Breaking News

ကိုသန်းလွင် - ထိုင်း ဝန်ကြီးချုပ်ရွေးပွဲ

Mr. Pita greeting supporters during a voter thank you parade culminating in Owl Market in Nonthaburi

ကိုသန်းလွင် - ထိုင်း ဝန်ကြီးချုပ်ရွေးပွဲ

(မိုးမခ) မေ ၂၃ ၊ ၂၀၂၃


( ၁ ) 

ပီတ လင်ဂျာရိုအန်ရတ် (Pita Linjaroenrat) သည် ၂၀၀၈ ခုနှစ်တွင်ဟားဗတ်တက္ကသိုလ် ကျောင်းသားအဖြစ် ရှိနေစဉ်က သမ္မတအိုဘားမား မဲဆွယ်စဉ်က မိတ်ဆွေသူငယ်ချင်းများနောက် လိုက်ရင်း အမေရိကန် ရွေးကောက်ပွဲများတွင် မဲဆွယ်ခြင်းဓလေ့ကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရပါသည်။ ထိုရွေးကောက်ပွဲ မဲဆွယ်ခြင်းကို ကြုံဖူးသဖြင့် တယ်လီဖုန်းဖြင့် မဲဆွယ်ရမည့်သူများကို ဆက်သွယ်ခြင်း၊ မဲဆွယ်ရသူများကို စုဆောင်းခြင်း၊ အိမ်ပေါက်စေ့ လိုက်လံ တံခါးခေါက်ခါ မဲဆွယ်ရခြင်း၊ မဲဆွယ်သည့် ကြော်ငြာများကို အိမ်ရှေ့ မြက်ခင်းပြင်တွင် ချရခြင်း စသည်တို့ကို လက်တွေ့ကြုံခဲ့ရပါသည်။

နောက် ၁၅ နှစ်မျှ ကြာသောအခါ မတ်ဆာချူးဆက်နယ်တွင် ကြုံခဲ့ရသော အတွေ့အကြုံများကို အခြေခံ၍ ယိုးဒယားနိုင်ငံတွင် မဲဆွယ်ခြင်းကိစ္စကို လုံးပန်းခဲ့ရသည်ဟု ပြောပါသည်။ သူ၏ တိုးတက်သော ရှေ့သို့ (Progress Move Forward) ပါတီ၏ အောင်မြင်မှုများသည် ယိုးဒယား လူထုကို အံ့အားသင့်စေခဲ့ပါသည်။

( ၂ )

ထိုင်းနိုင်ငံရေးတွင် ဆယ်ခုနှစ် ၂ ခု နှစ်မျှကြာအောင် အင်အားစုကြီး ၂ ခုကိုသာ မဲပေးခဲ့ကြပါသည်။ ပထမဘုရင်ကို ထောက်ခံသော ကွန်ဆာဗေးတစ်များနှင့် စစ်တပ်ကို ထောက်ခံသူများက တစု၊ အခြားတဖက်တွင် ပေါ်ပြူလာဖြစ်နေသော နိုင်ငံခြားရောက်နေသူ ဘီလီယံနာ သူဌေးကြီးတို့ကို ထောက်ခံသူများကတစု ဖြစ်ပါသည်။

ထောက်ခံသူများက ပီတ (၄၂ နှစ်) သည် စစ်တပ်မှ အာဏာသိမ်းပြီး ၉ နှစ်အကြာ နေခဲ့ရာမှ တိုင်းပြည်ကို ဒီမိုကရေစီစနစ်နှင့် သွားရအောင်လုပ်ပေးမည့်သူအဖြစ် ယူဆကြပါသည်။ သူက ထိုင်းနိုင်ငံရေးအပေါ် စစ်တပ်မှ လွှမ်းမိုးထားမှုကို အဆုံးသတ်စေလိမ့်မည်ဟု ဆိုပါသည်။ ထို့နောက် ထိုင်းဘုရင်ကို ဝေဖန်ခြင်းသည် ရာဇဝတ်မှုမြောက်သည်ဟူသော ဥပဒေကို ဖျက်သိမ်းမည့်သူအဖြစ် မျှော်လင့်နေကြပါသည်။

သို့သော် မစ္စတာ ပီတ ဝန်ကြီးချုပ်ဖြစ်ရန် အရေးမှာ မသေချာမရေရာသေးဘဲ ရှိနေပါသည်။ 

“ကျွန်တော် ရှာဖွေရမယ့်လမ်းကတော့ လက်တွေ့အလုပ်ဖြစ်မည့် ဒီမိုကရေစီနဲ့ စစ်တပ်ကပေးတဲ့ မနူးမနပ် ဒီမိုကရေစီစနစ် နှစ်ခုအကြား ဆက်သွယ်ပေးမယ့်လမ်းကို ရှာဖွေရေးပါပဲ” ဟု ပြောသည်။

ထိုလုပ်ငန်း အောင်မြင်ရေးအတွက် လူ ၅၀၀ မျှရှိသော အောက်လွှတ်တော်တွင် ထောက်ခံမဲ အလုံအလောက်ရရှိဖို့ လိုပါသည်။ သို့မဟုတ် စစ်တပ်မှ ခန့်ထားသော လူ ၂၅၀ ကို ကျော်လွန်၍ ဝန်ကြီးချုပ်လုပ်ရန် မဲအလုံအလောက်ရရှိရမည် ဖြစ်သည်။ သူ့ကို ထောက်ခံသူဦးရေ ၃၇၆ လိုပါသည်။ သူ့ကို ထောက်ခံသူ ၃၁၄ ဦး ရှိနေပါသည်။ ဆီးနိတ်အမတ်အများစုက လက်ရှိအခြေအနေ (Status Quo) ကို မပြောင်းလဲစေလိုကြ၊ ရှိမြဲအတိုင်း ရှိစေလိုသည်။ ထိုအခြေအနေကို ဖျက်ဆီးပစ်မည့်သူကို အလိုမရှိဘဲ ဖြစ်နေကြသည်။ ယခုအခါ ထိုင်းလူမျိုးတို့သည် သူတို့ ရွေးကောက်ပေးလိုက်သည့်လူကို လွှတ်တော်က အုပ်ချုပ်ခွင့်ပေးမည်လား မပေးဘဲ ပိတ်ဆို့ထားမည်လား၊ ဆိုသည်ကို စောင့်ဆိုင်းနေကြဆဲ ရှိပါသေးသည်။ အကယ်၍ ပီတ သာ ဝန်ကြီးချုပ်လုပ်ခွင့်မရဘဲ  ပိတ်ဆို့ခြင်းခံရပါက ထိုင်းနိုင်ငံရေးသည် ရှုပ်ထွေးကုန်တော့မှာ သေချာပါသည်။

ထိုင်းစစ်ဗိုလ်ချုပ်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂၀၁၇ ခုနှစ်က ပြင်ဆင်၍ ရေးလိုက်ကြသည်။ ဆီးနိတ်တွင် စစ်တပ်က ခန့်ထားသူများက ဝန်ကြီးချုပ်ကို ရွေးချယ်ရခြင်းပင် ဖြစ်သည်။ ကွန်ဆာဗေးတစ်များက တောင်းဆိုကြသည်မှာ ပီတ သည် ယခုအခါ ဖျက်သိမ်းပြီးဖြစ်သော မီဒီယာကုမ္ပဏီ၏ ရှယ်ယာများကို မည်မျှပိုင်ဆိုင်ထားကြောင်း လူသိရှင်ကြား ကြေညာရမည်ဟု ပြောသည်။

ယခုအချိန်အထိတော့ မစ္စတာ ပီတ သည် မေးလာသမျှကို ပယ်ချနေပါသည်။ သူက ရှယ်ယာမည်မျှ ပိုင်ဆိုင်သည်ကို တာဝန်ရှိသူများအား ပြောထားပြီးဖြစ်ပါသည်ဟု ဆိုသည်။ သူ့ကို ဆန့်ကျင်နေသူများကို ထိုင်း ပြည်သူ ၂၅ သန်း၏ဆန္ဒကို မသိဟန်ပြု၍ မိမိတို့ စိတ်ဆန္ဒကိုသာ ဦးစားပေး၍ ငြင်းပယ်နေခြင်းကို နားမလည်နိုင်ဖြစ်ရသည်ဟု ဆိုသည်။ ယခုအချိန်အထိ လူ ၁၄ ဦးကသာ သူ့ကို ထောက်ခံပါသည်ဟု ထုတ်ဖော်ပြောဆိုကြသည်။

မစ္စတာပီတ သည် ဟားဗတ် ကနေဒီကျောင်းနှင့် မက်ဆာချူးဆက် Sloan School တို့မှ စီမံခန့်ခွဲခြင်းဆိုင်ရာ ပူးတွဲဒီဂရီကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ သူက အမေရိကန်ပြည်မှာ နေစဉ်ကတည်းက မဲဆန္ဒရှင်တို့၏ အိမ်နေရာအရောက် သွားရသည့်နည်းကို သိထားပြီး ဖြစ်သည်ဟု ဆိုသည်။ ထိုင်းနိုင်ငံတွင် မဲပေးနိုင်သည့် နယ် ၁၆၀ ရှိရာ ၎င်းတို့ထံ အရောက်သွားပြီးပြီဟု ဆိုသည်။

သူ၏လက်ရှိအလုပ်မှာ အကြံပေးခြင်း (Consulting) လုပ်ငန်းနှင့် သူ့ဖခင် တည်ထောင်ခဲ့သော စားဆီလုပ်ငန်း၏ မန်နေဂျင်းဒါရိုက်တာနှင့် ဂရပ် (GRAB) ကုမ္ပဏီ၏ စီနီယာအုပ်ချုပ်သူ တယောက် ဖြစ်သည်။ အရှေ့ တောင်အာရှနိုင်ငံများတွင် ဂရပ်က အူဘာ (Uber) ကို ဝယ်ထားပြီး ဖြစ်သည်။ ရွေးချယ်ခံ ကိုယ်စားလှယ်တယောက်အနေဖြင့် စကားကို ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ပြောဆိုတတ်ပြီး မဲပေးသူ လူထုကလည်း သူ၏ ထိုအရည်အချင်းကို သဘောကျကြသည်။

သူသည် ဥရုဂွေးနိုင်ငံ၏ သမ္မတဖြစ်သူ ကိုဒါနို (Jose Alberto Mujca Cordarno) ကို လေးစား ကြည်ညိုသူ ဖြစ်သည်။ သူသည် သမ္မတမဖြစ်မီက စစ်တပ်အစိုးရ၏ ဖမ်းဆီးနှိပ်စက်ခြင်းကို ခံရသည်။ သူသည် သမ္မတဖြစ်လာသောအခါ နန်းတော်ထဲမှာ မနေဘဲမြို့ပြင်တနေရာ၌ တောအိမ်ကလေး ဆောက်ပြီး နေထိုင်၏။ ဗီယက်နမ်ခေါင်းဆောင် ဟိုချီမင်းနှင့်အလားတူ အနေရိုးရှင်း၍ ကိန်းကြီးခန်းကြီးမနိုင်သူ ဖြစ်သည်။

ထိုင်းနိုင်ငံရှိ အလယ်အလတ် ချမ်းသာသော မိသားစုနှင့် အထက်ပိုင်းလူတန်းစားအတွက် ပီတ သည် ဖြစ်နိုင်ဖွယ်ရှိသော သတို့သားကောင်းတယောက် ဖြစ်သည်။ ပညာတတ်သည်။ ရုပ်ချောပြီး စွမ်းဆောင်နိုင်သူလည်း ဖြစ်သည်။ အနာဂတ်ရှေ့သို့ (Future Forward) ပါတီကို တည်ထောင်သူ သနွမ်သွန်(Thaonathorn Jaungroongruangkit) က ၂၀၂၀ ခုနှစ်တွင် ပါတီကိုလေ့လာရန် ဖိတ်ခေါ်ခဲ့သည်။ ပါတီလုပ်ငန်းများကို လေ့လာပြီး များမကြာမီမှာပင် ပါတီဝင် ဖြစ်လာခဲ့သည်။ ထိုပါတီမှာ အစိုးရကပါတီကို ၂၀၂၀ ပြည့်နှစ်တွင် ဖျက်သိမ်းပြီး ပါတီဝင်လူကြီးများကို ရွေးကောက်ပွဲမဝင်ရန် ၁၀ နှစ်တာမျှ တားဆီးခြင်း ခံခဲ့ရသည်။

ပီတ မှာ ပါတီတွင် ကျန်ရစ်ပြီး လူကြီးတယောက် ဖြစ်လာခဲ့သည်။ သူသာ ဝန်ကြီးချုပ်ဖြစ်ခဲ့ပါက ထိုင်းနိုင်ငံသည် တရုတ်၏ သြဇာခံ၊ အမေရိကန်၏ သြဇာခံ မဖြစ်စေရဟု အာမခံသည်။ မိမိကံကြမ္မာကို မိမိဖန်တီးသူဖြစ်အောင် ကြိုးစားမည်ဟု ပြောသည်။ ၂၀၂၂ ခုနှစ်တွင် ရုရှားက ယူကရိန်းကို ကျူးကျော် တိုက်ခိုက်သောအခါ ရုရှားတပ်များ ယူကရိန်းမှ ချက်ချင်းပြန်လည်ဆုတ်ခွာရမည်ဟု တွစ်တာတွင် ရေးသားခဲ့သည်။ သူသည် ထိုင်း ပြည်တွင်းမှ အင်အားရှိသော နိုင်ငံရေးလေ့လာသူတစ်ဦးဖြစ်ပြီး ထိုင်းတွင် ထိုကဲ့သို့သော ခေါင်းဆောင်ကောင်းများရှားပါးလျက်ရှိသည်။

၂၀၁၉ ခုနှစ်တွင် သမီးတစ်ယောက် ရှိခဲ့ပြီး သူ၏ဇနီးဟောင်း သရုပ်ဆောင်မင်းသမီးဖြစ်သူ တီပန်နပ် (Chutima Teepanart) အိမ်တွင်း (Domastic Violance) ရက်စက်ကြမ်းကြုတ်သူအဖြစ် စွပ်စွဲခဲ့သည်။ တရားရုံးရောက်သောအခါ တရားရုံးက အိမ်တွင်းကြမ်းကြုတ်မှု မဖြစ်ပါဟု ဆုံးဖြတ်ခဲ့သည်။ သူ့ကို ချမ်းသာသော အဆက်အသွယ်ကောင်းသောမိသားစုတွင် မွေးဖွားခဲ့သည်။ ဖခင်မှာ စိုက်ပျိုးရေးဝန်ကြီးကို အကြံပေးသူ ဖြစ်သည်။ ဦးလေးတော်သူမှာတချိန်က တတ်ဆင် (Thaksin Shinawatra) ၏ ရင်းနှီးသော လက်ထောက်တဦး ဖြစ်သည်။ ဘီလီယံနာသူဌေးကြီး၏ အငယ်ဆုံးသမီးဖြစ်သူမှာ ဤရွေးကောက်ပွဲတွင် သူ၏ ပြိုင်ဘက်တယောက် ဖြစ်လာခဲ့သည်။

နောက်ထပ် ဦးလေးတယောက်မှာ ယခင်က စီးပွားရေးဝန်ကြီး တဦး ဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် အကျဉ်းကျခံရသည်။ သို့သော် သူ၏အမြင်မှာ နိုင်ငံရေးအရ ကျူးလွန်သည်ဟု စွပ်စွဲခံရသော နိုင်ငံရေးပြစ်မှုသာ ဖြစ်သည်။ သူ ငယ်ငယ် ငြိမ်သက်အေးဆေးသော ဘဝက သူ့ ဦးလေးဖြစ်သူကို ထောင်ဝင်စာတွေ့ရသည်။ ထိုစဉ်ကတည်းက နိုင်ငံရေးတွင် ရက်စက်ကြမ်းကြုတ်မှုများ ပါဝင်သည်ဟု သဘောပေါက်ခဲ့ပါသည်။

( ၃ )

နောင်နှစ်ပေါင်းများစွာကြာအောင် ထိုင်းနိုင်ငံတွင် နိုင်ငံရေးရာများ ရှုပ်ထွေးခဲ့သည်။ ဘုရင်ကို အသုံးချ၍ နိုင်ငံရေးပြိုင်ဘက်များကို ဖြိုချပုံ၊ တခုခု တိုက်ခိုက်စရာရှိပြီဆိုလျှင် ဘုရင်က နေရာတခုမှ ပါဝင်ရပုံများကို တွေ့ခဲ့ရသည်။ သူသည် ဂျပန်၊ အင်္ဂလန်နှင့် နော်ဝေးနိုင်ငံတို့တွင် ဘုရင်စနစ် ကျင့်သုံးကြပုံများကို လေ့လာသည်။ ဘုရင်စနစ် (Comstitutional monarchy) သည် အခြားနိုင်ငံများတွင် အဘယ်ကြောင့် တည်ငြိမ်ပြီး အဘယ်ကြောင့် ထိုင်းနိုင်ငံတွင် ဤသို့ မဟုတ်ရပါသလဲဟူသော မေးခွန်းကို တွေးမိသည်။

တိုင်းပြည်က ရှေ့သို့ချီတက်ခြင်းနှင့်အတူ ဘုရင်နှင့် ပြည်သူတို့၏ဆက်ဆံရေးကို လွှတ်တော်ထဲတွင် ပွင့်ပွင့်လင်းလင်း ဆွေးနွေးလိုခဲ့ပါသည်။ ထိုင်းဘုရင်သည် ပြည်သူတို့၏ ဘဝကို စိုးမိုးသည်ဟု တဖက်သတ် ယူဆသူများက ဤကိစ္စကို မဆွေးနွေးလိုကြပါ။ ထိုင်းဘုရင်မင်းမြတ်၏ပုံကို နောက်ခံထား၍ “ကျွန်တော်တို့ ခေတ်သစ်ကို ရောက်ပါပြီ” ဟု ပြောသည်။

ကိုသန်းလွင်

Ref: He won Thiland Votes.But will he get to lead?  By Sui Lee Wee NY Times May 22



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar