့ခါ နှင်းထဲမြုပ်နေတဲ့ ချစ်မေတ္တာဆိုလား
အဲဒါဟာ လရောင်အောက် ကိုဗဟိန်းနဲ့ ကိုဌေးမြိုင်တို့ ဆွေးနွေးကြသလို အရေးကြီးတယ်။
၂၀၂၃၊ မေ ၂၂


t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar