မောင်တူး - ၉၀ ရွေးကောက်ပွဲ ၃၃ နှစ်
မောင်တူး - ၉၀ ရွေးကောက်ပွဲ ၃၃ နှစ်
ဗိုလ်လုပွဲမှာ၊ ခရာမှုတ်ကာ၊
ပွဲသိမ်းပါ၍၊ များစွာဂိုးများ၊
နိုင်လို့ထားလည်း၊ "ဖလား" မပေး၊
ဆုမပေးသေး၊ တွက်စစ်တွေးဦး
သုံးဆယ့်သုံးနှစ်ကြာပါပြီ။ ။
၁၉၉၀ ရွေးကောက်ပွဲဟာ အချိန်ဆွဲနည်းဗျူဟာ
မကြာခင်က ICJ တရားရုံးကနေ စစ်ကောင်စီကို အချိန် ၃ လ ထပ်တိုးပေးလိုက်တယ်။ စစ်ကောင်စီဟာ (စစ်တပ်ဟာ) ၃ လ ရရ၊ ၃ နှစ် ရရ၊ နှစ် ၃၀ ရရ၊ အချိန်ကို ဆွဲထားမှာဖြစ်တယ်။ သူတို့အတွက်က ကြာလေ ကောင်းလေ။
၁၉၉၀ ပြည့်နှစ် မေလ ၂၇ ရက်က အာဏာသိမ်း စစ်တပ် (နဝတ) ကိုယ်တိုင် လုပ်ပေးခဲ့တဲ့ ရွေးကောက်ပွဲကို ကြည့်လေ။ ဒါက နမူနာပါပဲ။ ကာကွယ်ရေးဦးစီးချုပ် နဝတ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးစောမောင်ကိုယ်တိုင် "အိုင် ပရောမစ်စ် အိုင်ပရောမစ်စ်" ဆိုပြီး အာမခံပြီး လုပ်ပေးခဲ့တဲ့ ရွေးကောက်ပွဲလေ။ ဒါတောင်မှ ဒီနေ့ ၃၃ နှစ် ကြာတဲ့အထိ မဲနိုင် NLD ပါတီကို အာဏာလွှဲမပေးခဲ့ပါဘူး။ မျက်နှာပြောင်ပြောင်နဲ့ စစ်တပ်က ဆက်အုပ်ချုပ်နေတာပါပဲ။
"မင်းမှာသစ္စာ လူမှာကတိ" တဲ့။
စစ်တပ်ကို ဦးဆောင်နေသူတွေဟာ ကတိသစ္စာ မရှိကြပါ။ ၂၀၂၀ ရွေးကောက်ပွဲကျတော့ မဲနိုင် NLD ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းပြီး အာဏာတောင် သိမ်းလိုက်ပြန်ပါပြီ။ အခုလည်း ၂၀၂၃ မှာ နောက်ထပ် ရွေးကောက်ပွဲလုပ်ဖို့ ပြင်နေပြန်ပေါ့။ ထပ်ထပ်ပြောနေတာက ရွေးကောက်ပွဲက နိုင်တဲ့ပါတီကို အာဏာပြန်လွှဲမယ်တဲ့။ ၂၀၂၃ မှာ စစ်ဦးစီးချုပ်မင်းအောင်လှိုင်က ပြောနေပြန်ပြီ။ ဒါက အချိန်ဆွဲနည်း တခုပါ။
၁၉၉၀ တုန်းကလည်း စစ်ဦးစီးချုပ် မင်းအောင်လှိုင်က ရွေးကောက်ပွဲက နိုင်တဲ့ပါတီကို အာဏာပြန်လွှဲမယ်လို့ ပြောခဲ့တာပါ။ အခု မင်းအောင်လှိုင်က ပြောတဲ့ စကားကတိနဲ့ လွန်ခဲ့တဲ့ ၃၃ နှစ်က စောမောင် ပြောတာနဲ့ အတူတူပဲ။ တလေသံတည်းပဲ။ စစ်တပ်ရဲ့အချိန်ဆွဲ နည်းဗျူဟာကတော့ တထေရာတည်းပါပဲလေ။
၉၀ ရွေးကောက်ပွဲနဲ့ တင်မိုး ဘောလုံးပွဲကဗျာ
ဘောလုံးပွဲ
(တင်မိုး)
ဘောလုံးပွဲကား
သဲသဲရုတ်ရုတ်၊ ခရာတုတ်လျက်
မိုးချုပ်ချိန်မှာ ပွဲသိမ်းပြီ။
နိုင်သည့်အသင်း၊ ကွင်းထဲဆင်း၍
ကွင်းကိုလှည့်ပတ်၊ ပရိသတ်ကို
ဦးညွတ် အလေးပြု ပြီးပြီ။
အဖွဲ့ချုပ်က၊ ဥက္ကဋ္ဌလဲ
ရှေ့ကဒိုင်းကြီး၊ ပွဲအပြီးတွင်
လက်ခုပ်တီးသံ၊ တညံညံနဲ့
နိုင်သူ့ထံသို့ အပ်ရန်သာ။
သန်းခေါင်တိုင်လဲ၊
အောင်နိုင်သောဆု မအပ်သေး။
ပရိသတ်ကား၊ မတ်တပ်ရပ်၍
စောင့် ကြ ဆဲ။
ဒိုင်နှိပ်စက်၍
ကြွက်တက်သူတက်၊ အိပ်ပျက်သူပျက်
စိတ်ညစ်သူညစ်၊ လစ်သူလစ်ပြီ
မ ဖြစ် ဖူးမြဲ ဘောလုံးပွဲ
အံ့ ဖွယ် သ ရဲ စံ ပါ ပဲ ။ ။
ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ၁၉၉၀
၁၉၉၀ ပြည့်နှစ် မေလ ၂၇ ရက်နေ့ ကျင်းပခဲ့တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲဟာ ၁၉၆၀ ခုနှစ် နောက်ပိုင်း စစ်အစိုးရ အာဏာသိမ်းပြီးကာလတလျှောက် နှစ်ပေါင်း ၃၀ အတွင်း ပထမဦးဆုံး ပါတီစုံပါဝင်ခွင့်ရတဲ့ ပြည်လုံးကျွတ် ရွေးကောက်ပွဲကြီး ဖြစ်တယ်။ ရွေးကောက်ပွဲဟာ နိုင်ငံရဲ့ ပါလီမန်အုပ်ချုပ်ရေးအစိုးရ ဖွဲ့စည်းဖို့မဟုတ်ဘဲ၊ ပါလီမန်အရွယ်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေကော်မတီကနေ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲနိုင်ဖို့ပြုလုပ်တဲ့ ရွေးကောက်ပွဲသာ ဖြစ်တယ်။ ၁၉၉၀ ရွေးကောက်ပွဲဟာ ၁၉၈၈ ပြည်သူများ သွေးမြေကျခဲ့တဲ့ ၈၈၈၈ လူထုအရေးတော်ပုံကြီးရဲ့ အဆက် ဖြစ်တယ်။
၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ စစ်အာဏာသိမ်းတယ်။ နဝတ စစ်အစိုးရက ရွေးကောက်ပွဲ ဝင်ပြိုင်ကြပါဆိုလို့ ပါတီတွေ ဖွဲ့ကြတယ်။ နိုင်တဲ့ပါတီကို အာဏာအပ်မယ်လို့ နဝတ ဥက္ကဌ စောမောင်က ကတိပေးခဲ့လို့ ဝင်ပြိုင်ခဲ့ကြတာပေါ့။ ၁၉၉၀ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ယှဉ်ပြိုင်နေရာ ၄၉၂ ခုမှာ ၃၉၂ ခုအနိုင်ရရှိတာ။ ဒါပေမဲ့ စစ်အစိုးရက ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုခဲ့ဘူး။ အာဏာလွှဲမပေးခဲ့ဘူး။ အဲ့သည် ၁၉၉၀ ရွေးကောက်ပွဲမှာ မဲပေးခဲ့သူ ရာခိုင်နှုန်းက ၇၂ ဒသမ ၆ ရာခိုင်နှုန်းအထိရှိခဲ့တယ်။ စစ်တပ် ကတိပျက် လိမ်ညာ မျက်နှာပြောင်တိုက်ခဲ့တာ ၃၃ နှစ် ရှိပြီ။
၁၉၉၀ ရွေးကောက်ပွဲအပေါ် ဒေါ်အောင်ဆန်းစုကြည်အမြင်
"၁၉၉၀ ရွေးကောက်ပွဲကို စစ်အုပ်စုက အသိအမှတ်မပြုတာကို ကျမတို့ အမြဲကန့်ကွက်တယ်။ ကန့်ကွက်ရတဲ့ အကြောင်းက NLD ကို အာဏာမပေးလို့ မဟုတ်ဘူး။ ပြည်သူလူထုကို မလေးစားလို့။"
၂၀၁၁ ခုနှစ် မေလ ၂၇ ရက်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၁၉၉၀ ရွေးကောက်ပွဲ ရလာဒ်ကို စစ်အုပ်စုက အကောင်အထည်မဖော်ပေးတဲ့အပေါ် အမြင် သဘောထား ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ပညာသားပါပါ အထက်ကအတိုင်း ပြောခဲ့တာကို ပြန်တွေးကြည့်ရရင် ပြည်သူလူထုအများစုက မဲပေး ရွေးချယ်ခဲ့တာကို စစ်တပ်က မလေးစားဘူးလို့ ဆိုခဲ့တာပါ။ ဒါဆိုရင် လူများစုကြီးက မဲပေးရွေးချယ်တဲ့ လူထုကိုယ်စားလှယ်များနဲ့ အုပ်ချုပ်ရေး (တနည်းအားဖြင့်) ဒီမိုကရေစီကို စစ်တပ်က မလေးစားတာ။ မလိုက်နာတာ ဖြစ်ပါတယ်။ ဒါဆိုရင် စစ်တပ်ခေါင်းဆောင်တွေ အမြဲ ပြောနေတဲ့ သူတို့ဟာ ဒီမိုကရေစီကို ဖြစ်အောင် လုပ်ပေးနေပါတယ် ဆိုတာကလည်း ဟန်ပြ ပြောတာပဲပေါ့။
လူထုဆန္ဒ၊ ဆန့်ကျင်ကြလျှင် မုချကျဆုံးပါလိမ့်မည် ဆိုသလိုပါပဲ။ စစ်တပ် စစ်အုပ်စု၊ အာဏာသိမ်းစစ်ကောင်စီဟာ ၁၉၉၀ ရွေးကောက်ပွဲ နှစ်ပတ်လည် ၃၃ နှစ်မြောက်မှာ အရှုံးတွေကို ရင်ဆိုင်နေကြရပါပြီ။ နောက်ထပ် နောက်ဆက်တွဲ အရှုံးတွေလည်း လာပါလိမ့်ဦးမယ်။
၁၉၉၀ ရွေးကောက်ပွဲကရတဲ့ သင်ခန်းစာ
DVB သတင်းထောက်အနေနဲ့ ၁၉၉၀ ရွေးကောက်ပွဲ ၃၃ နှစ်မြောက် နှစ်ပတ်လည်နေ့ သတင်းတပုဒ် လုပ်ရပါတယ်။ ဒီသတင်းကို လုပ်ဖို့ ၁၉၉၀ ရွေးကောက်ပွဲမှာ ဧရာဝတီတိုင်း အင်္ဂပူမြို့နယ်က ဝင်ရောက် အရွေးခံခဲ့တဲ့ NLD အမတ် ဒေါက်တာစန်းအောင်ကို တီဗွီ အင်တာဗျူး သွားမေးတယ်။ ဒေါက်တာစန်းအောင်ဟာ ၉၀ ရွေးကောက်ပွဲအပြီး စစ်တပ်က လိုက်ဖမ်းလို့ နယ်စပ်ကို ရှောင်ထွက်လာပြီး NCGUB စင်ပြိုင်အစိုးရဖွဲ့ရာမှာလည်း ပါဝင်ခဲ့သူပါ။ နောက်ထပ် ၁၉၉၀ မှာ အင်းစိန်ထောင်အချုပ်ထဲကနေ မဲထွက်ပေးခွင့်ရခဲ့တဲ့ ပုဇွန်တောင်မြို့သား နိုင်ငံရေးအကျဉ်းသားကိုလည်း အင်တာဗျူး မေးခဲ့တယ်။
သူ ပြောတာက ၉၀ ရွေးကောက်ပွဲမှာ မဲပေးတာက ကိုယ်စားလှယ်မတ်တွေကို ရွေးပြီး အဲ့သည်အမတ်တွေကို ဒီမိုကရေစီ အစိုးရဖြစ်အောင် လုပ်ခိုင်းဖို့တဲ့။ ဒါကြောင့် ပုဇွန်တောင် NLD ကိုယ်စားလှယ် ဦးနိုင်းနိုင်းကို မဲပေးခဲ့ကြသတဲ့။ ဦးနိုင်းနိုင်း အနိုင်ရအမတ် ဖြစ်ပါတယ်။ ဒါပေမဲ့ သေနတ်ကိုင် စစ်တပ်က လက်နက်အားကိုးနဲ့ အာဏာမလွှဲချင်တော့ အမတ်တွေကို ဖမ်းတယ်တဲ့။ ဒီတော့ ဦးနိုင်းနိုင်း အပါအဝင် ကိုယ်စားလှယ်တွေ ထောင်ထဲကို ရောက်လာကြတာပေါ့။ ရွေးကောက်ပွဲ မဲပေးတဲ့နည်းနဲ့တော့ တို့ပြည်သူတွေ ဒီမိုကရေစီ မရနိုင်ဘူးဆိုတာ သိလာကြတယ်။ လက်နက်ကိုင်ပြီး ဖြုတ်ချမှသာ ငါတို့ လိုတာရတော့မယ်ဆိုတဲ့ သင်ခန်းစာ ရပါသတဲ့။
ခြံခုန်ဖူးတဲ့နွား နောက်ထပ်ခုန်ဖို့ ဝန်မလေး
၁၉၉၀ ရွေးကောက်ပွဲ ကတိကို ဖျက်ခဲ့အပြီး နှစ် ၃၀ အကြာ ၂၀၂၀ ရွေးကောက်ပွဲအပြီးကျတော့လည်း လွှတ်တော်ခေါ်မည့်နေ့မှာ စစ်တပ် အာဏာထပ်သိမ်းပြန်ပါတယ်။ အခုဆိုရင် စစ်ကောင်စီ အာဏာသိမ်းထားတာ ၂ နှစ်တောင်ကျော်လာပါပြီ။ ၁၉၉၀ မှာ ရွေးကောက်ပွဲလုပ်တယ်။ အာဏာလွှဲမပေးခဲ့ဘူး။ ၂၀၂၀ မှာ ရွေးကောက်ပွဲလုပ်တယ်။ အာဏာလွှဲမပေးဘူး။ ၂ ခါရှိပြီနော်။ အခု ထပ်ပြီး ရွေးကောက်ပွဲလုပ်ဦးမယ်တဲ့။ လူထုက ကြိုက်တဲ့ ဒီမိုကရေစီနည်းကျ ပါတီကို စုပြုံမဲပေးလိုက်ရင်၊ စစ်တပ်အကြိုက်မဟုတ်ရင်၊ အာဏာလွှဲမပေးမှာ အသေအချာပါပဲ။ လက်ရှိမှာကိုက အာဏာလောဘကြောင့် စစ်ကောင်စီက သတ်ထားတဲ့ ပြည်သူကလဲ ၃၅၈၀ ဦးရှိနေပြီ။ ဖမ်းဆီးထားသူ ဦးရေကလည်း ၂၃၀၀၀ နီးပါးရောက်နေပါပေါ့။ ပြည်သူလူထုက ရွေးချယ်တဲ့ ပြည်သူ့အစိုးရထံ အာဏာပြန်မပေးချင်လို့ ဒီလောက်ထိ သတ်ပြ၊ ဖမ်းပြ၊ ရွာမီးရှို့ပြ၊ အိမ်တွေ ချိပ်ပိတ်ပြ လေယာဉ်ဗုံးတွေကြဲ ပြနေတာကလည်း ပြည်သူ့တွေ အဖို့ လက်နက်ကိုင်တာကလွဲလို့ တခြားရွေးစရာလမ်း မရှိတော့ဘူးဆိုတာ သင်ခန်းစာပြနေသလိုပါ။
ဒါကြောင့် ပြည်သူတွေ လွတ်လပ်ခွင့်ရလိုရင်၊ ပြည်သူတွေ ဒီမိုကရေစီ လိုချင်ရင်၊ စစ်ကျွန်အဖြစ် နွံနစ်မခံလိုရင် ၂၀၂၀ ရွေးကောက်ပွဲလို ၁၉၉၀ ရွေးကောက်ပွဲလို မဲပေးရွေးချယ်ရုံနဲ့ မလုံလောက်တော့ပါ။ နောက်ဆုံးနည်း လက်နက်ကိုင် ပြန်လည် ခုခံ တိုက်ပွဲနည်းသာ ရှိပါတော့ရဲ့။
" ဟူး ... နွေဦးတော်လှန်ရေးမှာ PDF တွေ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေက တိုက်နေကြလို့သာ နောက်ဆုံး မျှော်လင့်စရာ ရောင်နီလေး ပေါ်လာတာက စိတ်ချမ်းသာစရာ" ပါ ဆိုပြီး စစ်တပ် ကတိပျက်ခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲမှာ မဲထည့်ခဲ့သူ ပုဇွန်တောင်က နိုင်ငံရေးအကျဉ်းသားဟောင်းကြီးရဲ့ အားရပါးရ ပြောသွားသံဟာ နားထဲကမထွက် ပဲ့တင်ထပ်ခါ ကြားနေပါတော့တယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar