Breaking News

ကျော်ဟုန်း၏ ငါတို့နိုင်ပြီ ကဗျာစာအုပ် ဖြန့်ချိ


ကျော်ဟုန်း၏ ငါတို့နိုင်ပြီ ကဗျာစာအုပ် ဖြန့်ချိ
(မိုးမခ) မေ ၁၈၊ ၂၀၂၃

မေတ္တာကွန်ရက်မှ ကျော်ဟုန်း​၏ စတုတ္ထမြောက်ကဗျာစာအုပ်ကို ၂၀၂၃၊ မေလ တတိယပတ်အတွင်း ထုတ်လုပ်ဖြန့်ချိမည်။ စာမျက်နှာ ၁၈၄ မျက်နှာပါရှိပြီး ၅ .၅ × ၈ . ၅ ဆိုဒ်ဖြင့် ရိုက်နှိပ်ထားသည်။ ကဗျာ စုစုပေါင်း ၇၆ ပုဒ်ပါဝင်သည်။

၎င်း ကဗျာစာအုပ်တွင် ကျော်ဟုန်းရေးသားခဲ့သော မိုးမခမီဒီယာ၊ မြန်မာဂဇက်သတင်းစာနှင့် နေရာတကာဂျာနယ်တွင် ဖော်ပြခဲ့သည့်ကဗျာများကို စုစည်းထားသည်။ထို့အပြင် ကဗျာသစ်များနှင့် ကဗျာရှည်တပုဒ်လည်း ဖြည့်စွက်ထားပါသည်။  

ငါတို့ နိုင်ပြီကဗျာရှည်မှာ တမျက်နှာကို ၂ ကော်လံဖြင့် စာရိုက်ထားပြီး စာမျက်နှာပေါင်း ၅၅ မျက်နှာအထိရှိသည်။

ငါတို့ နိုင်ပြီကဗျာစာအုပ်ကို စင်ကာပူ၊ နယူးဇီလန်၊ ကနေဒါနှင့် အမေရိက တို့တွင် သက်ဆိုင်ရာနိုင်ငံငွေ ဒေါ်လာ ၃၀ ဖြင့် ဖြန့်ချိမည်။ စာအုပ်ပို့ခကို မေတ္တာကွန်ရက်မှ ကျခံပေးပါမည်။ 

ဖြန့်ချိလှူဒါန်းလိုသူများသည် MettaKonyet Facebook သို့ လည်း ကောင်း၊ konyetmetta14@gmail.com သို့လည်းကောင်း ဆက်သွယ်မေးမြန်း နိုင်ပါသည်။ 

စာအုပ်ဖြန့်ချိပေးမည့်သူများသည် အနည်းဆုံး စာအုပ် ၂၀ ဖြန့်ပေးပါက စာအုပ်တန်ဖိုး ၂ ပုံစာကို မိမိတို့ကြိုက်ရာတလရအဖွဲ့သို့ လှူခွင့်ရှိမည့်အပြင် လက်ဆောင် ၁ အုပ်ရပါမည်။ စာအုပ်တန်ဖိုး ၁ ပုံစာနှင့် အလှူမှတ်တမ်းလွှာကိုမေတ္တာကွန်ရက်သို့ ပြန်ပေးရမည်ဖြစ်သည်။

တဦးချင်းမှာယူသူများနှင့် ၁၀ အုပ်ထိ မှာယူများမှာ စာအုပ်ဖိုးကျသင့်သမျှ ပြန်ပေးရန်လိုမည်။ 

ထိုငွေများကို စုကာ အောက်ဖော်ပြပါကဏ္ဍ ၃ ရပ်တွင် မေတ္တာကွန်ရက်မှ လှူဒါန်းပေးမည်။

ရရှိငွေများကို

၁ ) ပြည့်သူ့ကာကွယ်ရေးတပ်များ
၂ ) စီဒီအမ်ဝန်ထမ်းများ
၃ ) စစ်ဘေးရှောင်များနှင့်
 ၄) NUG နှင့် ပတ်သက်ရာများအတွက် လှူပါမည်။  

စာအုပ်ကို အလေအလွင့်နည်းစေရန်အတွက် အမှာရှိသလောက်သာ ကန့်သတ်ရိုက်နှိပ်ပါသည်။ 

ပြည်ပရောက် မြန်မာပြည်သားများမှာ နွေဦးတော်လှန်ရေးအတွက် အကြိမ်ကြိမ်အခါခါ လှူနေကြသည်များကို သိထားသော်လည်း ၂၀၂၃ ကာလသည် တော်လှန်ရေးတဆင့်မြှင့်တိုက်ပွဲဝင်ချိန်ဖြစ်၍ စစ်အာဏာ ရှင်စနစ်အမြစ်ပြတ်ရေး၊ ဖယ်ဒရယ်ဒီမ်ိုကရေစီထူထောင်ရေးအတွက် တိုက်ပွဲဝင်နေသူများကို အားဖြည့်ကူညီနိုင်ရန်အတွက် ဤစာအုပ်ကို ဝယ်ယူအားပေးခြင်းဖြင့် သမိုင်းတင် ထောက်ပို့ပြည်သူကောင်းများအဖြစ်ကိုခံယူလိုက်ပါဟု ကျော်ဟုန်းနှင့် မေတ္တာကွန်ရက်တို့မှ တိုက်တွန်းနှိုးဆော်ထားပါသည်။
-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar