ဆိုင်ကလုန်း မိုခါဒဏ်က ဘယ်လို ပြန်ရုန်းထကြမလဲ
မြန်မာနွေဦး ခရိုနီကယ် - မေ ၂၇ မြင်ကွင်း
(မိုးမခ) မေ ၂၈ ၊ ၂၀၂၃
ဆိုင်ကလုန်း မိုခါဒဏ်က ဘယ်လို ပြန်ရုန်းထကြမလဲ
ဆိုင်ကလုန်း မုန်တိုင်း ရခိုင်ပြည်နယ်၊ ချင်း၊ မကွေးနဲ့ စစ်ကိုင်းဒေသအချို့ကို ဝင်ရောက်ခဲ့တာ ၁၀ ရက်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။
အရေးပေါ် အကူအညီဖြစ်တဲ့ အစားအသောက်၊ သောက်ရေသန့် နဲ့ ထိခိုက်ဒဏ်ရာရမှုလိုမျိုးအတွက် ဆေးဝါးကုသမှု စတာတွေ ခုချိန်ထိ မရရှိသေးတဲ့ ဒေသတွေလည်း အများအပြားရှိနေပါသေးတယ်။ ရသေ့တောင်၊ ကျောက်တော်၊ စစ်တွေ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ မင်းပြားစတဲ့ မြို့နယ်တွေထဲက မုန်တိုင်းဒဏ် ဆိုးရွားစွာခံစားခဲ့ကြရတဲ့ ကျေးရွာတချို့ အခုချိန်ထိ အကူအညီမရရှိကြသေးတာလည်း သတင်းဖော်ပြမှုတွေမှာ လူမှုကွန်ရက်မီဒီယာတွေမှာ တွေ့နေရဆဲ ဖြစ်ပါတယ်။
သဘာဝဘေးအန္တရာယ် မုန်တိုင်းက လက်နက်ကိုင် တိုက်ပွဲဖြစ်ပွားပြီး အပစ်ရပ်ထားတဲ့ နယ်မြေ၊ လက်ရှိ ဖြစ်ပွားနေတဲ့ ထိပ်တိုက်ရင်ဆိုင် နေရာယူထားကြတဲ့ဒေသ၊ နေ့နဲ့အမျှ ထွက်ပြေးတိမ်းရှောင်နေရတဲ့ဒေသ စသဖြင့် အခြေအနေအမျိုးမျိုးကွဲပြား နေတဲ့ ဒေသတွေကို ဖြတ်ကျော်တိုက်ခိုက်သွားခဲ့ပြီး အဲဒီလို မတူညီတဲ့နိုင်ငံရေး အုပ်ချုပ်ရေး အခြေအနေတွေ အောက်ကဒေသတွေက သဘာဝဘေးအန္တရာယ်ကို ခံစားကြရတာ ဖြစ်ပါတယ်။
မတူ ကွဲပြားတဲ့ လူမျိုးစုတွေ၊ မတူ ကွဲပြားတဲ့ ဘာသာကိုးကွယ်မှုတွေ နဲ့ မတူညီတဲ့ နိုင်ငံရေး ရည်မှန်းချက်တွေရှိကြတဲ့ ဒေသတွေကို မုန်တိုင်းက ဖြတ်သန်းတိုက်ခတ်ခဲ့ကြတာဖြစ်ပြီး အုပ်ချုပ်မှု တခုမကရှိတဲ့ အခြေအနေအောက် အရေးပေါ် ကယ်ဆယ်ကူညီရေးကို နိုင်ငံရေး၊ စစ်ရေးအမြင်ကနေ ရှုမြင်သုံးသပ်ပြီး လုပ်ဆောင်နေကြတဲ့ အနေအထားအောက်မှာ အခုလို ရင်ဆိုင် ခံစားနေကြရတာလည်း ဖြစ်ပါတယ်။
အခုလို ဖျက်ဆီးအား ပြင်းထန်တဲ့ ဆိုင်ကလုန်းမုန်တိုင်း သဘာဝဘေးအန္တရာယ် ခံစားကြရတဲ့အခါ နိုင်ငံတကာ လူသားချင်းစာနာမှု အကူအညီ ပြန်လည်ထူထောင်ရေး အကူအညီ စတဲ့အကူအညီတွေကို လိုအပ်တာလည်း အမှန်ပဲဖြစ်ပါတယ်။ သို့သော်လည်း နိုင်ငံတကာအခြေအနေအရ မြန်မာ့နိုင်ငံကို စစ်အာဏာသိမ်းထားတဲ့ အစိုးရက အုပ်ချုပ်နေတဲ့ အချက်၊ ကမ္ဘာမှာ ယူကရိန်း-ရုရှားစစ်ပွဲက အကူအညီပေးတဲ့ နိုင်ငံကြီးတွေရဲ့ အာရုံစိုက်မှုအခံရဆုံးဖြစ်နေတဲ့ အချက်က မြန်မာနိုင်ငံက မုန်တိုင်းဒဏ်ခံရတဲ့ ဒေသတွေကို အာရုံစိုက်မှုအများကြီး ရဖို့ အလားအလာမမြင်ရတာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ပြည်တွင်းမှာရှိနေတဲ့ နိုင်ငံတကာ လူသားချင်းစာနာမှု အကူအညီပေးရေး အဖွဲ့တွေကိုယ်၌က မုန်တိုင်းဒဏ်ခံစားရတဲ့ နယ်မြေတွေမှာ လူသားချင်းစာနာမှု အကူအညီပေးနိုင်ဖို့ရာ သွားရောက်ဖို့ ကန့်သတ်ချက်များစွာရှိနေတာကလည်း အကူအညီပေးအပ်ဖို့အတွက် တွန့်ဆုတ်နှောင့်နှေးစေတာ ဖြစ်ပါတယ်။ ကုလသမဂ္ဂ လို အဖွဲ့အစည်းတွေအနေနဲ့ စစ်ကောင်စီရဲ့ ကန့်သတ်မှု နိုင်ငံရေးအရ စောင့်ကြည့်မှုတွေကို သတိကြီးစွာ ထားနေရသလို လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားနေတဲ့ အခြေအနေအောက်မှာ ဒီဒေသတွေကို ဖြတ်လေးဖြတ် ပေါ်လစီချမှတ်ထားတဲ့ စစ်ကောင်စီက ဆေးဝါး ရိက္ခာ အကူအညီလိုမျိုးကို လက်နက်ကိုင် အဖွဲ့အစည်းတွေဆီ ရောက်ရှိသွားမယ့် သံသယနဲ့ စောင့်ကြည့် ကန့်သတ်နေတာလည်း ဖြစ်ပါတယ်။
ဒီအခြေအနေတွေက ဆိုင်ကလုန်းမုန်တိုင်း ဘေးဒဏ်ခံစားရတဲ့ ဒေသတွေအနေနဲ့ နိုင်ငံတကာရဲ့ အကူအညီနဲ့ ပတ်သက်လို့ မျှော်လင့်နိုင်တဲ့အနေအထားလည်း ဖြစ်ပါတယ်။ လက်ရှိ အချိန်အထိ နိုင်ငံတကာအစိုးရတွေ အနေနဲ့ ကူညီဖို့ ကတိပေးထားတာတွေက အမေရိကန် အစိုးရ အနေနဲ့ ကနဦး ဒေါ်လာ ၂ သိန်း၊ အဲဒီနောက်ရက်ပိုင်းအနည်းငယ်အကြာမှာ USAID ခေါ် အမေရိကန် အစိုးရရဲ့ နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီက တဆင့် ၁၇ သန်း ကူညီဖို့ ထုတ်ပြန်ခဲ့တာတွေ့ရပါတယ်။ ပြင်သစ်အစိုးရအနေနဲ့ ယူရို ၁ သန်းကူညီဖို့ ထုတ်ပြန်ကြေညာခဲ့သလို ၊ ဥရောပ သမဂ္ဂအနေနဲ့တော့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံက မုန်တိုင်းဒဏ်ခံရတဲ့ ဒုက္ခသည်တွေအတွက် ယူရို ၂ ဒသမ ၅ သန်း ကူညီမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါနိုင်ငံတွေပြင် အာဆီယံအနေနဲ့ ပစ္စည်းကူညီမှုတွေ ၊ ထိုင်း၊ အိန္ဒိယနိုင်ငံနဲ့ တရုတ်နိုင်ငံက ပစ္စည်းနဲ့ ငွေကြေး ပမာဏတချို့ ကူညီမှုတွေရှိပါတယ်။ ဒီပမာဏတွေက ကုလသမဂ္ဂအဖွဲ့က မုန်တိုင်းဒဏ်ခံစားရတဲ့ ဒေသတွေအတွက် လူသားချင်းစာနာမှု အကူအညီတွက် လိုအပ်တယ်လို့ ခန့်မှန်းတွက်ချက်ထားတဲ့ ပမာဏဖြစ်တဲ့ ဒေါ်လာ သန်း ၃၀၀ ကျော်နဲ့နှိုင်းယှဥ်ရင် မနှိုင်းယှဥ်သာတဲ့ ပမာဏဖြစ်ပြီး ကုလသမဂ္ဂအနေနဲ့ လိုအပ်ချက်ကို ခန့်မှန်းတွက်ချက် တောင်းခံထားတာတွေ ဘယ်လောက်ထိ ရရှိနိုင်မလဲဆိုတာ မသိရှိနိုင်သေးပါဘူး။
နိုင်ငံတကာ အကူအညီတွေအပြင် ပြည်တွင်းက နိုင်ငံရေး အင်အားစုတွေက အခုလိုမုန်တိုင်း ဘေးအန္တရာယ်ကို ဘယ်လိုတုန့်ပြန်ကူညီကြမလဲ၊ ဘယ်အဖွဲ့အစည်းက တာဝန်အရှိဆုံးလဲလို့ မေးရင် ဒီဒေသတွေကို လက်ရှိ ကောင်းစွာ မအုပ်ချုပ်နိုင်သော်လည်း ထိန်းချုပ်ထားတဲ့ အခွန်အကောက် သယံဇာတတွေကို ကောက်ခံ၊ ရောင်းချခွင့်ရှိနေတဲ့ စစ်ကောင်စီက တာဝန်အများဆုံးရှိတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
ULA/AA အနေနဲ့လည်း ၄င်းတို့ ထိန်းချုပ်ထားနိုင်တဲ့ ဒေသအချို့အတွက် ကူညီကယ်ဆယ်ရေးအတွက် တာဝန် အချို့ရှိမှာဖြစ်ပါလိမ့်မယ်။ သို့ပေမဲ့ ULA/AA အနေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ပြီး အကူအညီတွေ လက်ခံနိုင်ဖို့ ဆက်သွယ်ရေး လမ်းကြောင်း၊ လုံခြုံတဲ့ နယ်မြေ စတဲ့ စိန်ခေါ်မှုတွေ ရှိနေဦးမယ့် သဘောမျိုးလည်း ဖြစ်နိုင်ပါတယ်။
ပြည်တွင်းက အရပ်ဖက် အဖွဲ့အစည်းတွေ၊ ပြည်တွင်း ပရဟိတအကူအညီပေးရေး အဖွဲ့တွေအနေနဲ့ နာဂစ်မုန်တိုင်းဒဏ်ခံရပြီးခါစက အုံနဲ့ကျင်းနဲ့ ထွက်လာပေါ်ကာ ကူညီကြသလို အခု မိုခါမုန်တိုင်းဒဏ်ခံရပြီးနောက်မှာ ရခိုင်၊ အခြားသော ဒေသတွေက မုန်တိုင်းဒဏ်ခံရသူတွေရဲ့ အရေးပေါ် အကူအညီပေးရေး လှုပ်ရှားမှုထွက်ပေါ်လာမလားဆိုတာ စိတ်ဝင်စားစရာ အချက်တချက်ဖြစ်ပါတယ်။ နာဂစ်နဲ့မတူညီတဲ့အချက်တချက်က ခုအခါမှာ အရပ်ဖက်အဖွဲ့အစည်း နဲ့ ပြည်တွင်းပရဟိတအကူအညီပေးရေး အဖွဲ့အစည်းတွေကို ၂၀၀၈ ခုနှစ်တုန်းက စစ်အစိုးရတုန်းကထက် ပိုပြီး ပရမ်းပတာနိုင်တဲ့ စောင့်ကြည့်မှု ဖမ်းဆီးမှုတွေ တံဆိပ်ကပ်ကာ အပြစ်ပေးမှုတွေ လူသားချင်းစာနာမှုအကူအညီတွေကို နိုင်ငံရေးလုပ်ဆောင်မှုအဖြစ် စွပ်စွဲကာ အပြစ်ပေးနိုင်ခြေတွေလည်း ရှိနေတဲ့အချက်နဲ့ ပြည်တွင်းက လူထုတွေအနေနဲ့ စစ်ပွဲတွေ၊ နိုင်ငံရေး လှုပ်ရှားမှုတွေအတွက် အင်တိုက်အားတိုက် ကူညီခဲ့ရတာ ၂ နှစ်ကျော်ရှိလာတဲ့အတွက် အရင်းအမြစ်တွေ ရှားပါးနေတဲ့ အခြေအနေကလည်း လက်ရှိပစ္စက္ခ အမှန်တရားတခု ဖြစ်နေပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar