Breaking News

ကြည်နိုင် - မုဆိုးကြီး


မုဆိုးကြီး 
ကြည်နိုင် 
(မိုးမခ) မေ ၁၆၊ ၂၀၂၃

 * ရိုင်းစိုင်းမှုကို အမဲလိုက်ဖို့ 
    ငါ ထွက်ခဲ့တယ်။ 

    မုဆိုးကြီးရဲ့ အသံ 
    ငါ့နားထဲ ပဲ့တင်ပြန်နေရဲ့။ 

 * ကျား-လက်အုံ ၊ ဆင်-ဦးနှောက် 
    ကျန်တဲ့အကောင် လက်နောက်၊
    မုဆိုးတို့ရဲ့ ချက်ရွေးလင်္ကာ 
    အဆောင် လက်ဖွဲ့ပမာ 
    ငါ့နှုတ်ဖျား ပါခဲ့ပြီ။ 

 * နယ် မြေကျွမ်း၊ ခြေသံလုံ 
    တောရဂုံ တောင်ဆင်းတောင်တက် 
    ဒူးလေးကနေ တူမီးဆက် ၊
    ချက် ဆို နားခွက်က မီးတောက်၊
    ဘယ်တောကောင် ဘယ်ကိုရောက်သလဲ။ 

 * ရန်သူကို အနံ့ခံ 
    ခြေရာခံ နားစွင့် ၊
    သတိတမန် ဆိုတဲ့စကား 
    နှလုံးသားမှာ မင်ရဲထိုး 
    မုဆိုးကို စိုင်သင် 
    လျင်သူ စားတမ်းပ။ 

 * ဘယ်ခြောက်ကာ ညာလှမ်း 
    ပရိယာယ်လည်း ကျွမ်းစေ ၊
    လမ်းမပျောက်စေနဲ့ ၊
    မြွေပါးပျဉ်းကို ထွေခင်းပစ်၊
    ချင်းတို့ရဲ့ ရာဇဝင်မှာ ထင်ရှား 
    ကျွမ်ဘိ ဆိုတာ စံပြည့်တဲ့ သူရဲကောင်း။ 

 * ဘိုးဘွားစဉ် သက်ဆင်း 
    စိတ်ရှင်း လူရှင်း 
    ဘွင်းဘွင်းနဲ့ အရိုးခံကို 
    တစ်မျိုးဖန် အကြံယုတ် 
    ကလိန်းကလက် ထိပါး 
    စော်ကားရင် ငုံ့မခံ ၊
    ရန်သူ့လက်နက် ကိုယ့်လက်နက်ပဲ။ 

 * လက်သည်းဆိတ်တော့ လက်ထိပ်နာ 
    ပြည်အလုံးဟာ သားချင်းတွေ ၊
    ကျဉ်းမြောင်းတဲ့ စိတ်ဓာတ် 
    ငါတို့ကို အရောင်မဟပ်ဘူး။ 

 * ရေမြေ သဘာဝ ငါတို့ချစ်ခဲ့ ၊
    တောင်ဇလပ် ပန်းရနံ့ 
    မပျံ့အောင် ဘယ်သူတားမလဲ ၊
    တစ်သားတည်း စိတ်ဓာတ်ဟာ 
    ငါတို့သွေးမှာ ပျံ့ခဲ့ပြီ။ 

 * အခုတော့ 
    တောချုံကို လျှိုးရာက 
    တိုးထွက်ခဲ့ပြီ၊ ထိုးထွက်ပြီ။ 

 * ရိုင်းစိုင်းမှုကို အမဲလိုက်ဖို့ 
    ငါတို့ စစ်ထွက်ခဲ့ပြီ တဲ့။ 

    မုဆိုးကြီးရဲ့ စကား 
    နားထဲမှာ ပဲ့တင်လွှမ်း 
    နောက်မဆုတ်တမ်း၊ အားအစွမ်းတွေ 
    ငါတို့ရင်မှာ ဖြာဝေခဲ့ပြီပဲ။  ။
                               
    ၁၅၊ ၅၊ ၂၀၂၃
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar