Breaking News

◾ စံ ညိမ်း ဦး - မအိုဟောင်းသောဆရာ မမှေးမှိန်သောဆရာ (သို့မဟုတ်) မောင်သစ်လွင် (လူထု)

Imge - Credit
မအိုဟောင်းသောဆရာ
မမှေးမှိန်သောဆရာ
(သို့မဟုတ်)
မောင်သစ်လွင် (လူထု)
စံ ညိမ်း ဦး
(မိုးမခ) မေ ၂၇၊ ၂၀၂၃

၁။

ရုပ်ဝတ္ထုပစ္စည်းတွေရဲ့သင်္ခါရမှာ အိုဟောင်းခြင်း၊ မှေး မှိန်ခြင်းသဘောဟာရှိမယ်။ စိတ်အခြေအနေဘက်မှာလည်း နှစ်ပရိစ္ဆေဒနဲ့အတူ အတွေးတွေ၊အယူတွေ၊ ဆင်ခြင်မှုတွေ၊ မြင်မှုတွေဟာ အိုဟောင်းခြင်း၊ မှေးမှိန်ခြင်းရှိတတ်လေမလားလို့ တွေးမိပါတယ်။
ဒါပေသိ လူ့အဖွဲ့အစည်းတရပ်အတွင်းက လူချွန်လူမွန်တွေဟာဖြင့် သမိုင်းသိမှု၊ အမှန်တရားချစ်မှု၊ ပြည် သူလူထုဘက်ရပ်မှု၊ အနုပညာ တပ်မက်မှု၊လေးနက်မှုနဲ့စေတနာအရာတွေရှိနေတတ်ကြတယ်လို့ မှတ် သားဖူးပါတယ်။ အဲဒီနေရာမှာကျ ကာလ၊ အရွယ်၊ အချိန်နဲ့မဆိုင်ဘဲ မအိုဟောင်းခြင်း၊ မမှိန်ခြင်းဟာ တနည်းအားဖြင့် နုပျိုခြင်း၊ သစ်ခြင်း၊ လွင်ခြင်းသဘောလို့ ယူဆမိတယ်။ လူထက် အတွေးအခေါ်၊ နှလုံးသားကျက်သရေ လို့ထင်မိတယ်။
အဲဒီလိုတန်ဖိုးတွေကို ကျနော့်ဘဝမှာ ဆရာမောင်သစ်လွင် ( လူထု) ရယ်လို့ အများကလေးနက်ကြရတဲ့ ဆရာသစ် ဆိုတဲ့ သတင်းစာသမား၊စာရေး ဆရာကြီးတယောက်ဆီမှာ သတိထားခဲ့ဖူးပါတယ်။
ကျနော့်ဘဝတာမှာ လူပုဂ္ဂိုလ်များစွာကို ဆုံစည်းခဲ့ဖူးရာမှာ တချို့ကို တဖျတ်၊ တဖြတ်၊ တချို့ကို ကာလအတန် ကြာ၊ တချို့နဲ့က ခရီးသွားဟန်လွဲ၊တချို့ ရင်ဘတ်မိတ်ဆွေ၊ တချို့ကျ ဂါရဝထားရသူ၊ တချို့ကျ ဆရာအနေနဲ့ လေးစားရသူ၊ စသဖြင့် အမှတ်ထားမိတယ်။
ဆရာသစ်ကတော့ ဂါရဝထားရသလို၊ ဆရာအနေနဲ့ပါလေးစားရသူဖြစ်ပါတယ်။ လူငယ်တွေဘက်အမြဲရှိပြီး အမြဲသစ်လွင်တယ်။ ဓမ္မနဲ့အမှန်တရားနဲ့ယုံ ကြည်ချက်နဲ့ပတ်သက်ရင်လည်း မမှေးမှိန်ပဲ အမြဲသစ်လွင်တယ်။အနုပညာနဲ့ပတ်သက်ရင်လည်း ခေတ်မီမီ ကမ္ဘာကြည့်ကြည့်မြင်ဝါဒ လက်ကိုင်ထားသူလည်းဖြစ်တယ်လို့ ဆိုချင်မိတယ်။

၂။

၁၉၉၉ မှာ ကျနော်က ရန်ကုန်ကို ရောက်နေခဲ့တယ်။ ဝဇ်ကစ်မီဒီယာ၊ ကိုအောင်ကျော်ဆန်းက မြန်မာမန်နေဂျာ ဂျာနယ် ထုတ်တယ်။ ယခင်က သတင်းစာဆိုဒ်ကြီးပုံစံကနေ အများသူငှာလိုပုံမှန်ဂျာနယ်ဆိုဒ်ကို ပြောင်းထုတ်ချိန်ဖြစ်တယ်။
ယခင် သတင်းစာဆိုဒ်ကြီးတုန်းကတော့ မန္တလေးစာပေအင်အားစုတွေဝိုင်းဝန်းခဲ့ကြတယ်လို့ တွေးမိတယ်။ ဆရာမောင်သစ်လွင်(လူထု)၊ ဆရာဆူးငှက်၊ ဆရာညိုထွန်းလူတို့၊ ဆရာမ မဝင့် (မြစ်ငယ်)၊ အစ်ကိုစိုးဝင်းငြိမ်း တို့ စသဖြင့် ပြန်စဥ်းစားမိတယ်။
ဂျာနယ်မှာ မိတ်ဆွေ ကဗျာဆရာနဲ့ကျနော်တို့ အယ်ဒီ တာအဖွဲ့ထဲဝင်ပြီး လုပ်ဖြစ်တယ်။ မိတ်ဆွေ ကဗျာ ဆရာကစာမူ ရုံးတင်တာဘာညာလုပ်တယ်။ ယခင်က ဦးမြတ်ခိုင်ရဲ့အချစ် ဂျာနယ်မှာလုပ်ခဲ့တဲ့အတွေ့အကြုံက မိတ်ဆွေကဗျာဆရာကို ဒီလောကထဲ အရည်လည်စေခဲ့ပြီဖြစ်တယ်။
ညနေဘက် ကျ သူက လှိုင်သာယာကိုပြန်တယ်။ ကျနော်က မြို့လယ်ခေါင်မှာ တကောင်တည်း ငေါင်း စင်းစင်းပေါ့။ ဖိုးတူး( 42) (လမ်း)ဘက်၊ ဘိုကလေးစျေးဘက် အရက်သွားသောက်ပြီး အိပ်ပေါ့လေ။
ကျနော့်အလုပ်က ကျ စာမူတွေ တောင်းပေါ့၊ စီထားတဲ့စာတွေပရုဖတ်ပေါ့၊အယ်/ချုပ် ကိုအောင်ကျော်ဆန်းနဲ့တိုင်ပင်ပြီး တချို့တည်းဖြတ်ပေါ့။ဆရာကြီးတွေဆီကတောင်းတဲ့တောင်းစာမူတွေကိုတော့ မတန်မရာ မထိရဲဘူးပေါ့။ ပြီးရင် ဖလင်တွေ၊ ပုံနှိပ် စက်တွေနဲ့ နပမ်းလုံးပေါ့။
ဒီလိုနဲ့ ကျနော်ဟာ ​တိုက်ကိုမကြာခဏလာတတ်တဲ့ မြန်မာ့အလင်းဦးသန်းညွန့်၊ နောက် ဆရာကျော်အောင်ရဲ့သား ကိုညိုမင်း( ရန်ကုန်တက္ကသိုလ်)၊ ကျွန်းပြန် ဦးလှချိုသား ကိုဝဏ္ဏ၊ တခါတလေ ကဗျာဆရာ ကိုထွန်းဝေမြင့်၊ တဖက်ကလည်း  GEM မဂ္ဂဇင်းလည်းလုပ်တော့ ဆရာညွန့်ဝေမိုး၊ တခါတလေ ကိုမင်းထက်မောင်တို့ကို တွေ့ရတယ်။ နာမည်တွေ၊ လူတွေများပြီး အကုန်မမှတ် မိတော့ပါဘူး။ စိန်ပန်းပွင့်ချိန် ပညာရေးဝန် ဆောင်မှုဆိုတာအပြင်၊ ဝဇ်ကစ်အနေနဲ့သာအုပ်ဖြန့်ချိရေးပါလုပ်တော့ ကိုထွန်းဝေမြင့်ရဲ့''တီကောင်နဲ့စကြဝဠာ'' ဘုတ်အုပ်တွေကို ပြန်သတိရမိတယ်။
ကျနော်ပုံမှန် စာမူသွားယူတာ၊ စာစောင်သွားပေးရတာက ဆရာလူထုဦးစိန်ဝင်းဆီဖြစ်တယ်။ လေဖြတ်ထားသလို၊ နှာခေါင်းပိုက်နဲ့ ဘာနဲ့ပေမယ့် ဆရာ့အလုပ်ထက်သန်မှုက အံ့စရာဖြစ်တယ်။ ကျနော့်အဖို့ နာရီ ဝက်၊ တနာရီလောက်တော့ ဆရာနဲ့ စကားပြောခွင့်ရတယ်။ ဆရာပြောတာနား ထောင်တာပါ။
ကျနော့်ကို ကဗျာသမားက သတင်းအလုပ်ထဲရောက်နေတော့ ဆရာက တဖက်က သဘောကျပေမယ့်၊ တဖက်က စိတ်မကောင်းသလိုပြောတတ်တယ်။ ကျနော်က ဆရာနဲ့တွေ့ရင်ပျော်တယ်။ မန္တလေး လူထုဂျာနယ်/သတင်းစာတခေတ် ရှေးက စာလောကအကြောင်း၊ လူတွေအကြောင်းတွေ နားထောင်ရတတ်လို့ ဖြစ်တယ်။ 
''အဲဒီကာလတွေတုန်းက ကိုသစ်လွင်တို့၊ ကိုတင်မိုးတို့လို လူငယ်လူတော်တွေ လူထုတိုက်မှာ ရှိခဲ့တာကိုက တန်ဖိုးတခု၊ အားတခုပဲဗျ'' တဲ့ ဆရာလူထုစိန်ဝင်းက ပြောပြဖူးတယ်။ ဒါဟာ ကျနော် လူချင်း မရင်းနှီးတဲ့ မောင်သစ်လွင်(လူထု)နဲ့ပတ်သက်ပြီး ပိုပြီး၊ အလေးအနက် စပြီးကြားဖူးခဲ့တာဖြစ်တယ်။
တဖြည်းဖြည်းကျမှ ဆရာသစ်လွင်ဟာ ဆရာကြီးသခင်ကိုယ် တော်မှိုင်းကို ဦးထိပ် ပန်ဆင်သလိုငြိမ်း ချမ်းရေး၊ ချစ်ကြည်ရေးကိုလည်း တသက်တာလုံး ပွေ့ခဲ့သူအဖြစ် နားလည်ရတယ်။
ဆရာ့ကို သတင်းသမား၊ နိုင်ငံရေးဘက်အလေးကဲသူအဖြစ်သာ ကျနော်က နားလည်ခဲ့ဖူးတယ်။ တကယ်တော့ ကျနော့်လေ့လာမှုအားနည်းချက်ဖြစ်တယ်။ လူက ငယ်သေးတာလည်း ပါမယ်ထင်ပါတယ်။
ကျနော်က အဲ့ဒီ  ဆရာမောင်သစ်လွင်( လူထု)ဆိုတာကို ကိုယ့်နဲ့သိပ်မဆိုင်ဘဲ သတင်းနယ်ပယ်ကဆရာလို့ပဲသဘောထားပြီး ရင်းနှီးဖို့မကြိုးစာမိခဲ့တာလည်းဖြစ်တယ်။ ကဗျာနယ်နဲ့ သတင်းနယ်က နယ်ပယ်ခြားသလိုရှိခဲ့ပြီး၊ ကိုယ်နဲ့လည်းသိပ်မဆိုင်လှတယ်ထင်တာမို့ လိုတာထက်ပိုပြီး သိအောင်မနေမိခဲ့တာလည်း ဖြစ်မယ်ထင်မိပါတယ်။ လွဲခဲ့တယ်။
တကယ်တမ်းကျ ဆရာဟာ အခြားစာသမားတွေလိုပဲ ရသ ကဗျာ၊ ဝတ္ထုနဲ့စတာလို့နားလည်ရတယ်။ တဖက်မှာလည်း ကဗျာအနုပညာကို တပ်မက်ခုံမင်သူပီပီ ကဗျာဆရာတွေကိုလေးစားတာ၊ တန်ဖိုးထားတာ၊ ချစ်တာမှာလည်း အတိုင်းထက် အလွန် လို့တောင်ပြောစရာပါ။

၃။

တကယ်တော့ ၁၉၉၀ အလွန်ကာလများဟာ ကျနော့်ကဗျာလက်သင်ဘဝနေ့တွေလို့ပြောရမှာပါ။ အဓိကအားဖြင့် မောင်လေးအောင်၊ ဖော်ဝေး၊အောင်ချိမ့်၊ မောင်ချောနွယ်၊ သုခမိန်လှိုင်တွေ၊ တင်မိုး၊ ကြည်အောင်၊ မောင်စွမ်းရည်၊ ကိုလေး(အင်းဝဂုဏ်ရည်)၊ ကိုငြိမ်း၊ မောင်သင်းပန်၊ နီမောင်၊ ပိုင်စိုးဝေ၊ ပိုင်သ၊ နေမျိုး၊ သွယ်အောင်၊ အောင်ဂျမ်း၊ အောင်ဘညို၊ စတဲ့ မန္တလေးထွက်ကဗျာတွေ ဖတ်၊ နောက်ဘာသာပြန်တွေပေါ့။ အငမ်း မရ ။
တချို့ကို မှတ်စုထဲကူးရတယ်။ လေ့ကျင့်ခန်းကာလတွေပေါ့။ အင်းဝကဖေး၊ မျက်သွယ်ကဖေး၊ နန်းရှေ့ကဖေး၊ နောက် ရွက်နုကဖေး၊ အဲ့ဒီလို စာပေနဲ့ဖျော်တဲ့ လက်ဖက်ရည်ဆိုင်တွေကိုလည်း မယောင်မလည်ပေါ့။
၁၉၉၁ ထဲထင်တာပါပဲ၊ ရွှေဝတ်ရည်မဂ္ဂဇင်းထွက်လာတော့ သိပ်သဘောကျတယ်။ ကိုယ်က ကဗျာလက် သင်၊ စိတ်တိုင်းမကျသေး၊ တူတူတန်တန်မရေးနိုင်သေးဘဲ ကြိုးစားဆဲပေါ့။ မပို့ရဲခဲ့ပါဘူး။
ကျက်သရေရှိတဲ့ ပန်းချီကျော်ပေါ်ဦးသက်လက်ရာတွေကိုလည်း အဖုံးတင်တတ်တဲ့မဂ္ဂဇင်းလည်း ဖြစ်တယ်။ ဆရာမဒေါ်နုနုယဥ်(မေသျှိသျှား)( အုပ်ချုပ်ရေးမှူး ထီလာနုနုယဥ်)။ တာဝန်ခံအယ်ဒီတာ မောင်သစ်လွင် (လူထု)တဲ့၊ ကဗျာအယ်ဒီတာ၊ ကဗျာတာဝန်ခံက ကိုငြိမ်း (မန္တ လေး)တို့ဖြစ်တယ်။
ပြီးတော့၊ ဆရာကံချွန်၊ ဆရာဝင်းစည်သူ၊ ဆရာဆူးငှက်(ရှားပန်း)၊ ဒီဇိုင်း ကိုစိုးဝင်းငြိမ်း၊မောင်မောင်ချိုဦး (ဇေသော်)၊ ဓာတ်ပုံ မောင်မောင်ကြီး (ရွှေကမ္ဘာ)၊ မောင်ကိုကို(အမရပူရ) စသဖြင့်ပေါ့လေ။ ကလောင်အမည်၊ ရှားပန်းကို ဆရာဆူးငှက်မှန်းလည်း ထိုစဥ်က မသိခဲ့ပါဘူး။
မဂ္ဂဇင်းမှတ်တမ်းထဲက အယ်ဒီတာ မောင်ဆင်ခြင် ဆိုတဲ့နာမည်ကိုတော့ စိတ်ထဲမအီမလည်ဖြစ်ရပေမယ့် ထိုကာလကလည်း ဒီလို စာစောင်တစောင်၊ မဂ္ဂဇင်းတအုပ်ထုတ်ခွင့်ဆိုတာက လွယ်တာမဟုတ်တော့ ထုတ်ဝေခွင့်လိုင်စင်ရှိသူကို ပတ်သက်ကြရတာသဘာဝလိုမို့ နားလည်ပေးကြရတာပါပဲ။ စာပေနဲ့စာနယ်ဇင်းပေါ့လေ။ ကိုယ်လုပ်ချင်တာလေးတွေ လုပ်ခွင့်ရဖို့ပဲမဟုတ်လား။
ဘာပဲဖြစ်ဖြစ်ရွှေဝတ်ရည်ဟာ ကျနော်ငေးကြည့်ခဲ့ရတဲ့မန္တလေးရဲ့ အနုပညာပစ္စည်းတခုပေါ့။ ဇော်(ပျဥ်းမနား)၊ အနှစ်(နဘူးအိုင်)၊ ကိုသော်(ရေဦး)၊ ကိုသွယ်အောင်၊ နေမျိုး၊ ပိုင်စိုးဝေ၊ စောဒေဝေါတို့ ကဗျာလေးတွေကူးပြီး သိမ်းဖြစ်တာကို သတိရတယ်။ ကိုနေဇော်နိုင်တို့၊ မောင်စိမ်းသစ်တို့ ကဗျာလေးတွေရောပါပဲ။ အများကြီးပေမယ့် ခေါင်းထဲ ရုတ် တရက်မှတ်မိတာတချို့ကိုပြောတာပါ။( စောဒေဝေါရဲ့ ''ဒုတိယသီးနှံ'' ကဗျာကို အမှတ်ထင်ထင်ဖြစ်ခဲ့တယ်။)
၉၇ ခုထဲ၊ ပန်းချီ မုတ်သုံအဖုံးပန်းချီနဲ့ (အတွဲ - ၁၊ အ မှတ် - ၁ အောက်တို ဘာလ) ရွှေဝတ်ရည်ကိုလည်း မှတ် မှတ်ရရ အောက်မေ့မိတာရှိတယ်။ မိန်းကလေးငယ်ပုံလေးပေါ့။ ပန်းချီကားက သုခမိန်လှိုင်ပိုင်တာတဲ့၊ အဲ့လိုဖော်ပြတယ်။ ''စမ်းရေအေး'' လို့ အမည်ပေးတဲ့ပန်းချီကားကို အဖုံးလုပ်ထားတဲ့လပေါ့။
အတွင်းမှာ မိတ်ဆွေ အစ်ကိုကဗျာဆရာတယောက်ရဲ့ ''သမီးလေးကိုလွမ်းတဲ့အခါ'' ဆိုတဲ့ကဗျာလေးပါတယ်။ မျက်နှာဖုံးက သမီးငယ်မိန်းကလေးပန်းချီပုံနဲ့ မရည်ရွယ်ဘဲ ကဗျာလေးကလည်း မိနေတာကို သတိပြုမိခဲ့တယ်။ ကဗျာကလေးက ရိုးရိုးလေးရေးထားပြီး လှနေတယ်။ ကျနော်နဲ့ ကဗျာဆရာညိုမင်းထက်က သိပ်ကြိုက်ခဲ့ကြတာပေါ့။ 

''မန္တလေးကိုလွမ်းတဲ့အခါ
ကျနော်ဟာ
ငွေတောင်ဆေးလိပ်ကို သောက်တယ်။
အဖေ နဲ့ အမေကို လွမ်းတဲ့အခါ
ကျနော်ဟာ
ရွေတိဂုံကုန်းတော်ပေါ်ကနေ
မြောက်အရပ်ကို ငေးတယ်။ 
ချစ်ဇနီးကိုလွမ်းတဲ့အခါ
ကျနော်ဟာ
အခန်းတံခါးပိတ်ပြီး
တိတ်တိတ်လေးပဲနေမိတယ်။ 
သမီးလေးကို လွမ်းတဲ့အခါ
ကျနော့်နှလုံးသားဟာ မြင်းတကောင် 
ဖြစ်ခဲ့ပြီ
အဲဒီမြင်းဟာ 
ဇက်ကြိုးတပ်မရပဲ
မုတ်သုန်နဲ့အတူ စိုင်းတော့တယ်။ ''

သူငယ်ချင်း ကဗျာဆရာ ကိုညိုမင်းထက်ကလည်း အဲဒီ ''သမီးလေးကိုလွမ်းတဲ့အခါ ''ဆိုတာကို ခေါင်းစဥ်မရိုးရင်းစွဲယူပြီး ''....ကိုလွမ်းတဲ့အခါ'' လို တပုဒ်ရေးတယ်။ (မန္တလေး ( MIT )က မိုးထက်နေ၊ ပိုင်ဦးငယ်၊ မှုန်းပြာမိုး၊ လူသစ်၊ အောင်သူ၊ ကျော်ဘိုဘိုစံတို့က ''ဖွင့်ဆိုမထားတဲ့လရောင်'' ဆိုတဲ့ကဗျာစာအုပ်လေးလုပ်တော့ ညိုမင်းထက်(ကွယ်လွန်) က အဲ့ကဗျာလေးပေးတာ မှတ်မိတယ်။)
ဆိုလိုချင်တာက ရွှေဝတ်ရည်ဟာ ကျက်သရေရှိလှတဲ့၊ အနုပညာတန်ဖိုးလည်းကြီးတဲ့မဂ္ဂဇင်းတစောင်ဖြစ်ခဲ့ပြီး ဆရာမောင်သစ်လွင်ကိုလည်း အယ်ဒီတာကောင်းတယောက်အဖြစ် အများကနားလည်ခဲ့တာကို ကျနော် အမှတ်ထားမိခဲ့ပါတယ်။
အယ်ဒီတာအတွေ့အကြုံက ဆရာ့အတွက်ဆန်းတယ်တော့ဟုတ်မယ်မထင်ပါ။ ဆရာက လူထုသတင်းစာ အယ်ဒီတာ​ဘဝကိုဖြတ်ခဲ့သူလည်းဖြစ်တယ်။ ၆၇ မှာသတင်းစာရပ်တယ်။ အပိတ်ခံရတယ်။ ဒါပေသိ၊ လူထုစာအုပ်တိုက်မှာ စာမူတည်းဖြတ်တဲ့ အယ်ဒီတာအလုပ်ကို ၇၀ ခုနှစ်အလွန်ထိလုပ်ခဲ့တယ်လို့ မှတ်သားရတယ်။
ဆရာက သူလုပ်ခဲ့တဲ့ လူထုသတင်းစာ၊ ဂျာနယ်နဲ့ပတ်သက်ပြီး ပေါ်လစီကို ၁၅၊၇ ၊၂၀၂၁ နေ့က အွန်လိုင်းစာမျက်နှာမှာဖော်ပြဖူးတာကိုအမှတ်ရမိတယ်။
ဆရာက ဗလာစာရွက်မှာ လက်ရေးနဲ့....''လူထုဂျာနယ်အစ ၁၅၊ ၇၊ ၁၉၄၅ ၊ လူထုသတင်းစာအစ ၁၉၊ ၄ ၊ ၁၉၄၆ ၊ '' ဤသတင်းစာသည် ဒီမိုကရေစီအရေး၊ တရားမျှတရေး၊ ငြိမ်းချမ်းရေး၊ အကြမ်းမဖက်ရေးကို ချစ်မြတ်နိုးကြသော ဗမာ့ပြည်သူ၊ ကမ္ဘာ့ပြည်သူများ၏ဘက်မှ ထာဝစဥ်၊ မားမား ရပ်ပါအံ့နည်း။ ''( လူထုဦးလှ၊ လူထုသတင်းစာ၊ ၁၀-၅- ၁၉၆၀) '' တင်တယ်။
စာအောက်မှာ ဆရာကြီး လူထုဦးလှပုံကိုလည်းကပ် ထားတယ်။ ဒါဟာ လူထု( ဂျာနယ်/ သတင်းစာ) ရဲ့ မူ၊ ပေါ်လစီ၊ သဘောထားကိုခြုံငုံမိစေတဲ့ ဖော်ပြမှုဖြစ်တယ်။
တကယ်တော့ လူထုသတင်းစာရဲ့သဘောထားဟာ အယ်ဒီတာအဖြစ်ဆောင်ရွက်ခဲ့တဲ့ဆရာသစ်တို့ရဲ့သဘောထားလည်းဖြစ်တာကို အထူးပြောစရာလိုမယ်မထင်ပါဘူး။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့အလံကို လက်ဆင့်ကမ်း သားမြေးများလည်းဖြစ်ရာ တဖက်မှာလည်း လူထုတိုက် သတင်းနဲ့စာပေမျိုးဆက်တယောက်မို့ ဆရာသစ်ရဲ့ဂုဏ်ဟာ ကြီးပါတယ်။
ပြီးတော့ရွှေဝတ်ရည်လိုစာပေအနုပညာမဂ္ဂဇင်းကြီးကို သတင်းသမားအဖြစ်သာ လူသိများသူက အရသာရှိအောင်လုပ်ပြခဲ့တော့ ရသထောင့်ဘက်ကလည်း လေးစားစရာဖြစ်ပါတယ်။
ဆိုရရင် ဆရာသစ်ရဲ့ ပညာထက်မြက်မှုနဲ့လုပ်နိုင်စွမ်းပကားဟာ လူထုသတင်းစာ၊ဂျာနယ်ကာလများ သူ့ခေတ်ပြိုင်များရဲ့ မှတ်ချက်အရမှာပဲ လေးစားစရာတွေများတာမို့ ရွှေဝတ်ရည်လို အနုပညာမဂ္ဂဇင်းတစောင်ကို မောင်းနှင်နိုင်တာဟာ သိပ်တော့မဆန်းဘူးလို့ ထင်မိတယ်။
စာရေးသူ စံညိမ်းဦး နှင့် ဆရာ မောင်သစ်လွင်(လူထု) photo- credit
၄။

မန္တလေးအခေါ် ဒေါ်သီ သနပ်ခါးကွေ့ပေါ့၊ စစ်ကိုင်း မန္တလေးလမ်း၊ ပတ္တမြားကွက်သစ်ဘက်ရောက်ရင် ''ထီးကလေးနီနီ ကွမ်းစားထုံး'' အိမ်လို့မေးရင် မသိသူရှားတယ်။ ဆရာသစ်တို့အိမ်ပေါ့။ ဆရာတင်မိုးကို ချစ်လို့၊လေးစားလို့ ထီးကလေးနီနီလားလို့လည်း တွေးမိတယ်။
၂၀၀၈ နာဂစ်မုန်တိုင်းကြီးဖြစ်တော့ ဗမာပြည်အောက်ပိုင်းတကြော ငရဲကျသလိုဖြစ်ခဲ့တယ်။ အထက်ဗမာပြည်စာပေနဲ့အနုပညာရှင်တွေအနေနဲ့ ရံပုံငွေရှာသလို ကူညီမှုတွေလုပ်ခဲ့တယ်။
နာယကအဖြစ် ကိုပညာ(အမရပူရ)၊ ဒဂုန်တာရာ၊ မောင်သစ်လွင်(လူထု) စသဖြင့် အမှူးထားပြီး ကျနော်တို့ လုပ်ဖြစ်တယ်။ ဆရာသစ်လွင်က ဆရာဒဂုန်တာရာတို့နည်းတူ နာယကအဖြစ်အမည်ထည့်တာကို ဝမ်းသာအားရ ထည့်ခွင့်ပြုတဲ့အပြင် လှူမှုများစွာလုပ်တယ်။
ကျနော်တို့ဟာ ရေလမ်းခရီးနဲ့ မုန်တိုင်းဒဏ်သင့်ဒေသတွေကိုသွားနိုင်ခဲ့တယ်။ ရန်ကုန်က ဆရာဖေမြင့်၊ သရဖူ ကိုရဲ၊ ဓူဝံ ကိုဝင်းချို၊ စသဖြင့် ပေါင်းစည်းပြီး လုပ်ခဲ့ကြတာတွေလည်းရှိတယ်။ ဆရာမောင်သစ်လွင်က ကျနော်တို့အဆင်ပြေမပြေ ပူပမ်နေတတ်ပြီး စိုးရိမ်ပေးခဲ့တယ်ပေါ့။ မလွမ်းကောင်းပေမယ့် လွမ်းစရာတွေပါ။
ဒီလိုနဲ့ ၂၀၁၀ အလွန်မှာကျ၊ မန္တလေးက စိမ်းရောင်စို သဘာဝပတ်ဝန်း ကျင်စောင့်ရှောက်အဖွဲ့က ဧရာဝတီမြစ်ထဲ သင်းဘောကြီးနဲ့ ရှိမ်းမကားဘေးမဲ့တော ခရီးစဥ်စီစဥ်တယ်။ စာပေ၊ ဂီတ၊ ပန်းချီ အနုပညာရှင်တွေ၊ သဘာဝပတ်ဝန်းကျင်အရေးတက်ကြွလှုပ်ရှားသူတွေ၊ စိတ် ဝင်စားသူသတင်းသမားတွေ များစွာနဲ့ ခရီးစဥ်ဖြစ်တယ်။
ဆရာသစ်က လူကိုယ်တိုင်မလိုက်နိုင်ပေမယ့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးအတွက် အမှတ်တရပြောတဲ့အသံဖိုင်နဲ့ သူစပ်ထားတဲ့သီချင်းတပုဒ်ကိုပေးတယ်။ ကျနော်နဲ့ကိုအောင်မှိုင်းတို့ ဆရာအိမ်သွားယူရတယ်။ဆရာက အော်ဂင်နဲ့ ဆိုပြသေးတယ်။ အဲတာဟာ  ဆရာ့အိမ်ပထမဆုံးရောက်ဖူးတာဖြစ်ပြီး လူချင်းလည်း တိတိပပ သိကျွမ်းရတာဖြစ်တယ်။
တကယ်တော့ ဂီတနဲ့ပတ်သက်ရင်လည်း ဆရာသစ်ဟာ အထုံကြီးတယ်။စန္ဒယားဦးသိမ်းမောင်ဆီကနေ ကိုမောင်မောင်(မဇ္စျိမလှိုင်း)နဲ့အတူ စန္ဒယားသင်ခဲ့ကြတာလည်းရှိတယ်။ သီချင်းတွေလည်းဖန်တီးတယ်လို့ နားလည်ရတယ်။

၅။

၂၀၁၇ ၊ ဖေဖော်ဝါရီ ထဲ ကျနော်တို့ရဲ့ ပိတောက်ပွင့်သစ်မဂ္ဂဇင်းမာလိန်မှူး၊ဆရာမောင်စိမ်းနီဆုံးတဲ့သတင်းကို ဆရာမောင်သစ်လွင် ဖတ်ရတယ်။ ကျနော်တို့လည်း အင်မတန်ကြေကွဲကြရတယ်။ ရန်ကုန်ဆင်းပြီးနာရေးပို့ဖြစ်တယ်။
''ကဗျာဆရာကြီး မောင်စိမ်းနီ (ခ) ဦးလှထွန်း (အ သက် ၇၈ နှစ်) သည် ဖေဖော်ဝါရီလ ၁ ရက်နေ့ ည ၁၁ နာရီ ၅ဝ မိနစ်တွင် ဆုံးပါးသွား ကြောင်း သိရသည်။ ဖေ ဖော်ဝါရီလ ၃ ရက်နေ့တွင် ဈာပနအ ခမ်းအနား ကျင်း ပကာ ဂူသွင်းသဂြိုဟ်မည်ဖြစ်သည်။ ''ဆိုတဲ့သတင်းကို ဖတ်ပြီး ဆရာသစ်က မခံစားနိုင်ဖြစ်ရှာတယ်။
ဆရာမောင်သစ်လွင်က စာသမားချင်း၊ အနုသမားချင်းခံစားရသလို သတင်းသမားပီပီ ''ကြေကွဲဖွယ်ဝေဒနာ သတင်းတစ်ပုဒ်'' ဆိုပြီး ရေးတယ်။
စာပေခေတ်တခုအတွင်းက အမှတ်အသားလည်းဖြစ်တဲ့ စာမူ စိစစ်ရေးပယ်ခံထိကိစ္စကိုပါ ဆရာသစ်က ပြန်ရေးပြတယ်။
ဆရာသစ်က ဆရာစိမ်းရဲ့ပိတောက်ပွင့်သစ်ကိုစာမူပို့တယ်။ စိစစ်ရေးကဖြုတ်တယ်။ အဲဒါကို ဆရာသစ်ဆီ ဆရာစိမ်းက စာနဲ့ပေနဲ့တလေးတစားအကြောင်း ကြားတယ်။ ဆရာသစ်က အဲဒီ ၁၉၉၆ ခုနှစ်၊ ဇန်နဝါရီလ ၂ဝ ရက်နေ့က ဆရာစိမ်းရေးတဲ့ အဲ့ဒီစာကို ဝမ်းနည်းစရာအဖြစ်ပြန်ပြောတယ်။
''ဆရာသစ်ခင်ဗျား...၊ လေးစားစွာ စာရေးလိုက်ပါတယ်။ ပိတောက်ပွင့်သစ် အမှတ်- ၁၁ မှာ ဆရာသစ်ရေးတဲ့ လူထုဒေါ်အမာ ဆောင်းပါး မပါဝင်နိုင်တော့တဲ့အကြောင်း ကြေကွဲစွာ အသိပေးပါတယ်။ ခွင့်ပြုပြီးသားဖြစ် ပေမယ့် အခြေအနေအရ မထည့်ဖို့ စာပေစိစစ်ရေးက ပြောပါတယ်။ကျွန်တော်အတတ်နိုင်ဆုံး ကြိုးစားပေမယ့် မအောင်မြင်ခဲ့ဘူး။ ဒီဇိုင်းလုပ်ပြီး၊ ဖလင်ရိုက်ပြီးမှ ဖြုတ်လိုက်ရပါတယ်။ အဲဒီနေရာအတွက် အစားထိုးဆောင်းပါးတစ်ပုဒ် ပါအောင်လုပ်ရင်း၊ မဂ္ဂဇင်းရဲ့အထွေထွေပြဿနာတွေ ရှင်းရင်းနဲ့ ထွက်ချိန်နောက်ကျတဲ့ ပိတောက်ပွင့်သစ် ဖြစ်နေတော့တာပါပဲ။ အမှတ်- ၁၂ မှာတော့ ဆရာသစ်ရဲ့ ဆရာကြီးရွှေဥဒေါင်း ဆောင်းပါး ပါလိမ့်မယ်။ (အစစ နားလည်ခွင့် လွှတ်နိုင်) အောင် စာရေး လိုက်တာပါပဲ။ဆရာသစ်ရဲ့ ဆောင်းပါး (သို့မဟုတ်) အခြားစာမူများ ပိတောက် ပွင့်သစ်ကို ဆက်လက်ချီးမြှင့်စေလိုပါတယ်။''''လေး စားစွာဖြင့် ၊ မောင်စိမ်းနီ'' တဲ့။ အခုကျ ဆရာစိမ်း၊ဆရာသစ် နှစ်ယောက်လုံးကို အောက်မေ့ရပါတယ်။
တကယ်တော့ ဆရာသစ်ဟာ သမိုင်းခေတ်တွေကိုဖြတ်သန်းလာတာမနည်းသူဖြစ်တယ်။ အတန်သင့်စာပေလွတ်လပ်တဲ့ခေတ်တွေရော၊ စာပေစိစစ်ရေးကွပ်ညှပ်လွန်းတဲ့ခေတ်တွေရောပါ ဖြတ်ခဲ့တယ်။
သူ့စာမူကို အဖိခံခဲ့ဖူးသလို သူကိုယ်တိုင် အယ်ဒီတာ လုပ်တဲ့ ရွှေဝတ်ရည်မဂ္ဂဇင်းမှာလည်း သူကြိုက်လို့ရွေးထားတဲ့စာမူတွေကို ဒုက္ခအပေးခံရတာကို ကြုံတယ်။ သူချစ်တဲ့ ဆရာတင်မိုးရဲ့ကဗျာအဖြုတ်ခံရဖူးတာကိုလည်း မှတ်တမ်းပြောဖူးတယ်။
( အမှတ် ၁ မှာ အတိုဆုံးဝတ္ထုတပုဒ် ( နှင်းနုဝေရဲ့နွေမိုးဆောင်းမှာ ရေကောင်းစွာ ဆင်ခြင်ချိုးပါ သမီးရယ်'')ရယ်၊ အမှတ် ၆ ထဲက အယ်ဒီတာ့စကား( ပြောပါစေလေ) ရယ်၊ ကဗျာဆရာကြီး တင်မိုးရဲ့ ''နွေခရီး'' ကဗျာရယ်ပေါ့)
''ပြောပါစေလေ'' ဆိုတဲ့အယ်ဒီတာစကားမှာ (၁) ဘယ်နှယ့် ကိုယ်ကချည်းပြောနေလို့ကောင်းနိုင်ရိုးလား။ သူများပြောတာလည်း နားစွင့်အုံးမှပေါ့။ (၂) တချို့က စာဖတ်သူများကဆုံးဖြတ်ပါလိမ့်မယ်။ တချို့က မကောင်းဘူး ကောင်းတယ် မကြိုက်ဘူး ကြိုက်တယ်ဆိုတာ စာဖတ်သူတွေက လက်မခံတော့ဘူးဆိုရင် စာမရေးဘဲ နေရုံပေါ့...တဲ့။ အဲလို အဲလိုပြောသံများ ကြားရဘူးရဲ့။ ( ၃) ဒါဖြင့်..ပြောပါစေလေ၊ မကောင်းဘူး ကောင်းတယ်၊ မကြိုက်ဘူး ​ကြိုက်တယ် ပြောတတ်သလို လွတ်လပ်စွာ  ပြောကြစမ်းပါစေ၊ နားစွင့်ကြည့်ဘို့ကောင်းတာပေါ့။'' တဲ့။ ဖြုတ်ခံထိတာလည်း မဆန်းဘူးလို့ပြောရပါမယ်၊ ဆရာသစ်က လွတ်လပ်စွာရေးသားခွင့်၊ ပြောဆိုခွင့်၊ထုတ် ဖော်ခွင့် ဆိုတဲ့ မွေးရာပါ လူ့အခွင့်အရေးအခြေခံသ ဘောတရားတွေကို ဆရာသစ်ဟန်အတိုင်း ပေါ့ပေါ့ပါးပါးလေးနဲ့ တီးတာကိုး။ ပြီးတော့၊ ဆရာတင်မိုးရဲ့ကဗျာ...။

'' နွေခရီး ''

ညဘက်ညဘက်၌
လ မထွက်ချေ။
နေ့ခင်း နေ့ခင်း၌လည်း
ပန်းမသင်းချေ။
လမထွက်သောည
ပန်းမလှသောနေ့ခင်း
အိုမင်းပါတဲ့ သည်တစ်နွေ
မိုးရေ...မိုးမှလာပါဦးတော့မလား။
ကဗျာထဲမှာပဲ
ငါရဲရင့်စိတ်ဖြေ
သည်နွေကို ဘယ်လိုဖြတ်ရပါ့
ဖိနပ်မပါ ရေဘူးမပါနဲ့
နွေကန္တာ သည်မောင်မောလှချည့်
ဒေါသလဲမပွားရပါစေနဲ့
မောဟပဲ များလှပေါ့

တင်မိုး
၁၂.၄.၉၁

ဒါက ဆရာသစ်တင်ပြဖူးတာတချို့ရယ်ပါ။ တကယ်က စာပေစိစစ်ရေးရဲ့ ဖိချက်တွေကို ဆရာသစ်က ဆုံရင်ပြောပြတတ်တာတွေအများကြီးဖြစ်တယ်။ လူမှုကွန်ရက်စာမျက်နှာမှာလည်း မှတ်တမ်းမှတ်ရာတွေနဲ့ မကြာ ခဏဆိုသလို တင်ပြတတ်ပါတယ်။

၆။

တခါသားကျ ကျနော်က ဆရာတင်မိုးကွယ်လွန်နှစ် ပတ်လည်တနေ့ ကဗျာရေးပြီး လူမှုကွန်ရက်စာမျက် နှာမှာတင်တယ်။ ''သခင်ကိုယ်တော်မိုး' 'ဆိုတဲ့ကဗျာပေါ့။ ဆရာသစ်က သူ့စာအုပ်ထဲမှာယူသုံးဖို့ လှမ်းပြောတယ်။ ကျနော်လည်း ဝမ်းသာအယ်လဲဖြစ်ရတယ်။ ခွင့်တောင်းစရာမလိုပါဘူးဆရာရယ်၊ ဆရာလိုလူက ဖ​တ်ပြီး၊ ယူသုံးဖို့ခံစားချက်ဖြစ်တာကိုကဝမ်း သာရပါတယ်လို့ပြောဖြစ်တယ်။ စာအုပ်ထွက်တော့ လက်ဆောင်ပို့ပေးရှာတယ်။

၇။

တခေါက်ကျ ဘာကိစ္စနဲ့မှန်းတော့မသိတော့ပေမယ့် ဆရာ့အိမ်ကို ကိုမော်မင်းသန်းနဲ့ ရောက်တယ်။ ဆရာ့ဆီက ဂီတအကြောင်း၊ ကိုမောင်မောင်အကြောင်း၊ နောက်ပြီး၊ လူထုတိုက်ဖြတ်သန်းမှုနဲ့ ရွှေဝတ်ရည်မဂ္ဂဇင်းလုပ်စဥ်ကအကြောင်းတွေ ပြောတာကို နားထောင်ရတယ်။ ကျနော်က ဆရာ့စာအုပ်စဥ်က ရွှေဝတ်ရည်တွေအကုန်ချပြီး တအုပ်ချင်းကနေ လိုချင်တဲ့စာမျက်နှာတွေ ဖုန်းနဲ့ဖိုတိုရိုက်ယူခဲ့တယ်။
ကျနော်တို့အဖို့ ဆရာ့ဆီ ဘယ်အချိန်သွားသွား လူတိုင်းရရှိတဲ့ခံစားမှုက ဆရာနဲ့ဆရာ့မိသားစုတွေရဲ့ ဖော်ရွေမှုနဲ့ဧည့်ဝတ်ကျေလှမှုပါပဲ။ ကော်ဖီမဟုတ်ရင် အအေးတမျိုးတမျိူးအပြင် စားစရာသွားရည်စာတခုခုနဲ့တော့ ဧည့်ခံတတ်တယ်။ တခါတလေ အဆင်ပြေရဲ့လားမေးတတ်သလို၊ ဘယ် လိုမှမထင်ပါနဲ့နော် သုံးစေချင်လို့ပါဆိုပြီး စာအိတ်လေးနဲ့ သုံးဖို့ငွေကြေး၊လက် ဆောင်ပေးတတ်သေးတာပါ။
ပြီးတော့၊ ဆရာ့ရဲ့ လူကြီးလူငယ်မရွေးအပေါ် ကျနော်နဲ့ခင်ဗျားနဲ့ပြောဆိုတတ်တာတွေ၊ နောက်ပြီး တဖက်သား နာမည်ကို ကိုယ့်ထက်ဘယ် လောက်ပဲငယ်ရွယ်ပါစေ၊ တလေးတစားနဲ့ ရှေ့က 'ကို' တပ်ပြီးခေါ်တာတွေဟာလည်း အမှတ်ရစရာဖြစ်ပါတယ်။

၈။

နန်းရှေ့ပန်တျာကျောင်းထဲမှာနေတဲ့ ကဗျာဆရာပိုင်စိုးဝေက မကွယ်လွန်ခင်ကာလများ ၇ နှစ်နီးပါးဟာ အိပ်ရာထဲမှာပဲ နေခဲ့ရတာဖြစ်တယ်။လေ ဖြတ်ရာကနေ တစ တစ ကျန်းမာရေးဖျင်းသွားခဲ့တာပေါ့။ ဖြစ်ပြီးရှေ့ပိုင်းနှစ်တွေမှာ ဝှီးချဲနဲ့တင်ပြီး ဟိုးနားဒီနား လှည့်လို့အဆင်ပြေပေမယ့် နောက် ပိုင်းကျ အဆင်မပြေတော့ဘဲ အိပ်ရာထဲမှာပဲ အချိန်ကုန်ခဲ့ရတာဖြစ်တယ်။
တရက်သားတော့ ကဗျာဆရာမ ကေမြနွယ်နဲ့စကားစပ်ရင်း ဆရာပိုင်စိုးဝေအကြောင်းရောက်သွားတယ်။ ဆရာ့ကို နှစ်အကြာကြီးအိမ်ထဲနေ နေရတာကို ကျနော်တို့ တခုခုလုပ်ပေးချင်ခဲ့ကြတယ်။ အပြင်ခေါ်ထုတ်ပြီး လေကောင်းလေသန့်လည်းရှု၊ ဘုရားလေးဘာလေးလည်းဖူးဆိုတာမျိုးစီစဥ်ဖြစ်တယ်။
ကဗျာဆရာကေသီဟကလည်း သူ့ကားကူမယ်ပြောလာတယ်။ ကေမြနွယ်က ဆီထည့်တယ်၊ နေလည်စာစားဖို့ စီစဥ်ပေးတယ်။ ကျနော်တို့ ကားမှာ ကိုမြတ်စိုး (အေးမျိုးဆက်)က ဒရိုင်ဘာပေါ့။ ဆရာပိုင်စိုးဝေတို့ဇနီး မောင်နှံရယ်၊ သမီးကြီး သုမာရယ်၊ ကဗျာ ဆရာခင်ဇော်မြင့်ရယ်၊ ဆရာပိုင့်သမက် ကိုရဲသူရယ်၊ ကျနော်ရယ်ပေါ့ တောင်သမန်ဘက်ထွက်ခဲ့ကြတယ်။ဝှီးချဲကြီးပါ သယ်ရတယ်ပေါ့။
တောင်သမန် တောင်လေးလုံးကျောင်းသွားတယ်။ စာရေးဆရာ၊ကဗျာ ဆရာတွေရဲ့အမှတ်တရကျောက်စာတိုင် တခုချင်းရှေ့ လိုက်ပြတယ်။အမှတ်တရ ဓာတ်ပုံရိုက်တယ်။ ဆရာ ဒါမောင်ချောနွယ်၊ ဒါက ကြည်အောင်၊ ဒါက လှသန်း၊ ဒါက တင်မိုး စသဖြင့်ပြောရင် ပါးစပ်က ဝူးဝူးဝါးဝါးအသံပြုပြီး သိကြောင်းသဘော ပြတယ်။
စကားမစပ်၊ ဆရာတင်မိုးက ဆရာပိုင်စိုးဝေဇနီး အန်တီအေးကြည်နဲ့က တူဝရီးတော်တယ်။ ကန်မြဲ ဇဂျမ်း တောင်သာ စတဲ့ အဆက်တွေထင်ပါရဲ့။
တောင်လေးလုံးကပြန်တော့ ပတ္တမြားကွက်သစ်ထဲက တရာသစ်အိမ်ဝင်တယ်။( ကျနော်မျက်စိလည်နေတာက အပြန်ဝင်တာလား၊ အသွားဝင်တာလား လည်နေတာပါ။)။ ဆရာသစ်တိူ့တအိမ်သားလုံး ထွက်ကြိုတယ်။ဆရာပိုင်က ဆင်းဖို့မလွယ်တော့ ကားပေါ်မှာပဲထိုင်နေရတယ်။ ဆရာသစ်တို့က ဆရာ့ကို ဖက်လှဲတကင်း နှုတ်ဆက်ကြတယ်။ ဆရာပိုင့်လက်ကလေးကို ဆရာသစ်က ကျစ်နေအောင်ဆုပ်ထားတယ်။
ဆရာပိုင်ကလည်း ဆရာ့သစ်ကို မျက်လုံးကြီးပြူးပြီး အ​ကြောင်သား ငေးကြည့်နေရာက တစုံတရာမှတ်မိသွားပုံနဲ့ ငိုမလိုဖြစ်တယ်။ မျက်ရည်ဝဲတယ်။ ပြန်တော့ စားစရာ သစ်သီးဝလံနဲ့မုန့်တွေရယ်၊ တသိန်းလား၊၅ သောင်းလားကို ထည့်ထားတဲ့ စာအိတ်တလုံး ထည့်ပေးတယ်။ ကန်တော်ကြီးမှာ နေ့လည်စာစားကြတယ်။ တကယ်လွမ်းစရာကြီးဖြစ်ပါတယ်။ အခုတော့ ၂ ယောက်လုံး မရှိကြတော့ပါဘူး။

၉။

၂၀၁၃ ထဲမှာ ကျနော်တို့ဟာ ၁၃၀၀ပြည့်အရေး တော်ပုံ စိန်ရတုကာလကိုလည်း  ကြုံခဲ့ရတယ်။ အခမ်းအနားကျင်းပရေးကော်မတီတွေဖွဲ့တော့ မဂ္ဂဇင်းကော်မတီလည်းပါတယ်။ ၁၃၀၀ ပြည့်အ ရေးတော်ပုံ၊ မန္တလေး အာ ဇာနည် (၁၇) ဦး၊ အထိမ်း အမှတ် မဂ္ဂဇင်းကော်မတီပေါ့လေ။
ကျနော်က စာမူစုတယ်။ ၁၃၀၀ပြည့်သမိုင်းဆိုင်ရာ စာအဟောင်းတွေရှာရသလို စာမူအသစ်တွေလည်း တောင်းရစုရတယ်။ အယ်ဒီတာချုပ် ဆရာဆူးငှက်ပေါ့။ တာဝန်ခံအယ်ဒီတာအနေနဲ့ ကျနော်ကဆောင် ရွက်တယ်။
ဒီနေရာမှာ ဆရာမောင်သစ်လွင်က ၁၃၀၀ပြည့်အရေးတော်ပုံ၊ ရေနံမြေသပိတ်နဲ့ ပတ်သက်ရင် သက်ရှိသမိုင်းစာအုပ်ကြီးလိုလည်းဖြစ်တာမို့ ဆရာ့ကိုလည်း အားကိုအား ထားပြုရတယ်။
ကော်မတီ နာယကအဖြစ် ထိပ်ဆုံးမှာ ဂါရဝထားဖြစ်တယ်။ မောင်သစ်လွင် ( လုထု)၊ ဦးသိန်းတန်၊ ဦးရွှေထူး၊ ညီစေမင်း၊ ညီပုလေး၊ သက်တင် (မန္တလေး) တို့ဟာ နာယကများဖြစ်တယ်။
ဆရာသစ်ဟာ ရေနံမြေသားကြီး၊ ဖခင်ကလည်း တိုက်ပွဲဝင်ပုဂ္ဂိုလ်တဦးဖြစ်ပြီး လူထုဦးလှတို့နဲ့လည်း မိတ်ဆွေရင်းတွေလို့ နားလည်ရတယ်။ 
၂၀၂၁ ၊ မေလ ၂၃ ရက်၊ ဆရာမြသန်းတင့်၊ ၉၂ ပြည့်မွေးနေ့မှာ ဆရာသစ်က သမိုင်းခေတ်ကို လည်ပြန်ပြောရင်း ပြန်နွှေးဖူးတယ်။ ''ဆရာမြသန်းက မြင်းခြံခရိုင်တာဝန်၊ မောင်သစ်က ရေနံမြေတာဝန်၊ ဘယ်တော့မှမမေ့'' လို့ ရေးတယ်။ ဖြတ်သန်းခဲ့ကြပုံတွေဖြစ်တယ်။
၁၃၀၀ ပြည့်စိန်ရတုမဂ္ဂဇင်းမှာ ဆရာသစ်က ၁၉၇၀၊ မေလထုတ်၊ ငွေတာရီမှာဖော်ပြခဲ့တဲ့ '' ရေနံမြေအရေး တော်ပုံမှသည် ''ဆိုတဲ့ဆောင်းပါးကို ချီးမြှင့်ပေးခဲ့တယ်။
ပြန်တွေးရင် ကျနော့်ဘဝမှာတော့ ဆရာတို့လိုလူကြီး သူမတွေနဲ့ တမိုးအောက်မက၊ တမြို့တည်းထိတွေ့ခွင့်ရတာဟာဖြင့်လည်း ဂုဏ်တခုလို ကျေနပ်ခဲ့ရပါတယ်။

၁၀။

၂၀၁၉ ထဲမှာ ကျနော်က ကျန်းမာရေးညံ့တယ်။ မူလ ဂုတ်ကျည်းပေါင်း၊ ခါးကျည်းပေါင်း၊ သွေးတိုးရှိတယ်။ မထင်မှတ်ဘဲ အရက်ကို လူလိုမသောက်ဘဲ သောက်မိရာက အကြီးအကျယ်သွေးအန်ပြီး ဆေးရုံတက်ရတယ်။ ရန်ကုန်မန္တလေးထက်အောက်မက မြေလတ်၊ တောင်ပေါ် အသီး သီးကကဗျာဆရာတွေ၊ စာပေမိတ် ဆွေတွေရဲ့ အားပေးနွေးထွေးမှုနဲ့ ပြန်ပြီးတည်ဆောက်ရတယ်။
အဲ့ဒီမှာ ဆရာဒေါက်တာကိုကိုကြီး၊ ဒေါက်တာအောင်ကြီး၊ ဆရာမောင်သစ် လွင်(လူထု)၊ ဆရာသစ္စာနီ၊ အစ်ကိုလေးမောင်ပြည့်မင်း၊ ဆရာညီပု လေး စတဲ့ လူကြီးတွေကပါ တခုတ်တရ ကူကြ ဖေးကြ၊ မေးကြနွေးကြနဲ့မို့ အင်မတန်အားဖြစ်ခဲ့ရတယ်။ ရန်ကုန်က ကဗျာဆရာ ကိုမိုးကျော်သူ၊ကဗျာဆရာကိုဝင်းမြင့်တို့ကလည်း ဆေးရုံအထိရောက်လာပြီး အားပေးခဲ့တာဖြစ်တယ်။
ဆရာမောင်သစ်လွင်က စာအိတ်လေးထဲ ငွေ ၅ သောင်းထည့်ပြီး ကဗျာ ဆရာစံညိမ်းဦး အမြန်ကျန်းမာပါစေ ဆုမွန်နဲ့လက်မှတ်လေးထိုးပြီး ပို့တာဖြစ်တယ်။ စာအိတ်လေးကို တလေးတစားသိမ်းမိတယ်။
ဒီလိုနဲ့ အထက်ဗမာနိုင်ငံစာ​ရေးဆရာအသင်းကြီးရဲ့ဂုဏ်ထူးဆောင်နာ ယက၊ စာရေးဆရာ၊ သတင်းစာ ဆရာ မောင်သစ်လွင်( လူထု )ကိုမြန်မာ နိုင်ငံသတင်းမီဒီယာကောင်စီက၂၀၁၉-၂၀၂၀ ခုနှစ်အတွက် တသက်တာ  သတင်းစာစာပေဆု ချီးမြှင့်တယ်။ ကျနော်တို့ ဝမ်းသာမုဒိတာဖြစ်ကြရပါတယ်။
အဲဒီနောက် ၂၀၂၀ ဟာ လောကငရဲကို လူ့ဘောင်လောကဆီသယ်လာတဲ့နှစ်လို့လည်းဆိုရမလိုဖြစ်ကြရတယ်။ ကိုဗစ် ၁၉ ဗိုင်းရပ်ကပ်နဲ့ ကိုဗစ်နောက်ဆက် ကြပ်တည်းစီးပွားရေးဘဝတွေကြားမှာ တိုင်းပြည်ဟာ လူးလှိမ့်ရတဲ့နှစ်တွေလည်းဖြစ်ပါတယ်။ ကံခေပုံက တိုင်းပြည်မိုးလေဝသကလည်း မုန်တိုင်းနဲ့လေ ပြင်းနဲ့တွေပေါ့လေ။
နောက်ပိုင်း ၂၀၂၁ ဖေဖော်ဝါရီထဲမှာကျ ပန်းချီနဲ့ ကဗျာပေါင်းပြီး ရံပုံငွေပွဲလေးတခု မန္တလေးမှာရှိခဲ့တယ်။ ကဗျာဆရာတွေရဲ့ကဗျာကို ပန်းချီဆရာက သရုပ်ဖော်ပန်းချီရေးထားတာလေးတွေကို ရောင်းပြီး ပြုလုပ်တာဖြစ်တယ်။ ဆရာသစ်ရောက်လာပြီး အား ပေးတယ်။ ခွန်အားဖြစ်ကြရတယ်။
တွေ့တော့ ကျနော့်လက်ကလေးကိုင်ပြီး ကျန်းမာရေးအ​ခြေအနေမေးတယ်။ ဆရာကစကားပြောရင် ပြုံးပြီးပြောတတ်တယ်။ တခါတလေ သွားပေါ်အောင်ရယ်တတ်တယ်။ အသက်ကြီးလာတော့ ကျိုးတဲ့သွားတွေက ကျိုးကုန်ပြီပေါ့။ ကျန်တဲ့သွားလေးတွေပေါ်အောင်ရယ်ပြီဆို သိပ်နှစ်လိုဖွယ်ကောင်းတယ်။ ဆရာ့ရဲ့ရိုးဂုဏ်က ပိုပြီးပေါ်လွင်လှတာကိုး။
အဲ့ဒီ ၃၀၊ ၁၊ ၂၀၂၁ မှာ ကျနော်က ကျနော်ရေးတဲ့ ''အင်ဒီဝါးဟိုးနဲ့ Vedio Call'' ကို ပန်းချီ ဇော်မိုးသည်း ကဂျိမ်းဖောင်ဒါပုံ သရုပ်ဖော်ထားတဲ့ art work ကို ဆရာ့ပေးဖြစ်တယ်။ နှစ်ဦးသား ခန်းမရှေ့မှာ အမှတ်တရ ဓာတ် ပုံရိုက်ဖြစ်ကြတယ်။ 
လွန်းစရာက ဆရာနဲ့ ရင်းနှီးခင်မင်တလျှောက်မှာ ဆရာနဲ့ ၂ ကြိမ် ဓာတ်ပုံမှတ်တမ်းရိုက်ဖြစ်တယ်။ ကိုမော်မင်းသန့်းနဲ့သွားတုန်းက ရိုက်ဖြစ်ပေမယ့် ကျနော်ထဲမရှိတော့ဘူးဖြစ်တယ်။ နောက်တပုံကတော့ အထက်က ကျနော်ပြောတဲ့ ပုံပေါ့။ ဒါပဲရှိပါတယ်။ ခုဆို ကိုမော်မင်းသန်းလည်း ကိုဗစ်လှိုင်းမှာ ရေတိမ်နှစ်ခဲ့ပြီးဖြစ်သလို ဆရာလည်းမရှိတော့ပါဘူးဆိုတာကို လှိုက်ခနဲ တွေးမိတယ်။
ဆရာက သတင်းသမားကြီးပီသစွာ သူ့ လူမှုကွန်ရက်စာမျက်နှာမှာ ၆၊ ၃ ၊၂၀၂၁ မှာ ကျနော်ပေးခဲ့တဲ့ ကဗျာ၊ ပန်းချီလက်ဆောင်နဲ့ပတ်သက်ပြီး သူရေးခဲ့တဲ့ နာမည်ကျော် '' ၁၃၀၀ ပြည့် ရေနံမြေအရေးတော် ပုံ'' စာအုပ်ထဲက သမိုင်းအချင်းအရာတချို့ကိုပါချိတ်ဆက်ပြီး မှတ်တမ်းတင်ခဲ့တယ်။
''ထမိန်အလံထူတိုက်ပွဲဝင်၊ ဂျိန်းဖွန်ဒါလည်း သတိရ'' ဆိုပြီး ခေါင်းစဥ်ပေးထားတယ်။
''ကဗျာဆရာစံညိမ်းဦးရေးတဲ့ ကဗျာထဲက စစ်ဆန့်ကျင်ရေးဆန္ဒပြတဲ့ ဂျိန်းဖောင်ဒါကိုတွေ့ရတော့ ကျွန်တော်ရေးတဲ့ "၁၃၀၀ ပြည့် ရေနံမြေ အရေး တော်ပုံ'' ထဲက သခင်မတစ်ဦးကို သွားသတိရမိတယ်။ လွမ်းလည်းလွမ်းမိပါရဲ့။ လေးစားတဲ့အစ်မပါ။ နာမယ်က သခင်မဒေါ်အေးတဲ့။ အရေးတော်ပုံကာလတုန်းကတော့ သခင်မမအေးပေါ့။ အဲ့ဒီတုန်းက.... ဒီလို....''
''အမျိုးသမီးများကအလုပ်သမားများကို သပိတ် တားကြရာ အမျိုးသမီး များကို အကြမ်းဖက်နှိမ်နင်းလာသည်။ ရဲ၊ ပုလိပ်က မဝင်နိုင်အောင် မီးသတ်ပိုက်တွေနှင့် ရေတွေဒလမ်းကြမ်းပက် နှိမ်နင်းသည် ။... အမျိုးသမီးများမှာ ချမ်းလွန်း၍တုန်နေသော်လည်း နောက် ဆုတ်မပေးကြပေ။... ''
''ဤတွင်တိုက်ပိုင်က ဒုတ်ဆွဲ၍ ရှေ့တိုးလာသည်။ ဒေါ်အေးက ဒုတ်ကိုဆွဲလုရာ ဒေါ်အေးကိုဖမ်းပြီး ကားပေါ်တင်သည် ။... ဒေါ်အေးက အပေါ်ထမီချွတ်ပြီး လက်နှစ်ဖက်က ထမီတစစီကိုကိုင်ကာ ထမီအလံလွှင့်ပြီးလိုက်ပါသွားလေသည်...။''(၁၃၀၀ ပြည့်ရေနံမြေအရေးတော် ပုံ၊ ၁၉၆၇ မေ ၊လူထုတိုက်)
''အခုဖေဖော်ဝါရီ ၂၄ ရက်က သတင်းသမားသစ်လွင် သတင်းလိုက်ရင်း စံညိမ်းဦးနဲ့ တွေ့တယ်။ သူကလက်ဆောင်တစ်ခု ပေးတယ်။ သရုပ်ဖော်ပန်းချီနဲ့ ကဗျာပါ။ ဒီလိုဖော်ပြထားတယ်။''
''ဆရာလူထုမောင်သစ်လွင်နဲ့ပေါ့၊ ကျနော့်ကဗျာကို ပန်းချီဆရာဇော်မိုးသည်း ဖန်တီးသရုပ်ဖော်လက်ရာလေးပါ။ ရန်ပုံငွေပွဲမှာ ဝယ်ယူပြီး ဆရာ့ကို လက် ဆောင်ပေးဖြစ်ခဲ့ပါတယ်။''
အင်ဒီဝါးဟိုးနဲ့ Video call
အမြောက်ပြောင်းဝထိပ်ကို
ဂျိန်းဖောင်ဒါက
ဆပ်စပိုင်ဒါချွတ်ပြီး တက်ချိတ်ခဲ့တယ်။
စစ်ဆန့်ကျင်ရေး
အဲ့ဒီဆပ်စပိုင်ဒါပုံတူအသိန်းအသန်းကို
ပိုးစာဘောင်နှိပ်ကြရမယ်။
စံညိမ်းဦး
၃၀၁၂၁
မောင်သစ်လွင် (လူထု)၊ ၆.၃.၂၀၂၁ တဲ့။ ဆရာက တခုတ်တရ အဲဒီလိုမှတ်တမ်းလုပ်ပြီး ဖော်ပြခဲ့တယ်။

 ၁၁။

ဒီလိုနဲကျနော်လည်း ၂၀၂၀ အလွန်မှာ လောကမုန်တိုင်းထဲ သစ်ရွက်ခြောက်လို၊ တိမ်လို လွင့်တယ်။ လူပေလူလွင့်တယောက်ရဲ့နေ့တွေလိုပဲ ဒရွတ်တိုက်ပြီး အချိန် ကုန်တယ်။ သွားတွေက ဆီးချိုမရှိပါဘဲ ကွမ်းစားတဲ့ဒဏ်ကြောင့် တချောင်းပြီးတချောင်းလစ်တယ်။
သွားဖုံးတွေနိမ့်ပြီး ရေစီးကမ်းပြိုကနေ အမြစ်ပေါ်နေတဲ့သွားတွေဟာ တချောင်းပြီးတချောင်း ကျွတ်တယ်။ စားရေးသောက်ရေးပြဿနာတက်ရတယ်။ တနယ်တရပ်တကျေးမှာ ဝင်ငွေမရှိ၊ အလုပ်မရှိ၊ ငွေကြေးအကြပ်အတည်းရင်ဆိုင်ရတယ်။ အရပ်ကူပါ လူဝိုင်းပါပေါ့လေ။
ထပ်ပြီး၊ နှလုံးရောဂါပါ အစပြုတယ်။ အစာအိမ်ရေမျိုပြွန်ယောင်တယ်။အသက်ရှူမဝဖြစ်ပြီး ညဘက်တွေအိပ်မရဘဲ နှလုံးကအားနည်းလာတယ်။ခြေမနဲ့လက် ဆစ်တချို့ကိုက်လာတော့ ယူရစ်အက်ဆစ်များပြီး အဆစ်မြစ်နာ ဂေါက်ရောဂါလိုလိုကလည်း လူကိုသွေးတိုးစမ်းတယ်။ ရောဂါပဒေသာ၊ ဆေးပဒေသာနဲ့ အဖြစ်မှာ ဒုက္ခထဲတည့်တည့်ဇောက်ထိုးဆင်းနေခဲ့ရတယ်။ ဒီပရက်ရှင်ဝင်ချင်သလိုလိုနေ့ရက်တွေလည်း ဖြစ်ရတယ်။
ဆရာသစ်က ဘယ်ကဘယ်လိုသတင်းကြားတယ်မသိ၊ ငွေ ၁ သိန်းရောက်အောင်ပို့ရှာတယ်။ ကျနော်က ကျေး ဇူးစကားကို အွန်လိုင်းမှာ ဆရာ့ကို tag တွဲပြီး ဆိုဖြစ်တယ်။ တကယ်တော့ အဲဒီအချိန်မှာ ဆရာ့ကျန်းမာရေးကလည်း ချိနဲ့လာနေပြီဖြစ်တယ်။
ကာလသိပ်မခြားဘူးလို့တောင်ထင်မိတယ်။ ဆရာ အိပ်ရာထဲလဲတာကို လူမှုကွန်ရက်စာမျက်နှာမှာဖတ်ရမြင်ရတယ်။ အမြန်ကျန်းမာသက်သာဖို့ မေတ္တာပြုကြတယ်။ ဆရာဆူးငှက်၊ ကိုမင်းထက်ငြိမ်းချမ်း၊ ကိုနောင်(ရူပ)၊ ကိုရဲနွေ(ပလိပ်)တို့ ဆရာ့ဆီ လူမမာမေးအားပေးတာ၊ မန္တလေးစာပေအနု ပညာရှင်များအစီစဥ်က ကူညီမှုကိုပေး အပ်တာ၊ ဆရာက ပြန်ပြီး ကုသိုလ်ပြုတာတွေကို ဖတ်ရတယ်။
သူငယ်ချင်း နောင်(ရူပ)က တာဝန်ကျေတယ်။ မရှေးမနှောင်း မြို့မဆရာပေါ ကျန်းမာရေး သတင်းတွေတင်ပေးနေသလို ဆရာသစ်မကျန်းမာတော့လည်း သတင်းမပြတ်တင်ပေးတယ်။ သူ့သတင်းဖတ်ရင်း သူ့ကိုမေးရတာအမောဖြစ်တယ်။ ဆရာသစ်မဆုံးခင်ရက်မှာပဲ အခြေအနေသိပ်မကောင်းကြောင်း သိနေရတယ်။ ရင်ထဲမကောင်းဖြစ်ရတယ်။
သြဂတ် ၁၁၊၂၀၂၂ ထဲ ၊မွေးနေ့ ၈၈ နှစ်ပြည့်တဲ့ဆရာဟာ အထက်ဗမာနိုင်ငံစာရေးဆရာအသင်းနဲ့ မန္တလေးစာပေပညာရှင်များ လူမှုကူညီရေးအစီအစဥ်ကို မွေးနေ့အထိမ်းအမှတ်အနေနဲ့ ၁၀ သိန်းစီ လှူ ဒါန်းကူသိုလ်ပြုတယ်။ကျနော်တို့ သာဓုခေါ်မိကြတယ်။

၁၂။

ဒီလိုနဲ့ ၂၀၊ ၈ ၊ ၂၀၂၂ ၊ စနေနေ့၊ ညနေ ၄ နာရီမှာ ဆရာဆုံးတယ်။ 
နှစ်လိုဖွယ် အပြုံး၊ရိုးဂုဏ်အတိနဲ့ မျက်နှာ၊ သန်မာတဲ့ နှလုံးရည်၊ ထက်မြက်တဲ့ ဦးနှောက်၊ ကြင်နာတတ်တဲ့မျက်ဝန်း၊ ခိုင်ကျည်တဲ့ရပ်တည်ယုံကြည်ချက်၊ ထန်ပြင်းတဲ့အမှန်တရားချစ်စိတ်၊ လေးစားဖွယ်သမိုင်းဖြတ်သန်းမှု၊ သွေးဆဲလ်ထဲကအနုပညာတက်မင်ခုံမင်ဖန်တီးမှု၊ စတဲ့ တန်ဖိုးတွေနဲ့ ကြယ်ကြီးတစင်းကြွေခဲ့တယ်။
မန္တလေးတန်ဖိုးတင်မက ဗမာ့တန်ဖိုးတရပ်လည်း ဆုံးရှုံးမှုဖြစ်ပါတယ်။
ပြည်သူလူထုဘက်၊ အမှန်တရားဘက်ရပ်တဲ့၊ မျက်နှာမူတဲ့ (လူမျိုး၊ဘာ သာ၊ အသက်အရွယ်၊ အထီးအမနဲ့မဆိုင်ဘဲ) ဘယ်လိုလူတိုင်းမဆိုဟာ မအိုမဟောင်းမမှိန်ဘဲ အမြဲသစ်တယ်။ အမြဲလွင်တယ်။ ဒီလိုသဘောမျိူး ဆရာဒဂုန်တာရာက ဆိုဖူးတယ်။ ကျနော်က ကြွေလွင့်သူ၊ ဆရာမောင်သစ်လွင်( လူထု) ကိုသတိရနေမိတတ်ခဲ့ပါတယ်။
ဆရာဟာစာတွေရေးတိုင်း အဆုံးမှာ သူ့နာမည်ကို လက်မှတ်ထိုးတယ်။ ''ငြိမ်းချမ်းပါစေ'' ဆိုတဲ့ဝါကျကိုလည်းအမြဲရေးခဲ့တယ်။ ဒါဟာအရေးကြီးတဲ့ စကားလေးတခွန်းလို့ ကျနော်က ယူဆပါတယ်။
ဗမာပြည်လွတ်လပ်ရေးခေတ်နောက်ပိုင်း တသက်တာလုံး ငတ်မွတ်နေခဲ့ကြရသောဆုမွန်လည်းဖြစ်ပါတယ်။ တိုင်းပြည်အတွက်၊ လူ့အဖွဲ့အစည်းအတွက်၊ ကမ္ဘာကြီးအတွက်၊ တန်ဖိုးထားတဲ့စကားလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ဒါဟာ ဆရာဒဂုန်တာရာ၊ ဗန်းမော်တင်အောင်၊ မြသန်းတင့်၊ လူထုဒေါ်အမာ၊ လူထုဦးလှ၊ ဒေါက်တာသန်းထွန်း၊ တက္ကသိုလ်မောင်စောလွင်၊ ကြည်အောင်၊ တင်မိုး၊ ဟံသာဝတီဝင်းတင်၊ မုံရွာတင်ရွှေ၊ လူထုစိန်ဝင်း၊ အုန်းမြင့်လှိုင်၊ ဖော်ဝေး၊ မောင်လေးအောင်၊ အောင်ချိမ့်၊ မောင်စိမ်းနီ၊ မောင်အောင်ပွင့်၊ မောင်သင်းခိုင်၊ ကိုလေး (အင်းဝဂုဏ်ရည်)၊ ရွှေဥဒေါင်း၊ ဖိုးသံ(လူထု)၊ ရဲဘော်ကျော်မြ၊ ပီကျူ့ ဦးခင်မောင်မြင့်၊ ဦးလှရွှေ၊ မောင်စွမ်းရည်၊ မောင်မိုးသူ၊ ညီစေမင်း၊ မြင်းခြံလေးမောင်၊ ကာနယ်လ်ချစ်ကောင်း၊ မြင်ခြံ ဦးအောင်သူ၊ မတကသ ဦးစိုးဝင်းမောင်၊ စသဖြင့်တို့လို ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့အလံလက်ဆင့်ကမ်းတပည့်သာဝကများ၊ လေးစားသူများ၊ လေးနက်သူများထဲမှာ ဆရာမောင်သစ်လွင်( လူထု) ဟာလည်းတယောက်ဖြစ်တယ်လို့ ကျနော်တို့ဟာ နားလည်ခဲ့ရပါတယ်။
စံ ညိမ်း ဦး
၂၆၅၂၃
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar