အကျဥ်းထောင်မှ လွတ်မြောက်ဖို့ကြိုးစားမှု ပိုများလာ
မြန်မာနွေဦး ခရိုနီကယ် - မေ ၂၈ မြင်ကွင်း
(မိုးမခ) မေ ၂၉ ၊ ၂၀၂၃
အကျဥ်းထောင်မှ လွတ်မြောက်ဖို့ကြိုးစားမှု ပိုများလာ
ယခု သီတင်းပတ်မှာ မြင်းခြံ အကျဥ်းထောင်က နိုင်ငံရေးပုဒ်မ နဲ့ ဖမ်းဆီးခြင်းခံထားရသူတွေ ဆယ်ဂဏန်းမျှမက စစ်ကောင်စီရဲ့ စစ်ကြောရေးက ခေါ်ထုတ်သွားပြီး စစ်ဆေးတဲ့သတင်း၊ အဆိုပါအဖြစ်အပျက် မတိုင်ခင် တောင်ငူထောင်မှာ PDF တပ်ဖွဲ့တွေနဲ့ဆက်စပ်တဲ့ နိုင်ငံရေး အကျဥ်းသားတချို့ တရားရုံးထုတ်မှာ လက်နက်လုယူပြီး ထွက်ပြေးလွတ်မြောက်သွားတဲ့ သတင်း၊ ယမန်နေ့ကတော့ ဒိုက်ဦး ကျိုက်စကော အကျဥ်းထောင်က PDF နဲ့ ဆက်စပ်တဲ့ အကျဥ်းသားတချို့ ကို စစ်ကြောရေးခေါ်ထုတ်ကာ စစ်ဆေးခံရပြီး တဦးသေဆုံးတယ်ဆိုတဲ့ သတင်းတွေ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာနေတာ ဖြစ်ပါတယ်။
ဒီအဖြစ်အပျက်တွေက ယခုလအတွင်း ဖြစ်ပျက်တဲ့ အဖြစ်အပျက်တွေ ဖြစ်ပြီး ပြီးခဲ့တဲ့ မတ်လ ဆန်းကလည်း ရမည်းသင်းအကျဥ်းထောင်ကနေ ပျဥ်းမနားကို ရုံးထုတ်အပြန်မှာ အကျဥ်းသားတချို့ လုံခြုံရေးရဲရဲ့ သေနတ်လုယူပြီး ထွက်ပြေးတဲ့ အဖြစ်အပျက်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ မတ်လ ဆန်းမှာ ဖြစ်ပွားခဲ့တဲ့ ရမည်းသင်းထောင်မှာ ထိန်းသိမ်းထားပြီး တရားရုံးထုတ်တဲ့ အချုပ်ကားကနေ ရဲလုံခြုံရေးရဲ့ သေနတ်ကို လုယူပြီး ထွက်ပြေးရာမှာ ၉ ဦး လွတ်မြောက်ကာ နောက်ပိုင်း ၃ ဦး ပြန်ဖမ်းမိခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ အဆိုပါ အဖြစ်အပျက်က နိုင်ငံရေး အကျဥ်းသားတွေက လုပ်ဆောင်တာမျိုးမဟုတ်ဘဲ ရာဇဝတ်ပြစ်မှုနဲ့ တရားစွဲဆိုခံထားရသူ ပြစ်ဒဏ်ကျပြီး နောက်ထပ်အမှုတွေ ရင်ဆိုင်နေရသူတွေ ဖြစ်ပါတယ်။
အဲဒီနောက် မေလလယ် တောင်ငူထောင်မှာ ဖြစ်ပွားတဲ့အဖြစ်အပျက်မှာ PDF ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီး တရားစွဲဆိုခံထားရတဲ့ အကျဥ်းသားတွေက ရုံးထုတ်မှာ လုံခြုံရေးရဲနဲ့ စစ်သားတွေထံက လက်နက်လုယူပြီး ၁၀ ဦး ထွက်ပြေးလွတ်မြောက်သွားခဲ့တဲ့ ဖြစ်ရပ် ဖြစ်ပွားခဲ့ပါတယ်။ အဲဒီအဖြစ်အပျက်မှာ စစ်ကောင်စီ တပ်ကြပ်တဦး သေဆုံးပြီး PDDF အကျဥ်းသားတွေ လွတ်မြောက်သွားခဲ့တာ ဖြစ်ပါတယ်။ တောင်ငူထောင်က အဖြစ်အပျက်အပြီး အခုလအတွင်းမှာပဲ မြင်းခြံထောင်က နိုင်ငံရေး ပြစ်မှုနဲ့ ပြစ်ဒဏ်ချမှတ်ခံထားရသူတွေကို ခေါ်ထုတ်စစ်ဆေးရာမှာ တဦးသေဆုံးတယ်ဆိုတဲ့ သတင်းတွေ အစောပိုင်းထွက်ပေါ်ခဲ့ပြီး နောက်ပိုင်းမှာတော့ အဆိုပါ သေဆုံးသူဟာ သူ့ရောဂါနဲ့ သူ သေဆုံးခြင်းဖြစ်ပြီး သေဆုံးသူဟာ နိုင်ငံရေး ပုဒ်မနဲ့ ဖမ်းဆီးခံရသူ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။ ယခု လတ်တလော ခေါ်ထုတ် စစ်ဆေးခံရတဲ့ကိစ္စက အကျဥ်းထောင်ထဲ မိုဘိုင်းဖုန်း လက်ဝယ်ထားရှိကာ ပြင်ပက နိုင်ငံရေးအဖွဲ့အစည်း လူပုဂ္ဂိုလ်တွေနဲ့ ဆက်သွယ် တယ်ဆိုတဲ့ သံသယနဲ့ ခေါ်ထုတ်စစ်ဆေးတာလို့လည်း ကနဦးသတင်းတွေအရ သိရပါတယ်။ ဒီဖြစ်ရပ်မှာတော့ ထွက်ပြေးဖို့ ကြံစည်တဲ့ကိစ္စ ဟုတ်၊ မဟုတ် တိတိပပ မသိရှိရပါဘူး။
မြင်းခြံအကျဥ်းထောင်ဟာ ရန်ကုန်၊ မန္တလေး အကျဥ်းထောင်တွေက နိုင်ငံရေး ပုဒ်မနဲ့ အကျဥ်းကျသူတွေကို ရွှေ့ပြောင်းထားရှိလေ့ရှိတာလည်းဖြစ်ပါတယ်။
နောက်ဆုံးအဖြစ်အပျက် ဖြစ်တဲ့ ပဲခူးတိုင်း ကျိုက်စကောက အကျဥ်းထောင်က PDF အမှုတွေ နဲ့ ပြစ်ဒဏ်ချမှတ်ခံထားရသူ ၊ အမှုရင်ဆိုင်နေဆဲ အကျဥ်းသားတွေကို ပြင်ပက PDF အဖွဲ့တွေနဲ့ ဆက်သွယ်တယ်ဆိုတဲ့ သံသယနဲ့ ခေါ်ထုတ်စစ်ဆေးတဲ့ ဖြစ်ရပ်ဖြစ်ပြီး နိုင်ငံရေးမှုနဲ့ ဖမ်းဆီးခံထားရသူ ၂၀ လောက် စစ်ကြောရေးကို ခေါ်ထုတ်စစ်ဆေးခံရတဲ့ အဖြစ်အပျက်မှာ ပဲခူးမြို့က PDF အမှုနဲ့ ထောင်ဒဏ် နှစ် ၈၀ ချမှတ်ခြင်းခံထားရသူ ကိုသန့်စင်ဝင်းဆိုသူ စစ်ကြောရေး မှာ သေဆုံးသွားပြီဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ကျိုက်စကော အကျဥ်းထောင်ဟာလည်း ဒိုက်ဦးမြို့နယ်မှာ ဖြစ်ပွားတဲ့ ပြစ်ဒဏ်ချခံရတဲ့သူတွေထက် ကရင်ပြည်နယ်၊ ပဲခူးတိုင်းအခြားမြို့နယ်တွေက ပြစ်ဒဏ်ချခံရသူတွေကို ရွှေ့ပြောင်းရာ နေရာတခုဖြစ်ပါတယ်။
ယခင် စစ်အစိုးရလက်ထက်နဲ့ စစ်အာဏာသိမ်းပြီးစ ကာလတွေတုန်းက အကျဥ်းထောင်ကနေ ထွက်ပြေး လွတ်မြောက်ဖို့က အခွင့်အလမ်းနည်းပါးတဲ့ အနေအထားဖြစ်ခဲ့ပေမယ့် အခု စစ်အာဏာသိမ်းပြီး လအတန်ကြာမှာ မြန်မာနိုင်ငံအနှံ့အပြားမှာ လက်နက်ကိုင် တိုက်ပွဲဖြစ်ပွားတဲ့ ဒေသတွေ အဖြစ် အသွင်ပြောင်းလဲလာခဲ့တာ၊ ဖမ်းဆီးခံထားရသူတွေ အများအပြားဟာ တိုက်ခိုက်ရေး လက်နက်တွေနဲ့ ရင်းနှီးယဥ်ပါးသူတွေ ဖြစ်နေတာ၊ အကျဥ်းထောင်တွေ က လွတ်မြောက်ရင် အနီးအနားမှာ လက်ခံမယ့် PDF သို့မဟုတ်
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ ရှိနေတာတွေက ထွက်ပြေးဖို့ အားပေးတဲ့အကြောင်းအချက်တွေ ဖြစ်ပါတယ်။ နောက်တချက်က အဆိုပါ PDF နဲ့ ဆက်စပ်တဲ့ အမှုကိစ္စတွေမှာ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေကို သုံးစွဲလေ့ရှိပြီး အဲဒီပုဒ်မအရ နှစ် ဆယ်ဂဏန်းနဲ့ချီတဲ့ ထောင်ဒဏ်တွေ ချမှတ်ခံထားရတဲ့ အချက်ကလည်း ထွက်ပြေးမှုဖြစ်ပေါ်စေဖို့ နှိုးဆော်တဲ့အချက်တချက် ဖြစ်ပါလိမ့်မယ်။
စစ်ကောင်စီက အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေကို ရေလဲ သုံးသလို သုံးစွဲလာသလို သေဒဏ်ကိုလည်း အရေအတွက် ရာဂဏန်းနဲ့ချီ ချမှတ်သလို ထောင်ဒဏ် နှစ်ရာဂဏန်း နဲ့ချမှတ်ခံရသူတွေလည်း ဒါဇင်နဲ့ချီရှိလာတာ ဖြစ်လို့ ဒီလို တရားစီရင်ရေး စနစ်ကိုလက်ကိုင်တုတ်သဖွယ်သုံးကာ မတန်တဆပြစ်ဒဏ်တွေ ချမှတ်နေခြင်းကလည်း ချမှတ်ခံရသူတွေအဖို့ ဒီပြစ်ဒဏ်ကနေ လွတ်မြောက်ဖို့ သေရင်သေ မသေရင် လွတ်မြောက်မယ်ဆိုတဲ့ ရွေးချယ်မှုမျိုး ဖြစ်ပေါ်စေတာ ဖြစ်ပါတယ်။
ထွက်ပြေးမှုတွေ ကြိုးစားဖို့အားပေးတဲ့ အခြေအနေတခုကတော့ ဆက်သွယ်ရေး ပြောင်းလဲလာတဲ့ ဆက်သွယ်ရေး နည်းပညာဖြစ်ပါတယ်။ မိုဘိုင်းဖုန်း အင်တာနက်တွေက ပြင်ပမှာဖြစ်ပွားနေတဲ့ အခြေအနေတွေကို အဆက်မပြတ် သိရှိခွင့်ရနေပြီး ပြင်ပက အဆက်အသွယ်နဲ့ ဆက်သွယ်ဖို့ ငွေပေးရင် လုပ်ပေးမယ့် အကျဥ်းထောင် ဝန်ထမ်းတွေကို စည်းရုံးပြီး မိုဘိုင်းဖုန်းလိုဆက်သွယ်ရေး ပစ္စည်းတွေ လက်ဝယ်ရအောင် လုပ်ဆောင်ကြပြီး ပြင်ပနဲ့ ချိတ်ဆက်ကာ ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးစားကြတာ ဖြစ်ပါတယ်။ ယခင်က အကျဥ်းထောင်က ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးစားတယ်ဆိုတဲ့ အဖြစ်အပျက်တွေအများစုဟာ ရဲစခန်းအချုပ်ကနေ ဖောက်ပြီး ထွက်ပြေးတာမျိုး၊ ပြစ်ဒဏ်ကျပြီး ပြင်ပအလုပ် သို့မဟုတ် ရဲဘက်အကျဥ်းစခန်းလိုမျိုးကနေ ထွက်ပြေးတာမျိုးသာရှိခဲ့ပြီး အခုအခါမှာတော့ ရုံးထုတ်လိုမျိုးမှာ လက်နက်လုယူကာ ထွက်ပြေးဖို့ကြိုးစားတဲ့ အဖြစ်အပျက်တွေ ပြင်ပက အဆက်အသွယ်တွေက တနေရာမှာ လာရောက်ခေါ်ဆောင်တဲ့ အချိတ်အဆက်မျိုးတွေ ပိုမိုဖြစ်ပွားလာတာလည်း ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar