ဝင်းမြင့် - မြစ်ရေ
မြစ်ရေ
ဝင်းမြင့်
(မိုးမခ) မေ ၃၁၊ ၂၀၂၃
တဖြည်းဖြည်း ကိုယ့်အပေါ် ပြန်ပိလာ တဲ့
မိုးသားတွေ အောက်
နောက်တခေါက်ပြန်ရောက်လာဖို့
မကျိန်းသေသေးတဲ့ လှေကလေးပေါ်မှာ
ဆိပ်ကမ်းကို ငေးမောကြည့်ခြင်းနဲ့သာ
ဝမ်းမြောက်မှုကို ထားခဲ့ပါရစေ ။
သတိရလို့ ပြန်တက်လာတဲ့ ဒီရေလိုပဲ
နေရာဟောင်းတွေကလည်း
ပြောင်းလဲခြင်း မြန်ဆန်လိုက်တာ
မြစ်တမြစ်မှာ ရေတခါသာ ချိုးခွင့်ရသတဲ့
ထားလိုက်ပါတော့လေ ။
တံတားအောက်က ရေစီး နဲ့
ချည်တိုင်က ကြိုးကို ဖြုတ်ပြီးတဲ့အခါ
အမြင်သဘောအရ
ကမ်းမပါတဲ့ ပင်လယ်ဆီ
ဦးတည်လာတဲ့ မြစ်လို
ရေစီးတခါ ရေသာတလှည့်
စွန့်ခြင်းရဲ့ သဘောကို နားလည်တတ်ခဲ့ပါပြီ ။ ။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar