ကိုသန်းလွင် - အေအိုင်နှင့်ပတ်သက်၍ သတိပြုစရာ
ကိုသန်းလွင် - အေအိုင်နှင့်ပတ်သက်၍ သတိပြုစရာ
(မိုးမခ) မေ ၂၉ ၊ ၂၀၂၃
( ၁ )
အမေရိကန်ပြည် ဆန်ဖရန်စစ္စကိုမြို့မှ အသစ်ဖွင့်လှစ်သည့် Open AI ကုမ္ပဏီမှ ပထမဆုံး ချပ်ဂျီပီတီ (ChatGPT 3.5) ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် စတင်ဖြန့်ဝေခဲ့ပါသည်။ ထို့နောက် ဗားရှင်းအသစ် ဂျီပီတီ 4 ကို မတ်လ ၁၄ ရက်နေ့တွင် ထပ်မံထုတ်ဝေခဲ့ပါသည်။ ဗားရှင်းအသစ် ထွက်လာသည်နှင့် မကြာမီမှာပင် စက်မှုလုပ်ငန်းခေါင်းဆောင် ဦးရေ ၁,၀၀၀ ကျော်က ဤ ချပ်ဂျီပီတီနှင့် ပတ်သက်၍ အေအိုင်သုတေသနလုပ်ငန်းများကို ၆ လခန့် ခေတ္တရပ်ဆိုင်းပေးပါရန် မေတ္တာရပ်ခံချက် စာတစောင် ထွက်ပေါ်လာပါသည်။
အေအိုင်၏ သွားရာလမ်းကြောင်းသည် လူ့လောကအတွက် ကောင်းရာကောင်းကြောင်း ဟုတ်၊ မဟုတ် ဆန်းစစ်ရန် စာရေး တောင်းဆိုခဲ့ကြခြင်း ဖြစ်ပါသည်။ လူ့လောကကို ကောင်းကျိုးများ ဖြစ်စေသည်ဟု သေချာမှသာ ဆက်လက်လုပ်ကိုင်ရန် ဖြစ်ပါသည်။ လူ့လောက တိုးတက်ရေးအတွက် အန္တရာယ်ဖြစ်စေသော အကြောင်းအရာများ ဖြစ်ပေါ်လာသည်ဟု စိုးရိမ်သူများ ရှိနေကြပါသည်။ ရက်အနည်းငယ်ကြာသောအခါ သက်တမ်း ၄၀ ရှိပြီဖြစ်သော အေအိုင် အသင်းကြီး၏ ဥက္ကဋ္ဌအသစ်နှင့် အဟောင်းများ ပါဝင်သော လူ ၁၉ ဦးက သတိပေးသော စာများကို ထုတ်ပြန်ကြပါသည်။ ထိုလူများတွင် မိုက်ခရိုဆော့မှ အမြင့်ဆုံး သိပ္ပံအရာရှိ Bing ခေါ် ရှာဖွေရေး အင်ဂျင်ကို တီထွင်သူလည်း ပါဝင်ခဲ့သည်။
ထိုစာများနှင့် မရှေးမနှောင်းမှာပင် အေအိုင် ကို စဦးတီထွင်သူ ပိုင်အိုနီးယားဖြစ်သူ ဒေါက်တာ ဟင်တန် (Dr.Geoffrey Hinton) သည် သူ၏ဂူဂဲလ် အင်ဂျင်နီယာ အဖြစ်မှ နုတ်ထွက်သွားခဲ့သည်။ မစ္စတာ ဟင်တန် နှင့် ပီအိပ်ချ်ဒီကျောင်းသား နှစ်ယောက်တို့သည် ၂၀၁၂ ခုနှစ်က တိုရန်တိုတက္ကသိုလ်တွင် အေအိုင်၏ အခြေခံအကျဆုံး ကွန်ပျူတာဆော့ဝဲလ်ယားကို ရေးသားပြီး အစပြုခဲ့ပါသည်။ သူ့အနေဖြင့် အေအိုင်၏ အနာဂတ်သည် သူ ရည်ရွယ်သလို ဖြစ်မလာဘဲ မူလလမ်းကြောင်းမှ ကင်းကွာလာသည်ဟု ယုံကြည်သည်လည်း ဖြစ်နိုင်ပါသည်။
သူသည် ၁၀ နှစ်တာမျှ လုပ်ခဲ့သော ကုမ္ပဏီ၏ လုပ်ငန်းခွင်ကို သဘောမကျခြင်းမဟုတ်ဘဲ ယခုကဲ့သို့ ထွက်ခွာခဲ့ခြင်းသည် သူ့လုပ်ခဲ့ရာလုပ်ငန်းကို ဝေဖန်အကြံပြုရန် ဖြစ်သဖြင့် ကုမ္ပဏီမှာ လုပ်နေခဲ့ခြင်းဖြစ်ပါက မသင့်လျော်သဖြင့် ထွက်ခွာခဲ့ခြင်း ဖြစ်ပါသည်။
အေအိုင်၏ ယခုသွားရာလမ်းကြောင်းသည် အနာဂတ်အတွက် အန္တရာယ်ရှိနိုင်သဖြင့် ဤအကြောင်းကို ကမ္ဘာကြီးကို အသိပေးရန် လိုအပ်နေသည်။ သူ့နေရာမှာ သူ မရှိခဲ့လျှင်လည်း ကုမ္ပဏီအနေဖြင့် အခြားလူနှင့် လူအစားထိုးနိုင်သဖြင့် သူ ထွက်ခွာခြင်းမှာ ကုမ္ပဏီ အကျိုးစီးပွားကို မထိခိုက်ပါဟု မကြာမီက အင်တာဗျူးတခုတွင် ပြောကြားခဲ့ပါသည်။
သူသည် သူ့အစွမ်းဖြင့် ကမ္ဘာကြီးကိုကောင်းအောင် ပြုလုပ်ပေးသူအဖြစ်မှ ကမ္ဘာကြီးကို ပျက်သုဉ်းသွားအောင် ဖျက်ဆီးနေသူအဖြစ် မကောင်းသော အကြောင်းအရာများကို ပြောသူ (Doomsayar) အဖြစ် မည်သို့ ပြောင်းလဲသွားရပါသနည်း။
စက်မှုလုပ်ငန်းကို ဦးဆောင်သူများက ပြောသည်မှာ သူ၏ တီထွင်မှုသည် ၁၉၉၀ ပြည့်နှစ်များက ပေါ် ပေါက်ခဲ့သော အင်တာနက်၏ (Web Browser) များကဲ့သို့ အရေးကြီးသော တီထွင်မှုဖြစ်သည်ဟု ဆိုကြပါ သည်။ သူ တွေ့ရှိချက်မှ ဆက်၍ ဆေးပညာနှင့်ဆိုင်သော တွေ့ရှိချက်များ၊ ပညာသင်ကြားရေးနှင့် ပတ်သက်သည့် အချက်အလက်များစွာ ပြောင်းလဲသွားစေနိုင်ပါသည်။
စက်မှုလုပ်ငန်းကို ဦးဆောင်နေသူများက စိုးရိမ်မကင်း ဖြစ်မိကြသည်မှာ လူ့အသက်အန္တရာယ်ဖြစ်စေမည့် လက်နက်အမျိုးမျိုးကို အေအိုင်က ထုတ်လုပ်ပေးမှာကို စိုးရိမ်နေကြခြင်း ဖြစ်ပါသည်။ သတင်းအမှားများကို ထုတ်ပေးသူအဖြစ် လောလောဆယ်တွင် အေအိုင်မှာ တာဝန်ရှိသည်ဟု အစွပ်စွဲခံနေရပါသည်။ အလုပ်သမားများ၏ အလုပ်ကိုပပျောက်သွားအောင်ဖန်းတီး သည်ဟုလည်း သိသိသာသာကြီးဖြစ်ပေါ်နေပါ သည်။ အေအိုင်သည် လူသားများ၏ အကျိုးကို ဆောင်ရွက်မည့်နည်းတူ စည်းကမ်းမလိုက်နာသည့် လူများ လက်ထဲသို့ ကျရောက်မည့်အန္တရာယ်မှာ ကြီးမားလှပါသည်။ အချိန်ကြာလာလေလေ မကောင်းသူများက မကောင်းသည့်အရာများကို ဖန်တီးခြင်းမှ ကာကွယ်ပေးရန်မှာ ပိုမိုခက်ခဲသွားမည် ဖြစ်ပါသည်။
မစ္စတာဟင်တန်ကို “Godfather Of AI” ဟု ခေါ်ဝေါ်ခဲ့ကြပြီး သူသည် အထက်ပါ စာနှစ်စောင်ကို ရေးရာတွင် မပါဝင်ခဲ့ပါ။ သူ့အနေဖြင့် ဂူဂဲလ်နှင့် အခြားကုမ္ပဏီများကို လူသိရှင်ကြား အပုပ်ချရန်မှာ ခက်ခဲသဖြင့် အလုပ်မှ ထွက်ခဲ့ခြင်း ဖြစ်ပါလိမ့်မည်။ သူ အလုပ်ထွက်မည့်အကြောင်းကို ဂူဂဲလ်၏ မိခင်ကုမ္ပဏီဖြစ်သော Alphabat ကုမ္ပဏီမှ အုပ်ချုပ်ရေး အရာရှိလုပ်သူနှင့်လည်း မကြာမီကမှ ဖုန်းပြောခဲ့ပါသည်။
ဂူဂဲလ်၏ တာဝန်ရှိသူများကမှု အေအိုင်ကို တာဝန်သိသိဖြင့် သတိထားချဉ်းကပ်မည်ဟု ပြောခဲ့ကြပါသည်။ အေအိုင်က ဖန်တီးပေးမည့် အန္တရာယ်များအကြောင်းကိုလည်း အမြဲသိနားလည်အောင် ကြိုးစားမည်ဟု ဆိုပါသည်။
အသက် ၇၅ နှစ်ရှိပြီဖြစ်သော မစ္စတာဟင်တန်သည် ဗြိတိန်နိုင်ငံသားဖြစ်ပြီး အီဒင်ဘတ် (Edinburgh) တွင် ပညာသင်ခဲ့သည်။ ဘဝတလျှောက်လုံး အေအိုင်ကို သူ့ခံစားချက်၊ ယုံကြည်ချက်တို့နှင့် အသားကျအောင် စွဲစွဲမြဲမြဲလေ့လာခဲ့သူ ဖြစ်သည်။
၁၉၇၂ ခုနှစ်တွင် ဘွဲ့ရခဲ့ပြီး သူ၏ စိတ်ဝင်စားဆုံး ဘာသာရပ်မှာ (Neural Network) ဖြစ်သည်။ ၎င်းသည် သင်္ချာဆိုင်ရာ ကွန်ပျူတာစနစ်တခု ဖြစ်ပြီး ဦးနှောက်၏ ပုံစံကို ယူကာ အတွက်အချက်လုပ်သောစနစ် ဖြစ်သည်။ ၎င်းသည် လူ၏ ပုံရိပ်များ၊ စကားပြောရာတွင် ပါသော အချက်အလက်များကို နားလည်အောင် နျူရုန်းများ၏ ဆက်သွယ်ပုံစနစ်ကို ပုံစံပြုပြီး ဒေတာ ပမာဏ အကြီးကြီးကို အခြေခံထားသည်။
၁၉၈၀ ပြည့်နှစ်များတွင် ကာနက်ဂျီမီလွန်တက္ကသိုလ် (Carnegie Mellon) တွင် ကွန်ပျူတာ သိပ္ပံဆရာ ဖြစ်သည်။ ၎င်းသည် ပင်တဂွန် အမေရိကန် ကာကွယ်ရေးဌာန၏ အထောက်အပံ့ကို ယူရခြင်းကို မနှစ်သက်သဖြင့် ကနေဒါနိုင်ငံသို့ ပြောင်းရွှေ့ခဲ့သည်။
( ၂ )
မေလ ၄ ရက်နေ့တွင် အေအိုင်၏ ရုတ်တရက် တိုးတက်ဖွံ့ဖြိုးလာခြင်းကိုကြည့်၍ စိုးရိမ်နေသော သမ္မတ ဘိုင်ဒန် အစိုးရက ဂူဂဲလ်၊ မိုက်ခရိုဆော့နှင့် Open AI ကုမ္ပဏီတို့မှ ခေါင်းဆောင်များကို အိမ်ဖြူတော်သို့ ဖိတ်ကြား၍ ၎င်းတို့၏ စိုးရိမ်မှုများကို ပြောပြကြပါသည်။ မကြာမီက အမေရိကန်အစိုးရက ဒေါ်လာ သန်း ၁၄၀ အကုန်အကျခံ၍ အေအိုင်သုတေသနဌာနအသစ်ကို ဖွင့်လှစ်ပေးခဲ့သည်။ ယမန်နှစ်အစိုးရက အေအိုင်၏ ဘလူးပရင့်ဟု ခေါ်ဆိုနိုင်မည့် အေအိုင်နှင့်ပတ်သက်၍ စာတမ်းတစောင် ရေးသား ထုတ်ပြန်ခဲ့သည်။ ထိုအထဲတွင် လူတို့၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ ဒေတာများနှင့် ပတ်သတ်၍ ကုမ္ပဏီအားလုံးက လုံလုံခြုံခြုံရှိအောင် အသုံးပြုရေးတို့ကို ရေးသားထားသည်။ ဇန်နဝါရီလတွင် အေအိုင်ကုမ္ပဏီ များလိုက်နာရန်၊ အန္တရာယ် ဖြစ်ပွားမှုများကို ရှောင်ရှားနိုင်ရန် အကြံပြုချက်များကို အိမ်ဖြူတော်မှ ထုတ်ပြန်ခဲ့သည်။
ပရိုက်ဗိတ်ကုမ္ပဏီများအနေဖြင့် ၎င်းတို့မှ ထုတ်လုပ်လိုက်သော ထုတ်ကုန်များသည် လူတို့၏ ဒေတာများ လုံခြုံရေး ဘေးအန္တရာယ် ကင်းရှင်းရေးကို တာဝန်ယူရမည်ဖြစ်ကြောင်း အသိပေးခဲ့သည်။ ထိုနေ့က ဆွေးနွေးပွဲကို ဒုသမ္မတက ခေါ်ခဲ့ခြင်းဖြစ်သော်လည်း သမ္မတ ဘိုင်ဒန်က ခေတ္တ အမှာစကား ပြောကြားခဲ့သည်။
လွန်ခဲ့သော အောက်တိုဘာလက ဘိုင်ဒန်အစိုးရမှ ကွန်ပျူတာချစ်ပ်များကို တရုတ်ပြည်သို့ ရောင်းချခြင်းကို ကန့်သတ်တားမြစ်ခဲ့သည်။ အများသိအောင် ကြေညာချက်မှာ အမေရိကန်ကုမ္ပဏီများအနေဖြင့် အပြိုင်အဆိုင် အလုပ်လုပ်ကိုင်ခြင်းကို ပြုလုပ်နိုင်ရန်ဟူ၍ ဖော်ပြခဲ့သည်။ သို့သော် ပင်တဂွန်နှင့် အမျိုးသားလုံခြုံရေးကောင်စီက ထုတ်၍ မပြောသောအချက်မှာ “လက်နက်ထိန်းချုပ်ရေး” ပင်ဖြစ်သည်။ တရုတ်တို့သာ အဆိုပါ ချစ်ပ် များကို ဝယ်ယူခွင့်ရရှိပါက အေအိုင်ကို အသုံးပြုသော လက်နက်များ တီထွင်ခြင်းကို အမေရိကန်တို့ မတားမြစ်နိုင်တော့ပေ။ တရုတ်တို့ လက်နက်ထုတ်လုပ်ရေးတွင် နှေးကွေးသွားစေရန် ရည်ရွယ်ရင်းပင် ဖြစ်သည်။
နိုင်ငံတကာအရေးကို စောင့်ကြည့်သူများက အမေရိကန်တို့အနေဖြင့် အေအိုင် သုတေသနလုပ်ငန်းကို ရပ်ဆိုင်းလိုက်ပါက ပြိုင်ဘက် တရုတ်နှင့် ရုရှား အစိုးရတို့က အေအိုင်တက်ခနိုလော်ဂျီကို အသုံးပြုနိုင်ရေးကို အားပေးသလို ဖြစ်သွားနိုင်ပါသည်။ ဤအစိုးရများက အမေရိကန်တို့ဘက်မှ ရပ်တန့်လိုက်ခြင်းကို အခွင့်အရေးတခုသဖွယ် သတ်မှတ်သွားနိုင်သည်။
( ၃ )
ကျွန်တော်တွင် ၅ နှစ်အရွယ် မြေးငယ်ကလေးတယောက် ရှိသည်။ ညအိပ်ရာဝင်ရန် ပြင်ဆင်တိုင်း သူ့ကို အေအိုင်က ပြောပြသည့် ပုံပြင်တခု ပြောရသည်။ ချပ်ဂျီတီပီကို ၅ နှစ်အရွယ်သမီးကို အိပ်ရာဝင်ပုံပြင် တခုကို ပြောပါဟူ၍ ခိုင်းလိုက်ရုံနှင့် မြေးအတွက် ပုံပြင်တပုဒ် ရနိုင်ပါသည်။ ကလေးက ညအိပ်ရာဝင်ချိန် ရောက်တိုင်း ကွန်ပျူတာရှေ့တွင် စောင့်ဆိုင်းနေကျ ဖြစ်နေပြီ။ လောလောဆယ်တွင် လူတို့ တီထွင်ထားခြင်း ဖြစ်သော်လည်း တနေ့ တမျိုး မရိုးရအောင် ပုံပြင်အသစ်တပုဒ် ရသည်။ ကလေးတွေကြိုက်သော ပုံပြင် အမျိုးအစားတွေပဲ ဖြစ်သည်။ မင်းသား၊ မင်းသမီးတွေ၊ နဂါးတွေ၊ ဂဠုန်တွေ ပါသည်။ လောလောဆယ်တွင် ထိုအခွင့်အရေးလေး ပျောက်ဆုံးမသွားစေချင်ပါ။
ကိုသန်းလွင်
Ref: Why Godfather of AI quit. By Cade Metz N.Y. Times May 3 2023.
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar