Breaking News

မိုခါကနေ ဘယ်လို ရုန်းထကြမလဲ

မြန်မာနွေဦး ခရိုနီကယ် - မေ ၁၇ မြင်ကွင်း

(မိုးမခ) မေ ၁၈၊ ၂၀၂၃


မိုခါကနေ ဘယ်လို ရုန်းထကြမလဲ 

မိုခါ ဆိုင်ကလုန်းရဲ့ နှိပ်စက်မှု ဒဏ်ရာဒဏ်ချက်တွေက မုန်တိုင်းကျော်လွန်သွားပြီးနောက် ၃ ရက်မြောက်သည်အထိ ရေတွက်ဆဲ အဆင့်မှာလို့ ဆိုရင်မှားမယ် မထင်ပါဘူး။ မိုခါ မုန်တိုင်းဒဏ်ခံရသူ ကာယကံရှင် ဖြစ်ပွားရာ ဒေသမှာနေထိုင်သူအဖို့ကတော့ မိမိရဲ့ ဒဏ်ရာ ဘယ်လောက်ပြင်းထန်သလဲဆိုတာ မိမိကိုယ်တိုင်သိရှိသူမို့ တဦးချင်းအနေနဲ့ဆိုရင်တော့ ဒဏ်ရာအရေအတွက်တွေ သိရှိကြပြီး ဖြစ်ပါလိမ့်မယ်။ ဒီလိုအခြေအနေမှာတောင် တနေရာစီနေကြတဲ့ ဆွေမျိုးသားချင်းတွေအဖို့ ကိုယ့်မိသားစုဝင် ရောက်နေတဲ့နေရာမှာ ဘာဖြစ်လဲဆိုတာ အဆက်အသွယ်မရလို့ မသိရှိသေးတဲ့ အနေအထားမျိုးရှိနိုင် သေးတဲ့အနေအထားလည်း ဖြစ်ပါတယ်။ 

တဦးချင်းအနေနဲ့ ဒဏ်ရာဒဏ်ချက်ကို ခံစားသိရှိပြီး ဖြစ်ပေမယ့် တရွာလုံး၊ တမြို့လုံး၊ တပြည်နယ်လုံး၊ တနိုင်ငံလုံး အနေနဲ့ ဒဏ်ရာဒဏ်ချက် ရေတွက်လို့ မပြီးဆုံးသေးဘူးလို့ ဆိုရမှာပါ။ NGO/ INGO စကားလုံး သုံးရင်တော့ Need Assessment လုပ်လို့မပြီးသေးဘူးလို့ ဆိုရမယ် ထင်ပါတယ်။ ဒဏ်ရာဒဏ်ချက်တွေ ရေတွက်လို့ မပြီးဆုံးသေးခင်မှာ ရေတို လတ်တလော အသက်ရှင်နေထိုင်ဖို့ အရေးတကြီး အကူအညီတွေ လိုအပ်နေတာတွေ ဘယ်လို ရင်ဆိုင်ဖြေရှင်းနေကြပါသလဲ။ ဆိုင်ကလုန်းနာဂစ်ဖြစ်စဥ်ကလိုပဲ မုန်တိုင်း ကျော်လွန်ပြီးနောက် သောက်ရေ အခက်အခဲ၊ အမိုးအကာ ရှိဖို့၊ စားစရာ ဆန်၊ ကျန်းမာရေးအတွက် အရေးပေါ်ပြသဖို့ ဆေးခန်း စတာတွေက ပထမဆုံး ဦးစားပေး ဖြေရှင်းရမယ့် အရာတွေ ဖြစ်ပါတယ်။ 

ခု မိုခါဆိုင်ကလုန်း ဖြစ်ပွားအပြီး မြင်တွေ့ရတဲ့ မြင်ကွင်းတွေက ဆိုင်ကလုန်းနာဂစ် ဝင်ရောက်အပြီး ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းတောင်ပိုင်းက မြို့တွေရွာတွေက မြင်ကွင်းမျိုးတွေ ဖြစ်ပါတယ်။ အကိုင်းတွေ အခက်အလက်တွေ ကျိုးပြတ်နေပြီး ပင်စည်နဲ့ ပင်မအကိုင်းအရိုးတွေကျန်တော့တဲ့ သစ်ပင်တွေ ၊ အလက်အများစု ပြတ်ထွက်ကုန်ပြီး အရိုးနဲ့  တလက် နှစ်လက်လောက်သာ ကျန်ရစ်ခဲ့တဲ့ အုန်းပင်၊ ကွမ်းပင်တွေ၊ ခေါင်မိုးတွေ အားလုံး လန်ထွက် လွင့်ထွက်နေပြီး အကာတချို့ ပြိုလဲနေတဲ့ အိမ်တွေ၊ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ လမ်းပေါ် ကန့်လန့်ဖြတ်လဲနေတဲ့ သစ်ပင်တွေနဲ့ မြို့မြင်ကွင်း၊ သစ်ပင်တွေရှိပေမယ့် အရိပ်မရှိတော့တဲ့ မြို့တွေရွာတွေက လမ်းမတွေ အပျက်အစီးတွေ နဲ့ ပြည့်နှက်နေတဲ့ လူနေရပ်ကွက်တွေ၊ နေအိမ်တွေ၊ ချောင်းငယ် မြစ်လက်တက်တွေထဲ ငါးဖမ်းလှေ၊ ကမ်းရိုးတန်းသွား လှေငယ်တွေ တခုပေါ်တခုထပ်ပြီး ချောင်းထဲ ရေစပ်စပ်သာရှိတဲ့ မြင်ကွင်းတွေက အများစု ဖြစ်ပါတယ်။ နာဂစ်ဖြစ်ပြီးနောက် ရက်အတန်ကြာ သို့မဟုတ် သီတင်းပတ်နဲ့ချီ မှ နာဂစ်ရဲ့ မြင်ကွင်းတွေက သတင်းမီဒီယာပေါ် ရောက်လာနိုင်ခဲ့ပေမယ့် အခု ၂၀၂၃ ခု မိုခါဆိုင်ကလုန်း ပြီးနောက်မှာတော့ လူတိုင်းရဲ့ လက်ထဲမှာ မိုဘိုင်းဖုန်းတွေ ရှိလာပြီး အချို့သောနေရာတွေမှာ မိုဘိုင်းနဲ့ အင်တာနက် ဆက်သွယ်ရေး ရနေသေးတာကြောင့် အင်တာနက်ပေါ်ကို တရက် နှစ်ရက်အတွင်း အများအပြား တက်လာနေကြတာကို တွေ့ရပါတယ်။ 

ဖြစ်ဖြစ်ချင်းနေ့နဲ့ နောက်တရက်မှာ သတင်းစာမျက်နှာပေါ် ရောက်မလာတဲ့ စစ်တွေမြို့အနီးက ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာ ဒုက္ခသည် စုစုပေါင်း ၄၀၀ ကျော်ထက် မနည်းသေဆုံးသွားတယ် ဆိုတဲ့ သတင်းက ၂ ရက်ကြာမှ သတင်းစာမျက်နှာပေါ် ရောက်လာတာ ဖြစ်ပါတယ်။ လွတ်လပ်စွာ သွားလာခွင့်မရှိတဲ့ ဒုက္ခသည်စခန်းတွေမှာ နေထိုင်ကြရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ ပြင်းထန်တဲ့ လေကြောင့် ပင်လယ်ဒီရေ လျင်မြန်စွာတက်လာချိန်၊ လေပြင်းထန်စွာတိုက်ခတ်နေချိန်မှာ ရေနဲ့အတူ မျောပါတာတွေနဲ့ သေဆုံးသူ ရာချီရှိခဲ့တဲ့ သတင်းက ၂ ရက်ကျော်လောက်မှ အတည်ပြုနိုင်ကြတဲ့ အနေအထားလည်းဖြစ်ပါတယ်။ မိုခါမုန်တိုင်းဒဏ် ကြောင့် အသက်ဆုံးရှုံးမှုအရေအတွက် အများစုက အဆိုပါ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ဖြစ်မယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ 

မိုခါ မုန်တိုင်းပြီးနောက် သတင်းဌာနတွေက အဖြစ်အပျက် သတင်းတွေကို တင်လိုက်တိုင်း ပို့စ်တွေရဲ့ အောက်မှာ ကွန်းမင့်တွေနဲ့ ဘယ်ရွာအကြောင်း အပျက်အစီးနဲ့ သေဆုံးမှုရှိ မရှိ သတင်းဖေါ်ပြပေးပါ၊  အဆက်အသွယ် မရသေးလို့ စိတ်ပူပန်နေတဲ့အကြောင်း တနယ်တကျေးရောက်နေသူ မိသားစုဝင်တွေက အားကိုးတကြီး သတင်းဌာနတွေကို မေတ္တာရပ်ခံတောင်းဆိုတဲ့ ကွန်းမင့်တွေ တွေ့နေရတာ ဖြစ်ပါတယ်။ 

နာဂစ်တုန်းက အခုလို ဆက်သွယ်ရေး နည်းပညာ မပေါ်ထွန်းသေးတာကြောင့် အဆက်အသွယ်ရဖို့ ကိုယ့် မြို့အကြောင်း ကိုယ့်ရွာအကြောင်း သိဖို့ ရက်နဲ့ သီတင်းပတ်နဲ့ချီ ကြာမြင့်မှာဖြစ်ပေမယ့် အခု ကာလမှာ အဲဒီလိုအခြေအနေတွေကို ဆက်သွယ်ရေး နည်းပညာက အတိုင်းအတာတခုထိ ဖြေရှင်းပေးနိုင်တဲ့ အနေအထားလည်း ဖြစ်ပါတယ်။ 

သို့ပေမယ့် လက်ရှိအနေအထားမှာတောင် ဖုန်း၊ အင်တာနက် ပြတ်နေတဲ့ မြို့နယ်တွေ၊ တိုက်နယ်တွေ ကျေးရွာတွေ အများအပြားရှိနေကြပြီး စစ်တွေလိုမြို့က သတင်းသမားတွေအဖို့ အင်တာနက်ရတဲ့ တည်းခိုခန်း ဟိုတယ်လို နေရာမျိုးမှာ သွားရောက်သုံးစွဲနေကြရသလို နယ်မြို့တွေက သတင်းသမားတွေအဖို့ နယ်မြို့တွေက သတင်းပေးပို့ဖို့ရာ အင်တာနက်ရတဲ့နေရာကို ၁နာရီ ၂ နာရီခရီး ဆိုင်ကယ်နဲ့ သွားရောက်ကာ သုံးစွဲကြရတယ်လို့ ဆိုကြပါတယ်။ 

မိုခါ ဆိုင်ကလုန်း ဖြစ်ပြီးနောက် ပထမဆုံးအနေနဲ့က ဘယ်လောက်အပျက်အစီး ရှိသလဲ၊ ဘယ်ဒေသတွေမှာ အသက်ဆက်ဖို့ အရေးပေါ် အကူအညီတွေ လိုနေသလဲ လူဘယ်လောက် အကူအညီလိုသလဲ  ရခိုင်ပြည်နယ် အပြင် ချင်းပြည်နယ် ဒေသအချို့ မကွေးတိုင်း နဲ့ စစ်ကိုင်းတိုင်းထဲက ဒေသအချို့မှာပါ အကူအညီဘယ်လောက် လိုအပ်နေသလဲဆိုတာ စာရင်းပြုစု လိုအပ်ချက် စာရင်းယူနေကြဆဲလို့ ဆိုရမယ် ထင်ပါတယ်။ စစ်ကောင်စီရဲ့ ဝါဒဖြန့်မှုတွေမှာတော့ ဆန်အိတ်တွေ၊ စားစရာတွေ ပေးအပ်နေတဲ့ သတင်းဓါတ်ပုံတွေ၊ သစ်ပင်တွေ ခုတ်ဖြတ် ရှင်းလင်းနေတဲ့ ဓါတ်ပုံတွေ မြင်တွေ့ရပါလိမ့်မယ်။ သို့သော် ဒါတွေက အဖြစ်အပျက်ကြီးရဲ့ သေးငယ်တဲ့ အစိတ်အပိုင်းတခုလို့ ဆိုနိုင်ပါလိမ့်မယ်။ ခုချိန်ထိ ဘာအကူအညီမှ မရသေးဘူးလို့ လူ ၃ ဦးသေဆုံးတယ်လို့ ကနဦး သိရှိထားပြီး အဆောက်အဦ ၉၀ ရာနှုန်းပျက်စီးသွားတဲ့ ရသေ့တောင်မြို့ က မြို့ခံက သတင်းမီဒီယာကို ပြောဆိုထားပါတယ်။ 

ကျောက်တော်၊ မြောက်ဦးတို့လိုမြို့တွေမှာ လန်ထွက်နေတဲ့ သွပ်ပြားတွေပြန်ရိုက်ဖို့ သွပ်ရိုက်သံ တပိသာကို ပုံမှန်အချိန်မှာ ၄/၅ ထောင်ရှိရာကနေ ခုအခါ ၂ သောင်း ကနေ ၇ သောင်းကျပ် အထိမြင့်တက်နေတယ်ဆိုတဲ့ သတင်းတွေ ဖတ်ရှုနေရသလို သွပ်ပြား တချပ်ကိုလည်း ပုံမှန် ၁ သောင်းကျော်ဝန်းကျင်ကနေ အခုအခါ အနည်းဆုံး ကျပ် ၂ သောင်း ဒါမှမဟုတ် ဒိထက်ပိုတဲ့ စျေးနဲ့ ဝယ်ယူနေကြရတယ်ဆိုတဲ့ သတင်းတွေ ဖတ်ရှုနေရတာ ဖြစ်ပါတယ်။ 

မုန်တိုင်းဒဏ်ခံ လူထုတွေရဲ့ အရေးပေါ် လိုအပ်ချက်တွေက ဘာတွေလဲ၊ လူဦးရေ ဘယ်လောက်အတွက် လိုအပ်တာလဲ၊ ဘယ်ဒေသတွေက ပိုပြီးအခြေအနေ ဆိုးရွားသလဲ၊ ဘယ်အဖွဲ့အစည်းတွေက ကူညီနေကြသလဲ၊ ဘယ်ဒေသတွေက ရရှိပြီးကြပြီလဲ စတဲ့ သဘာဝဘေးအန္တရာယ် အရေးပေါ် ဆောင်ရွက်မှု စီမံခန့်ခွဲမှုတွေ အဆင်ချောစွာ ဆောင်ရွက်နိုင်ကြမလား၊ နိုင်ငံရေး ၊ စစ်ရေး အားပြိုင်မှု၊ မတူကွဲလွဲမှုတွေက သဘာဝ ဘေးအန္တရာယ် ကယ်ဆယ်ရေးကို ဘယ်လောက်အရိပ်ထိုးနိုင်သလဲ၊ သဘာဝဘေး အန္တရာယ်ကျရောက်ချိန်မှာ မတူကွဲလွဲမှုကို ခဏဘေးချထားပြီး ကူညီကယ်ဆယ်ရေးကို ပထမဆုံး ဦးစားပေးကာ ပူးပေါင်းဆောင်ရွက်နိုင်ကြမလား စတဲ့ မေးခွန်းတွေက အမေးသာရှိပြီး လောလောဆယ်မှာ အဖြေကမရှိသေးဘူးလို့ ဆိုရပါလိမ့်မယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar