Breaking News

ဒေါ်လာဈေး တကျော့ပြန်မြင့်တက်လာပြီး ကုန်ဈေးနှုန်းမြင့်တက်လာ၊ စစ်ကိုင်းနဲ့ မကွေးမှာ စစ်ကြောင်းထိုး

မြန်မာနွေဦး ခရိုနီကယ် - မေ ၂၆ မြင်ကွင်း

(မိုးမခ) မေ ၂၇၊ ၂၀၂၃

 

ဒေါ်လာဈေး တကျော့ပြန်မြင့်တက်လာပြီး ကုန်ဈေးနှုန်းမြင့်တက်လာ၊ စစ်ကိုင်းနဲ့ မကွေးမှာ စစ်ကြောင်းထိုး 

ယခင်နှစ် ဧပြီလဆန်းမှာ နိုင်ငံခြားငွေနဲ့ပတ်သက်တဲ့ ကန့်သတ်ချက်တွေ ထုတ်ပြန်တဲ့ အချိန်ကစပြီး စည်းကမ်းချက်အမျိုးမျိုး ပြောင်းလဲထုတ်ပြန်ရင်း ဈေးကွက်မှာ မြန်မာငွေတန်ဖိုးက ကျပ် ၂၀၀၀ ဝန်းကျင်ကနေ ၃၀၀၀ ကျော်အထိ လျင်မြန်စွာ ထိုးတက်လာတာ၊ သြဂုတ်လမှာ ပြည်တွင်းကို လွှဲလာတဲ့ နိုင်ငံခြားငွေလွှဲမှုတွေကို ပို့ကုန် ပါမစ်၊ အန်ဂျီအို၊ အိုင်အန်ဂျီအို စစ်ကောင်စီနဲ့ သဘောတူညီချက် MOU ရှိမှသာ ငွေလွှဲလက်ခံခွင့်ရှိတဲ့ ညွှန်ကြားချက်တွေ ထုတ်ပြန်ခဲ့တဲ့နောက် စက်တင်ဘာလမှာ အမြင့်ဆုံးရောက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် မြန်မာကျပ်ငွေလဲနှုန်း ဟာ ၁ ဒေါ်လာ ၃၀၀၀ ဝန်းကျင်မှာ ရှိရာက နောက်ပိုင်း တဖြည်းဖြည်း ၂၈၀၀ နဲ့ ၂၉၀၀ အကြားမှာ လအတန်ကြာ တန့်နေခဲ့တာဖြစ်ပါတယ်။ 

စစ်အာဏာမသိမ်းမီ ကာလနဲ့ ပြန်နှိုင်းယှဥ်ရင် တဒေါ်လာကို ကျပ် ၁ ထောင်ကျော် မြင့်တက်ခဲ့တာဖြစ်ပြီး ဒီငွေကြေးတန်ဖိုးကျဆင်းတဲ့ဒဏ်ကို မြန်မာနိုင်ငံက လူထုအားလုံး ခံစားနေခဲ့ကြရတာ ဖြစ်ပါတယ်။ အခုရက်ပိုင်းအတွင်း မြန်မာငွေနဲ့ ဒေါ်လာလဲနှုန်း ပြန်လည်မြင့်တက်လာတဲ့ သတင်းတွေထွက်ပေါ်လာပြီး ၁ ဒေါ်လာကို ကျပ် ၃၀၀၀ လောက် ပြန်ရောက်ရှိလာတာ ဖြစ်ပါတယ်။  ဒေါ်လာဈေး မြင့်တက်မှုက လောင်စာဆီစျေးနှုန်း၊ ပြည်ပက တင်သွင်းရတဲ့ စားသုံးဆီ နဲ့ ဆန်စျေးနှုန်းတွေအထိပါ ရိုက်ခတ်လာမယ့် အနေအထားတွေလည်း တွေ့နေရပါတယ်။ လက်လီဈေးကွက်မှာ အညံ့ဆုံး ဆန်တပြည်က ကျပ် ၃၀၀၀ ကျော် ရောက်ရှိနေသလို ပေါ်ဆန်းမွှေး တပြည် ကျပ် ၅၀၀၀ လောက်ထိ ရောက်ရှိနေတာ တွေ့နေရပါပြီ။

စစ်ဖြစ်ပွားနေတဲ့ ဒေသတွေ၊ PDF လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေ ဆိုင်ထားကြတဲ့ ဒေသတွေမှာ ရိက္ခာသယ်ယူခွင့်တွေ ကန့်သတ်ထားခံရတဲ့ ဒေသတွေမှာ ဒီဈေးနှုန်းတွေထက် အများကြီး မြင့်နေတာလည်း ဖြစ်ပါတယ်။ လတ်တလော မုန်တိုင်းဒဏ်ခံရတဲ့ ရခိုင်ပြည်နယ်လို ချင်းတောင်ပိုင်းလို ဒေသတွေမှာ ဆန်ဈေး၊ လောင်စာဆီဈေးက အဆမတန် မြင့်နေတဲ့ဒဏ်ကို ဝင်ငွေနည်းပါးတဲ့ ပြည်သူလူထုအနေနဲ့ ခါးစည်းခံနေကြရတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ 

လက်နက်ကိုင်တိုက်ပွဲတွေမတည်ငြိမ်မှုတွေရဲ့ အကျိုးဆက်၊  စစ်ကောင်စီတပ်တွေရဲ့ ဖျက်ဆီးမှုဒဏ်ခံစားကြရတာတွေ ပုံမှန်မဟုတ်တဲ့ အခွန်အကောက်တွေ ရဲ့ ဒဏ်ကို ဒေသခံလူထု အနေနဲ့ ခံစားနေကြရချိန်မှာ ကမ္ဘာနဲ့ချီတဲ့ ရာသီဥတု ဖောက်ပြန်ပြောင်းလဲခြင်းရဲ့ ဆိုးကျိုးတွေကိုလည်း စိုက်ပျိုးရေးအပေါ်မှီခိုနေရတဲ့ တောင်သူလယ်သမားတွေ စုပေါင်းပြီး ခံစားနေကြရတာဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ စပါး၊ ပဲနှမ်း၊ မြေပဲ နဲ့အခြား စိုက်ပျိုးရေးထွက်ကုန်တွေ ထွက်ရှိတဲ့ မကွေးတိုင်း စစ်ကိုင်းတိုင်း တို့မှာ လတ်တလော မုန်တိုင်းဒဏ် လက်နက်ကိုင်တိုက်ပွဲတွေရဲ့ အကျိုးသက်ရောက်မှုတွေကို အဓိက ခံစားနေကြရတာဖြစ်ပါတယ်။  

ငွေလဲနှုန်း၊ ကုန်စျေးနှုန်းနဲ့ လူလုပ်ဘေးအန္တရာယ်၊ သဘာဝဘေးအန္တရာယ်တွေ ခံစားနေကြရတဲ့ အကြောင်းအပြင် ဒီနေ့ သတင်းတွေထဲမှာ စစ်ကောင်စီတပ်တွေက ခင်ဦးမြို့နယ်မှာ ကျေးရွာတွေ မီးရှို့တဲ့ သတင်း၊ မကွေးတိုင်း ရေစကြို ရေလယ်ကျွန်းမှာ ရှိတဲ့ ကျေးရွာတွေကို စစ်ကြောင်း ဝင်လာပြီး ပစ်ခတ်မှုတွေကြောင့် အရပ်သားအချို့ သေဆုံးတဲ့ သတင်းတွေ ဒီနေ့ သတင်းတွေထဲ ဖတ်ရှုရပါတယ်။ 

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်က သံဘို ကျေးရွာမှာ စစ်ကောင်စီတပ်တွေ မိုင်းဆွဲတိုက်ခိုက်ခံရအပြီးမှာ အနီးက ကျေးရွာတွေကို မီးရှို့နေတဲ့ အကြောင်း သတင်းဌာနတချို့မှာ ဖေါ်ပြထားတာ ဖြစ်ပါတယ်။ မေလ ၂၆ ရက်နေ့မှာ ကန့်ဘလူဘက်ကနေ ဝင်ရောက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို သံဘို ကျေးရွာအနီးမှာ ဒေသကာကွယ်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပြီး မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ အနီးက ကျေးရွာတွေကို စစ်ကောင်စီတပ်က ဝင်မီးရှို့တာလည်း ဖြစ်ပါတယ်။ နေအိမ်ဘယ်လောက် မီးရှို့ခံရလဲ ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ သတင်းတွေမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။ 

တဖန် မကွေးတိုင်း ရေစကြိုမြို့နယ်ထဲက ရေလယ်ကျွန်းရှိ ကျေးရွာတွေကို စစ်ကောင်စီ စစ်ကြောင်းထိုး ရာမှာ စစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့် အရပ်သား ၅ ဦးသေဆုံးပြီး အဲဒီ ၅ ဦးအနက် ၃ ဦးက အမျိုးသမီးတွေ ဖြစ်သလို ၂ ဦးက ကလေးငယ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ရေလည်ကျွန်း ရှိကျေးရွာတွေဟာ မကြာခဏ စစ်ကောင်စီတပ်တွေရဲ့ ဝင်ရောက် ပစ်ခတ်ခြင်း မီးရှို့ခြင်းခံခဲ့ကြရတာ ဖြစ်ပါတယ်။ မြောင်မြို့နယ်နဲ့ ဒေသချင်းဆက်စပ်နေတဲ့ ဧရာဝတီမြစ်ထဲက ရေလည်ကျွန်းပေါ်မှာ တည်ရှိတဲ့ ကျေးရွာတွေဖြစ်ပြီး တဖက်မှာ PDF တွေ အားကောင်းတဲ့ မကွေးတိုင်း ရေစကြိုမြို့နယ် တဖက်မှာလည်း PDF လှုပ်ရှားမှု အင်အားကောင်းတဲ့  စစ်ကိုင်းတိုင်း မြောင်မြို့နယ်တို့ ဖြစ်ပါတယ်။ 

ယခုနှစ် ဖေဖာ်ဝါရီလ ၂ ရက်နေ့ စစ်ကောင်စီက မြို့နယ် ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက်ပိုင်း စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမြောက်ပိုင်းတို့မှာ စစ်ကောင်စီရဲ့ တပ်တွေ လှုပ်ရှားမှု ပိုမိုများပြားလာပြီး နေအိမ် မီးရှို့တာ၊ အရပ်သားတွေကို သတ်ဖြတ်တာ၊ မီးရှို့ အလောင်းဖျောက် ထားတဲ့တာတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေတာ ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar