Breaking News

အရေးတကြီး အကူအညီလိုအပ်နေဆဲ ဆိုင်ကလုန်း မိုခါ ဒုက္ခသည်တွေရဲ့ အခြေအနေ

မြန်မာနွေဦး ခရိုနီကယ် - မေ ၃၀ မြင်ကွင်း

(မိုးမခ) မေ ၃၁ ၊ ၂၀၂၃


အရေးတကြီး အကူအညီလိုအပ်နေဆဲ ဆိုင်ကလုန်း မိုခါ ဒုက္ခသည်တွေရဲ့ အခြေအနေ 

နေပြည်တော်မှာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Noriko Takagi က စစ်ကောင်စီ လူ/ကယ်/ပြန် ဝန်ကြီး ဒေါ်သက်သက်ခိုင်ကို သွားရောက်တွေ့ဆုံပြီး ရခိုင်ပြည်နယ်က မုန်တိုင်းဒဏ်ခံစားရတဲ့ဒေသတွေကို အကူအညီပေးရေး ကိစ္စတွေ အတွက်သွားရောက်ဆွေးနွေးတယ်ဆိုတဲ့ သတင်းကို စစ်ကောင်စီဝန်ကြီးဌာနရဲ့ ပေ့ချ်မှာ ဖေါ်ပြထားတာတွေ့ရပါတယ်။ 

ကုလသမဂ္ဂ အနေနဲ့ ရခိုင်ပြည်နယ်က မုန်တိုင်းဒဏ်ခံရတဲ့ ဒေသတွေကို အရေးပေါ် ကူညီရေးမှာ စစ်ကောင်စီကို ထိတွေ့ဆက်ဆံနေရတဲ့ သဘောလို့ ကောက်ချက်ချနိုင်ပြီး တဖက်မှာလည်း MoU ထိုးရေး ကိစ္စကို ဆွေးနွေးခဲ့တယ်လို့ ဆိုထားတာကြောင့် ကုလသမဂ္ဂ UNHCR နဲ့ စစ်ကောင်စီအကြား  MoU ထိုးမထားရသေးဘူးလို့ ယူဆရပါတယ်။ 

WFP လို့ခေါ်တဲ့ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဥ်ကတော့ ရခိုင်ပြည်နယ်မှာ အရေးပေါ် ရိက္ခာအကူအညီတွေ ပေးဝေနေတာတွေရှိပြီလို့ သတင်းတွေထဲဖေါ်ပြထားတာလည်း ဖတ်ရှုရတာ ဖြစ်ပါတယ်။ ချုံကြည့်ရရင် ကုလသမဂ္ဂ အဖွဲ့အစည်းတွေ အနေနဲ့ ရခိုင်ပြည်နယ်က မုန်တိုင်းဒဏ်ခံရတဲ့ ဒေသတွေမှာ ကူညီ ပေးဝေခွင့်အပြည့်အဝရဖို့ လုပ်ဆောင်နေဆဲအဆင့်လို့ ဆိုနိုင်ပါတယ်။ 

စစ်ကောင်စီအနေနဲ့ ရှိနေနှင့်ပြီး ဗျူရိုကရေစီကို ဆိုင်ကလုန်းမုန်တိုင်းကြောင့် လျှော့ပေါ့ပေးခြင်းမရှိသေးတာကို တွေ့ရမှာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ အင်အားအလွန်ပြင်းထန်တဲ့ ဆိုင်ကလုန်း မုန်တိုင်း ဝင်ရောက်ပြီးတဲ့နောက်မှာတောင် ညမထွက်ရ အမိန့်တွေ၊ အကူအညီပေးရေး ပစ္စည်းသယ်ဆောင်လာတဲ့ ယာဥ်တွေကို စစ်ဆေးတာတွေ ခွင့်ပြုမိန့်တောင်းခံတာတွေ ယခင်ကလို လုပ်ဆောင်နေဆဲ ဖြစ်တာကြောင့် အကူအညီပေးရေး ကိစ္စတွေ နှောင့်နှေးနေရတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ 

မေလ ၂၉ ရက် နေ့စွဲနဲ့ ရခိုင် လူမှုကူညီရေး နဲ့ အရပ်ဘက် အဖွဲ့အစည်း ၂၉ ဖွဲ့က ရခိုင်ပြည်နယ်မှာ လိုအပ်နေတဲ့ အကူအညီတွေ ပေးဝေနိုင်ဖို့ အတားအဆီးဖြစ်နေတဲ့ ကန့်သတ်ချက်တွေ ရုပ်သိမ်းဖို့ စုပေါင်းတောင်းဆိုခဲ့တာ တွေ့ရပါတယ်။ ရန်ကုန်-စစ်တွေ ကားလမ်းကို ၂၄ နာရီ သွားလာနိုင်ဖို့ ဖွင့်ပေးဖို့ အဓိက အချက်အနေနဲ့ ထည့်သွင်းတောင်းဆိုထားတာ ဖြစ်ပါတယ်။ ညမထွက်ရ အမိန့်ကြောင့် လမ်းမှာ ညအိပ်ရတဲ့အခါ ကယ်ဆယ်ရေးပစ္စည်းရောက်ရှိတာတွေ နှောင့်နှေးကုန်ပြီး မုန်တိုင်းတိုက်ပြီး ၂ ပတ်ကြာလာတဲ့အထိ အကူအညီမရရှိသေးတဲ့ ကျေးရွာတွေ ရှိနေဆဲဖြစ်တယ်လို့လည်း ရခိုင်လူမှုကူညီရေး အဖွဲ့အစည်း တာဝန်ရှိသူက သတင်းမီဒီယာကို ပြောဆိုထားပါတယ်။

စစ်ကောင်စီဟာ သဘာဝဘေးဒုက္ခကျရောက်ချိန်မှာလည်း လူအများကို မြန်ဆန် လျင်မြန်စွာ ကူညီနိုင်ဖို့ ဆိုတာထက် အုပ်ချုပ်မှုအာဏာယူထားတဲ့ စစ်ကောင်စီရဲ့ လုံခြုံရေး အကျိုးစီးပွား၊ ဒီသဘာဝဘေးအန္တရာယ်ကနေ  နိုင်ငံရေး အရအမြတ်ထုတ်မှာကို စိုးရိမ်တဲ့ သံသယတွေကို မဖယ်ရှား မပြုပြင်နိုင်တာတွေ့ရမှာ ဖြစ်ပါတယ်။ ဒီကိစ္စမှာ ၂၀၀၈ ခုနှစ်တုန်းက ဆိုင်ကလုန်း နာဂစ်ဖြစ်စဥ်က နအဖ စစ်အစိုးရနဲ့ အလားသဏ္ဌာန်အတူတူဖြစ်တာတွေ့ရမှာ ဖြစ်ပါတယ်။ 

ခုနောက်ဆုံးဖော်ပြနေတဲ့ သတင်းတွေထဲမှာလည်း ရသေ့တောင်မြို့နယ်ထဲက ကျေးရွာအချို့ မှာခုချိန်ထိ အကူအညီမရရှိသေးတဲ့ နေရာတွေရှိနေဆဲ ဖြစ်ပြီး မိုးရွာရင် အမိုးအကာမရှိပဲ နေထိုင်အိပ်စက်ရတဲ့ အခြေအနေ သောက်ရေကန်၊ ရေတွင်းတွေ ပင်လယ်ရေဝင်ရောက်ကုန်ပြီး ပြန်လည် မပြုပြင်နိုင်သေးတဲ့ အနေအထား၊ အမိုးအကာနဲ့ အသက်မွေးဝမ်းကျောင်း ပစ္စည်းပစ္စယတွေ ပျက်စီးကုန်တာကြောင့် သူတို့ရဲ့ဘဝတွေ ကိုဘယ်လိုပြန်လည် စတင်ရမှန်းမသိတဲ့ အနေအထားတွေဖြစ်နေတယ်လို့လည်း သတင်းတွေမှာ ဖေါ်ပြထားကြတာ တွေ့ရပါတယ်။ စိုက်ပျိုးရေး လုပ်ကိုင်သူတွေ အဖို့ ကျွဲနွားတွေ သေဆုံးသွားကြတဲ့ အဖြစ်က ဆုံးရှုံးမှုကြီးမားသလို ရေလုပ်ငန်းနဲ့ အသက်မွေးသူတွေ အဖို့လည်း ငါးဖမ်းလှေတွေ ပျက်စီးကုန်တာ၊ ငါးဖမ်းကိရိယာတွေ မုန်တိုင်းနဲ့ မျောပါပျက်စီးကုန်တဲ့ အဖြစ်တွေက မိသားစု ဝင်ငွေရတဲ့ လုပ်ငန်းတွေ ပြန်လည်စတင်ဖို့ ခက်ခဲစေမှာ ဖြစ်ပါတယ်။ 

ရေရှည် ဝေးဝေးလံလံ မျှော်မကြည့်ပဲ လတ်တလော အသက်ဆက်လက်ရှင်သန်ရေးမှာတင် အမိုးအကာ သောက်ရေ၊ သုံးရေ၊ နာဖျားရင် လိုအပ်တဲ့ဆေးဝါး စတာတွေ အရေးတကြီး လိုအပ်နေတာလည်း ဖြစ်ပါတယ်။ သွားလာရေးမှာ ရေလမ်းကို အသုံးပြုနေကြရတဲ့ ကျေးရွာတွေ အဖို့ လှေတွေ မျောပါ၊ ပျက်စီးခြင်းကလည်း တနေရာနဲ့ တနေရာ သွားလာဖို့ခက်ခဲစေတာ ဖြစ်ပြီး ၊ ကုန်းလမ်းကို အားကိုးအားထားပြုတဲ့ ဒေသတွေမှာလည်း တံတားနဲ့ လမ်းတွေပျက်စီးမှုတွေ ကြုံကြရတဲ့ အနေအထားမျိုး ဖြစ်ပါတယ်။ 

ရခိုင်ပြည်နယ်ရဲ့ ဒေသအချို့ကို ထိန်းချုပ် အုပ်ချုပ်ထားတဲ့ ULA/AA အနေနဲ့လည်း ကယ်ဆယ်ရေး နဲ့ ကူညီရေး လုပ်ငန်းတွေကို အင်အားစိုက်ထုတ်လုပ်ကိုင်နေပေမယ့် ငွေကြေး လိုအပ်ချက် အထောက်အပံ့ပစ္စည်း အကူအညီလိုအပ်ချက်တွေ ရှိနေတာဖြစ်ပါတယ်။ နိုင်ငံတကာ သံရုံးတွေ အစိုးရတွေနဲ့ ကုသမဂ္ဂ၊ အာဆီယံ အဖွဲ့အစည်းတွေအနေနဲ့ AA နဲ့ ဆက်သွယ် ကူညီဆောင်ရွက်တာတွေ ရှိ မရှိတော့ တိတိပပ မသိရပါဘူး။ AA အနေနဲ့  ဆိုင်ကလုန်း မိုခါ ဒဏ်ခံစားရသူတွေကို ကူညီရာမှာ နိုင်ငံရေး ပြဿနာအဖြစ် ဖော်တာမျိုး မလုပ်ဆောင်ဘဲ၊ ဒုက္ခသည်တွေကို ကူညီနိုင်ရေးကို ပထမဦးစားပေးအနေနဲ့ ထားတာလည်း တွေ့ရပါတယ်။ 

ဆိုင်ကလုန်း မိုခါ အရေးမှာ နောက်အဓိက ကျတဲ့ ဇတ်ဆောင်ဖြစ်တဲ့အဖွဲ့အစည်းက အမျိုးသားညီညွတ်ရေး အစိုးရ ဖြစ်ပါတယ်။ မြေပြင်မှာ စိုးမိုးနိုင်တဲ့ အဖွဲ့အစည်းတွေ မရှိတာကြောင့် လက်တွေ့မှာ ကူညီနိုင်ဖို့ ခက်ခဲပြီး နိုင်ငံတကာ အကူအညီတွေအနေနဲ့လည်း မြေပြင်မှာစိုးမိုးထားတဲ့ စစ်ကောင်စီက တဆင့်သွားနေကြတာကြောင့် NUG ရဲ့ အခန်းကဏ္ဍက နောက်ရောက်နေတဲ့ သဘောမျိုးလည်း ပြောမယ်ဆို ပြောနိုင်ပါတယ်။ 

သို့ပေမဲ့ အကူအညီတွေ ရောက်သင့်တဲ့ နေရာရောက်ဖို့ အချိန်မိရောက်ရှိဖို့အတွက် စောင့်ကြည့်တာ နိုင်ငံရေးအရ ဖိအားပေးတာတွေကို လုပ်ဆောင်နိုင်တဲ့ အနေအထားမှာတော့ရှိတဲ့ သဘောဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar