Breaking News

သေဆုံး၊ ပျက်စီးမှု စာရင်းအတိအကျ မရနိုင်သေးတဲ့ မိုခါ ဆိုင်ကလုန်း

မြန်မာနွေဦး ခရိုနီကယ် - မေ ၁၅ မြင်ကွင်း

(မိုးမခ) မေ ၁၆၊ ၂၀၂၃


သေဆုံး၊ ပျက်စီးမှု စာရင်းအတိအကျ မရနိုင်သေးတဲ့ မိုခါ ဆိုင်ကလုန်း 

မိုခါ ဆိုင်ကလုန်း မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်ကို ဖြတ်သန်းဝင်ရောက်သွားတာ ၂၄ နာရီကျော်လာပေမယ့် ဒီဆိုင်ကလုန်းမုန်တိုင်းကြောင့် သေဆုံးရသူ ဘယ်လောက်ရှိသလဲ၊ ပျက်စီးမှု အတိုင်းအတာဘယ်လောက်ကြီးမားသလဲဆိုတဲ့ စာရင်း ကိန်းဂဏန်းတွေ တိတိကျကျ မကောက်ယူနိုင်ကြသေးတဲ့ အနေအထားဖြစ်ပါတယ်။ 

မုန်တိုင်း ကုန်းတွင်းမဝင်ရောက်ခင် နာရီပိုင်းကတည်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရခိုင်ပြည်နယ် မှာတင်မကပဲ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်လို တို့မှာသေဆုံးမှုတွေ ကနဦးသတင်းအရ ကြားသိရပြီး မုန်တိုင်း ကုန်းတွင်းဝင်ရောက်ပြီးနောက် ရခိုင်ပြည်နယ်က မြို့အတော်များများမှာ ထိခိုက်မှုတွေ သေဆုံးမှုတွေ ထပ်ရှိလာတာ ဖြစ်ပါတယ်။ ခုချိန်ထိ သိရှိရသလောက် သေဆုံးမှုအရေအတွက် အနေနဲ့ ရခိုင်ပြည်နယ်ပြင်ပမှာ အနည်းဆုံး ၁၀ ဦးခန့်ရှိနေပြီး ရခိုင်ပြည်နယ်မြို့တွေမှာတော့ အတည်ပြုနိုင်သူ သေဆုံးသူ ၁၀ ဦးထက်မနည်း ရှိနေပြီဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာ ပို့စ်တခုမှာတော့ စစ်တွေမြို့အနီးက ဒါးပိုင် ရိုဟင်ဂျာ ဒုက္ခသည် စခန်းက ဒုက္ခသည်ရာနဲ့ချီပြီး ရေနဲ့မျောပါ အသက်ဆုံးရှုံးခဲ့ရတယ်လို့ ရေးသားထားတာ တွေ့ရပြီး သီးခြား သတင်းဌာနတွေက အတည်ပြုရေးသားတာ မတွေ့ရသေးပါဘူး။ 

မြန်မာနိုင်ငံရဲ့ သဘာဝဘေးအန္တရာယ် ကျရောက်မှုသမိုင်းမှာအဆိုးဆုံး ဖြစ်ရပ်ဖြစ်တဲ့ ၂၀၀၈ ခုနှစ်မေလ ဆိုင်ကလုန်း နာဂစ်ကြောင့် လူသိန်းနဲ့ချီ သေဆုံးမှုတွေနဲ့ နှိုင်းယှဥ်ရင် အခု ဆိုင်ကလုန်းမိုခါ ကြောင့်သေဆုံးမှုက အလွန်နည်းပါးတဲ့ ကိန်းဂဏန်းလို့ ဆိုနိုင်ပါလိမ့်မယ်။ သို့ပေမယ့် မုန်တိုင်းကုန်းတွင်းဝင်ရောက်ပြီး ၂၄ နာရီကျော်ရုံရှိသေးတဲ့ အချိန်မို့ ထိခိုက်သေဆုံးမှု ကိန်းဂဏန်းတွေ ကျယ်ကျယ်ပြန့်ပြန့် မရရှိသေးတာလည်း ဖြစ်ပါတယ်။ ဆိုင်ကလုန်း နာဂစ် အဖြစ်အပျက်တုန်းက မမျှော်လင့်ထားလောက်တဲ့ လူ့အသက်သေဆုံးမှုတွေ ရှိခဲ့ကာ မြင့်မားလွန်းတဲ့ ကိန်းဂဏန်းတွေ ဖြစ်ပြီး ထိခိုက်ပျက်စီးမှုကလည်း ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းမှာတင် အများအပြားရှိခဲ့တာ ဖြစ်ပါတယ်။  အဲဒီအချိန်ကာလကလည်း စစ်အစိုးရအုပ်ချုပ်ကာ တိကျတဲ့ စာရင်းကောက်ယူမှုတွေ၊ လွတ်လပ်စွာ အကူအညီပေးခွင့်တွေ မရှိခဲ့တဲ့ ကာလဖြစ်သလို အခု ဆိုင်ကလုန်း မိုခါ ဝင်ရောက်တဲ့အချိန်မှာလည်း မြန်မာနိုင်ငံ နေရာအနှံ့အပြားမှာ လက်နက်ကိုင် ပဋိပက္ခတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေတာကြောင့် စစ်အုပ်ချုပ်ရေး၊ မထင်ရင် မထင်သလို ဖမ်းဆီးခံရတာ သတ်ဖြတ်ခံရတာ၊ ထောင်ချခံရတာတွေကြောင့် လွတ်လပ်တဲ့ အချက်အလက်ကောက်ယူမှု အကူအညီပေးမှုတွေ ရှိဖို့ ခဲယဥ်းတဲ့အခြေအနေ ဖြစ်ပါတယ်။ 

လတ်တလောက သိရှိရတဲ့ သတင်းအချက်အလက်တွေအရ ပျက်စီးမှု အများဆုံးက ရခိုင်ပြည်နယ် ဖြစ်ပြီး မြို့အနေနဲ့ စစ်တွေ၊ ကျောက်တော်၊ ရသေ့တောင်၊ မင်းပြား၊ မြောက်ဦး၊ ဂွ၊ ကျောက်ဖြူ၊ သံတွဲ၊ ပေါက်တော စတဲ့မြို့တွေမှာ အပျက်အစီးက တော်တော်လေးများပြားတာတွေ့ရသလို လောလောဆယ် သတင်းမီဒီယာတွေ မစုံစမ်းနိုင်သေးတဲ့ ကျေးရွာတွေ၊ မုန်တိုင်းကုန်းတွင်းဝင်ရောက်သွားတဲ့ လမ်းကြောင်းတလျှောက်က ချင်းပြည်နယ်နဲ့ မကွေးတိုင်းအထက်ပိုင်းက ကျေးရွာတွေ ရဲ့ အပျက်အစီး လူသေဆုံးမှုတွေ ရှိနေဦးမှာဖြစ်ပါတယ်။ 

ရခိုင်ပြည်နယ်မြို့တော်ဖြစ်တဲ့ စစ်တွေမြို့ကို မုန်တိုင်းကျော်ဖြတ်ပြီးနောက် ကျန်ရစ်တဲ့အနေအထားကို ကြည့်ရင် နေအိမ်တွေ၊ ရုံးတွေ၊ ဘုန်းကြီးကျောင်း၊ ဘာသာရေး အဆောက်အဦတွေ အားလုံးနီးပါး အမိုးတွေ လွင့်ပါပျက်စီးကုန်ကြတာတွေ့ရမှာပါ။  လျှပ်စစ်မီးတိုင် အားလုံးနီးပါး လဲကျပြီး လျှပ်စစ်မီး ပြတ်တောက်နေတဲ့ အနေအထား၊ ဆက်သွယ်ရေး တာဝါတိုင်တွေ ကျိုးကျတာ၊ ဆက်သွယ်ရေး ကွန်ရက် အများစုက ပြတ်တောက်နေတာ၊ လူထုရဲ့ သောက်သုံးရေ ရယူတဲ့ ရေတွင်း ရေကန်တွေ မုန်တိုင်းကြီးစဥ် ဒီရေဝင်ရောက်လို့ နစ်မြုပ်ပျက်စီးသွားတာ အရေးပေါ်ရိက္ခာနဲ့ သောက်သုံးရေ ဆေးဝါး လိုအပ်နေကြတာတွေ တွေ့ရမှာဖြစ်ပါတယ်။ 

စစ်တွေအပြင် ရခိုင်ပြည်နယ်မြောက်ပိုင်းက ရသေ့တောင်မြို့ နဲ့ ကျောက်တော်မြို့တို့မှာတမြို့လုံးနီးပါး ပျက်စီးနေတာ သတင်းဓာတ်ပုံတွေကြည့်ရင် တွေ့ရမှာ ဖြစ်ပါတယ်။ နေအိမ်တိုင်း အဆောက်အဦတိုင်း ခေါင်မိုးတခုလုံးသို့မဟုတ် တစိတ်တပိုင်း လွင့်ပါသွားတာ တွေ့ရပါတယ်။ 

ဒီအခြေအနေတွေကိုကြည့်ရင် အမိုးအကာ နေအိမ်၊ ရိက္ခာလိုအပ်မှုက ကနဦး အရေးတကြီးဖြည့်ဆည်းရမယ့် အနေအထားဖြစ်ပြီး စစ်တွေနဲ့ ရခိုင်ပြည်နယ်မှာ အုပ်ချုပ်ရေး အရထိန်းချုပ်ထားတဲ့ စစ်ကောင်စီက ဒီအရေးပေါ် လိုအပ်ချက်တွေကို ဘယ်လို ဖြေရှင်းဆောင်ရွက်မလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ 

စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင် အနေနဲ့ မုန်တိုင်း ဝင်ရောက်ပြီးနောက်တနေ့ မွန်းလွဲပိုင်းမှာတင် စစ်တွေကိုရောက်ရှိလာပြီး ကူညီ၊ ကယ်ဆယ်ရေးတွေကို ဦးစီးကွပ်ကဲနေတဲ့ သတင်းဓါတ်ပုံတွေ စစ်ကောင်စီ သတင်းစာနဲ့ ရုပ်သံတွေမှာ တွေ့နေရတာ ဖြစ်ပါတယ်။ သဘာဝဘေးအန္တရာယ် ကျရောက်ချိန်မှာ ဘယ်အဖွဲ့အစည်းမဆို နိုင်ငံရေးအရ အမြတ်မထုတ်ကြဖို့ သဘာဝဘေးဒဏ်ကို ခံစားနေကြရတဲ့ လူအများစုအတွက် ဆောင်ရွက်နိုင်တာမှန်သမျှ ပူးပေါင်းဆောင်ရွက်ကြဖို့ လူသားချင်းစာနာမှုဆိုင်ရာ ကျင့်ဝတ်အရ တာဝန်ရှိကြတာ ဖြစ်ပါတယ်။ သို့သော်လည်း စစ်ကောင်စီအနေနဲ့ ၄င်းကို ထောက်ခံမှု အနည်းဆုံး ၊ စစ်ရေးအရ ယှဥ်ပြိုင်တိုက်ခိုက်မှု အင်အားကောင်းတဲ့ ရက္ခိုင့်တပ်တော် အခြေစိုက်တဲ့ ရခိုင်ပြည်နယ် ရဲ့ သဘာဝဘေး ကယ်ဆယ်ရေးမှာ ဘယ်လောက် သဘောထား မှန်ကန်မလဲဆိုတာလည်း သံသယထားရှိ စောင့်ကြည့်ရမယ့် ကိစ္စဖြစ်နေပါတယ်။ 

ရခိုင်ပြည်နယ် ပြီးနောက် မုန်တိုင်းဒဏ် ဆိုးရွားစွာ ခံစားကြရတဲ့ ဒေသတွေက ချင်း၊ မကွေး၊ စစ်ကိုင်းတို့ ဖြစ်ပါတယ်။ ချင်းပြည်နယ် တောင်ပိုင်း ဆမီးကျေးရွာ၊ လိုင်လင်းပီ စတဲ့ကျေးရွာတွေမှာ အပျက်အစီးတွေ အများအပြား ရှိခဲ့တဲ့အကြောင်း သတင်းအချို့မှာပါရှိလာတာတွေ့ရပါတယ်။ ချင်းပြည်နယ်ရဲ့ ကျန်တဲ့ ဒေသတွေမှာ ဘယ်လောက်ထိခိုက်ပျက်စီးမှုတွေ ရှိနေသလဲ၊ မကွေးတိုင်းအထက်ပိုင်း ဆောနယ်၊ ဂန့်ဂေါမြို့နယ်မှာရော ဘယ်လောက် ထိခိုက်သေဆုံးမှု ပျက်စီးမှုရှိသလဲ တိတိကျကျ မသိရသေးတဲ့ အနေအထား ဖြစ်ပါတယ်။

လက်နက်ကိုင် တိုက်ပွဲတွေ နဲ့ စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးပြီး ကျေးရွာတွေကို ဖျက်ဆီး ၊ ဒေသခံတွေ သတ်ဖြတ်ခံရလေ့ ရှိတဲ့ စစ်ကိုင်းတိုင်းမှာတော့ မုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းနေချိန် ကျေးရွာတွေအနီးအနားက ချောင်းရေတွေ မြင့်တက်လာချိန်မှာလည်း စစ်ကောင်စီက စစ်ကြောင်းထိုးတာ ရွာတွေဝင်တာတွေ လုပ်ဆောင်ခဲ့လို့ ကနီမြို့နယ်ထဲက ကျေးရွာတချို့မှာ လူသောင်းဂဏန်းအထိ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတာ ဖြစ်ပါတယ်။ 

ဒီလိုသတင်းတွေက စစ်ကောင်စီအနေနဲ့ သဘာဝဘေးအန္တရာယ် ကျရောက်ချိန်မှာတောင် စစ်ဆင်ရေး ၊ လက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တွေကို အလစ်အငိုက်ရယူတိုက်ခိုက်ဖို့ ဝန်မလေးတာတွေ့ရပြီး လူ့ကျင့်ဝတ်အရ ဘယ်လိုမှ မလုပ်သင့်တဲ့အရာကို လုပ်ဆောင်နေတာလည်း ဖြစ်ပါတော့တယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar