ကိုသန်းလွင် - ဆိုဒီယမ် ဘက်ထရီ
ကိုသန်းလွင် - ဆိုဒီယမ် ဘက်ထရီ
(မိုးမခ) မေ ၁၆ ၊ ၂၀၂၃
( ၁ )
တရုတ်ပြည်၏ အတွင်းပိုင်းကျသော ချန်ရှား (Changsha) နယ်တွင် ထောင်ပေါင်းများစွာသော ဓါတုဗေဒပညာရှင်များ၊ အင်ဂျင်နီယာများ ထုတ်လုပ်ရေး လုပ်သားများက ဘတ်ထရီ၏ နောက်ပိုင်းတွင် ဖြစ်လာမည့် ပုံစံအသစ်ကို ဖော်ဆောင်နေကြပါသည်။ မြို့တော်၏ အလယ်ပိုင်းနှင့် တောင်ပိုင်းကျသော အရပ်မှာရှိသည့် တက္ကသိုလ်တွင် ဘွဲ့ရလာသော ပညာတတ်များက ဤပရောဂျက်ကို အကောင်အထည်ဖော်နေကြခြင်း ဖြစ်ပါသည်။ စကင်းဖို့ဒ် တက္ကသိုလ်ကျောင်းဆင်းများက မိုက်ခရိုချစ်ပ များနှင့် ဆီလီကွန်း တောင်ကြားကို ဖန်တီးသည်နှင့် ဆင်ဆင်တူလှပါသည်။
ချန်မြစ် (Xiang) ဝှမ်း ပတ်ဝန်းကျင်တွင်ရှိသော စက်ရုံအများအပြားသည် တွင်းထွက်ဓာတ်သတ္တုများကို စုပေါင်း၍ ကွန်ပေါင်းတခုဖြစ်အောင် ပြုလုပ်၍ ပြန်လည်ဓာတ်အားသွင်းနိုင်သော ဘက်ထရီတစ်ခု ဖြစ် အောင် ဖန်တီးကြပါသည်။ ထိုဘက်ထရီများကို လစ်သီယမ် ဒြပ်စင်ဖြင့် ပြုလုပ်ပြီး မိုဘိုင်းဖုန်းများနှင့် အခြား လူသုံးလျှပ်စစ်ပစ္စည်းများဖြစ်အောင် စီစဉ်ခဲ့ကြပါသည်။ သူတို့သည် မော်တော်ကားထုတ်လုပ်ပုံကို အသွင် ပြောင်းခဲ့ကြပြီး ယခုလည်း ဆိုလာပင်နယ်များ၊ လေရဟတ်များဖြင့် ရာသီဥတု ပြောင်းလဲခြင်းကို ခုခံနိုင်ရန် ဓာတုဗေဒနည်းအရ ပြင်ဆင်ခဲ့ကြပါသည်။
တရုတ်ပြည်သည် ကမ္ဘာကြီးကို နောက်ထပ်တစ်ကြိမ် ပြောင်းလဲရန်အတွက် တာစူနေကြပြန်ပါသည်။ လစ်သီယမ်ဒြပ်စင်ကို ဓာတ်အားသွင်းနိုင်သော ဘတ်ထရီများတွင် သုံး နိုင်ခဲ့သလို ယခုအခါ ပိုမိုများပြားပြီး အလွယ်တကူရရှိနိုင်သော ဆိုဒီယမ်နှင့် လစ်သီယမ်ကို အစားထိုးနိုင်ရန် ဖြစ်ပါသည်။
( ၂ )
ဆိုဒီယမ်ကို အိမ်သုံးဆားများတွင် တွေ့နိုင်ပြီး လစ်သီယမ် ဈေး၏ ၁ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းအထိသာ ရှိပါသည်။ သတ္တုနှစ်မျိုးလုံးမှာ ဓာတုဗေဒဆိုင်ရာ အရည်အချင်းများမှာ တူညီကြပြီး မကြာမီက တွေ့ရှိချက်အရ ဆိုလျှင် ဆိုဒီယမ်ဘက်ထရီများကို နေ့တိုင်း အားပြည့်အောင် သွင်းနိုင်ပြီး နှစ်တာရှည် သုံးနိုင်ပါသည်။ ဆိုဒီယမ် ဘက်ထရီအိုးများ၏လျှပ်စစ်စွမ်းအင်ကို သိုလှောင်နိုင်စွမ်းမှာလည်း တစတစ တိုးတက်လာသည်ကို တွေ့ရပါသည်။
ဆိုဒီယမ် ဘတ်ထရီများ၏ အဓိက အားသာချက်မှာ အပူချိန်သည် သုညအမှတ် အောက်သို့ ရောက်သွားလျှင် လျှပ်စစ်အားကို အင်အားမလျှော့တော့ဘဲ ထိန်းသိမ်းထားနိုင်သည်ကို တွေ့ရသည်။ လစ်သီယမ် ဘက်ထရီများတွင် ဤလိုစွမ်းရည်မျိုး မရှိပါ။
BASF ကုမ္ပဏီသည် ဂျာမနီနိုင်ငံမှ ပိုင်ဆိုင်ပြီး ချန်ရှားဒေသတွင် ဘက်ထရီထုတ်လုပ်ရေးလုပ်ငန်းကို လုပ်ကိုင်လျက်ရှိသည်။ ၎င်းသည်ဘက်ထရီများကို အများဆုံးထုတ်လုပ်ပေးပြီး ယခုအခါ ဆိုဒီယမ်ဘက်ထရီ ထုတ်လုပ်သည့် စက်ရုံတခုကို တည်ဆောက်လျက်ရှိသည်။ တရုတ်အင်ဂျင်နီယာများက ပြောသည်မှာ လစ်သီယမ်ဘက်ထရီ ထုတ်လုပ်သည့် ပစ္စည်းကိရိယာများကို ဆိုဒီယမ်ဘက်ထရီများ ထုတ်လုပ်ရာတွင်လည်း အသုံးပြုနိုင်သည်ဟု ဆိုသည်။ တရုတ်အမျိုးသားထဲမှ အကြီးဆုံးကုမ္ပဏီဖြစ်သည့် CATL ကုမ္ပဏီက ဆိုဒီယမ်နှင့် လစ်သီယမ် ဒြပ်စင်နှစ်မျိုးစလုံးကို အသုံးပြု၍ ဆဲလ်တခုထဲတွင် ရောပေါင်းကာ အသုံးပြုနိုင်အောင် စီစဉ်ထားပြီးပြီဟု ဆိုသည်။ ဆိုဒီယမ်ဘက်ထရီများမှာ ရာသီဥတုဒဏ်ကိုခံနိုင်ပြီး ထုတ်လုပ်ရာတွင် ကုန်ကျသည့်စရိတ်မှာ သက်သာလှသည်။ ထို့ကြောင့် လစ်သီယမ်နှင့်တွဲ၍ ထုတ်လုပ်နိုင်ပြီဆိုလျှင် အကောင်းဆုံး ဘတ်ထရီများကို ရနိုင်ကြပါသည်။
ကုမ္ပဏီက ယခုအခါ ထိုရောပေါင်းထားသော ဘက်ထရီများကို အများအပြားထုတ်လုပ်ရန် ပြင်ဆင်ပြီး ဖြစ်သည်။ နိုင်ငံတကာကုမ္ပဏီ (Multinational) အများအပြားက ယခုအခါ ဆိုဒီယမ် ဘက်ထရီများ၏ အသုံးဝင်ပုံကို သတိပြုမိနေကြပြီး ၎င်းတို့ကို့ အသုံးပြုရန် စီမံချက်များ ရေးဆွဲနေကြသည်။
ဆိုဒီယမ်ဘက်ထရီများကို စတင်အသုံးပြုရန် ၁၉၇၀ ပြည့်နှစ်များမှ စတင်၍ အမေရိကန် အင်ဂျင်နီယာ များက ကြံရွယ်ခဲ့ကြသည်။ စီးပွားဖြစ် လုပ်ကိုင်နိုင်ရန်ကိုမူ တရုတ်ကုမ္ပဏီများက စတင်ခဲ့ကြခြင်း ဖြစ်သည်။ တကမ္ဘာလုံးတွင် ဆိုဒီယမ်သုံး ဘတ်ထရီစက်ရုံးပေါင်း အလုံး ၂၀ ခန့် တည်ဆောက်ရန် ကြံရွယ်ထားကြရာ ၁၆ လုံးမှာ တရုတ်ပြည်တွင်းတွင် တည်ဆောက်မည် ဖြစ်သည်။ ၂ နှစ်အတွင်းတွင် တကမ္ဘာလုံး ထုတ်လုပ်မှု၏ ၉၅ ရာခိုင်နှုန်းကို တရုတ်ပြည်တွင်းမှာ ထုတ်လုပ်ရန် ရည်ရွယ်သည်။ တချိန်တည်းမှာပင် လစ်သီယမ် ဘတ်ထရီ ထုတ်လုပ်မှုမှာ လျော့မသွားဘဲ ဆိုဒီယမ် ဘတ်ထရီထုတ်လုပ်မှုမှာလည်း တဟုန်တိုး တိုးမြင့်လာပါသည်။
နောက်အပတ်ထဲတွင် ကျင်းပမည့် ရှန်ဟိုင်းမြို့ ကားပြပွဲတွင် ဆိုဒီယမ်ဘတ်ထရီဖြင့် မောင်းသောကားကို ပြသရန် ပြင်ဆင်ထားကြပြီး ဆိုဒီယမ်ဘတ်ထရီကားများ ထုတ်လုပ်ရန်လည်း ကုမ္ပဏီအများအပြားက မိမိတို့ လျာထားချက်များ တင်ပြကြမည်ဖြစ်သည်။
တရုတ်ပြည်တွင်းတွင် လျှပ်စစ်ဖြန့်ဝေသည့် လျှပ်စစ်ဂရစ်များတွင် ဆိုဒီယမ်ဘက်ထရီကို အသုံးပြု ခြင်းများမှာလည်း များပြားလာပြီ ဖြစ်သည်။ အများဆုံး ဆိုဒီယမ်ဘက်ထရီများကို သုံးစွဲထားသည့် ဂရစ်များမှာ နေရာအနှံ့ရှိနေပြီ ဖြစ်သည်။ လျှပ်စစ်ဂရစ်များတွင် ဘက်ထရီကို အသုံးပြုခြင်းမှာ တရုတ်ပြည်တွင် အသုံးများနေပြီး တက်စလာကုမ္ပဏီက ရှန်ဟိုင်းတွင် ဆိုဒီယမ်ဘက်ထရီအိုး ထုတ်လုပ်သည့်စက်ရုံ တည်ဆောက် ရန်စီစဉ်နေပြီ ဖြစ်သည်။
လစ်သီယမ် ဘက်ထရီနှင့် နှိုင်းယှဉ်ချက်မှာ ဆိုဒီယမ်ဘက်ထရီများသည် တူညီသော လျှပ်စစ်အားပမာဏကို သိုလှောင်ရန်အတွက် အရွယ်အစား ပိုမိုကြီးမားသည်။ ဘက်ထရီအိုးထားစရာနေရာ အကန့်အသတ်ရှိသော မော်တော်ကားများ တည်ဆောက်ရာတွင် အခက်အခဲများရှိသည်။ သို့ရာတွင် လျှပ်စစ် ဂရစ်များတွင် နေရာကို လိုသလောက်ရနိုင်သဖြင့်ပို၍သင့်တော်သည်။ ဆိုလာပင်နယ်များ ထားရန်အတွက် နေရာ များစွာ လိုအပ်နေပေရာ ၎င်းတို့အနီးတွင် ဆိုဒီယမ်ဘက်ထရီအတွက် ထားစရာနေရာကို အထူးတလည် စီစဉ်ရန် မလိုတော့ပေ။
စွမ်းအင်ဆိုင်ရာ ကဏ္ဍတွင် ရာသီဥတု ဖောက်ပြန်ခြင်းကို ကာကွယ်ရန်အတွက် နေရောင်ခြည်နှင့် လေစွမ်းအင်ကို အသုံးပြုနိုင်ရန်မှာ ၎င်းတို့နှင့်တွဲ၍ လျှပ်စစ်ဓာတ်အားကို သိုလှောင်ရန် ဖြစ်ပေါ်လာပါသည်။ နေရောင်ခြည် ထွန်းလင်းတောက်ပချိန်နှင့် လေစွမ်းအင်ရရှိရန် လေတိုက်ချိန်တို့ ရှိကြရာ ထိုအချိန်များတွင် ထုတ်လုပ်သော လျှပ်စစ်ဓာတ်အားကို ဘက်ထရီအိုးများတွင် သိုလှောင်ထားခြင်းမှာ အကောင်းဆုံးဖြစ်သည်။ နေရောင်ခြည်နှင့် လေစွမ်းအားမရှိချိန်များတွင် လျှပ်စစ်ကို ပြန်လည်အသုံးချကြရန် ဖြစ်သည်။
ရှန်ဒေါင်းကဲ့သို့သော နယ်တွင် စွမ်းအင်ဈေးနှုန်းမှာ လူသုံးများသည့် ညနေခင်းအချိန်များတွင် အခြား အချိန်များထက် အဆ ၂၀ ခန့်ပိုပါသည်။ မနက်ခင်းနှင့် နေ့လယ်အခါများတွင် စွမ်းအင်ကို သိုလှောင်ထားရန်အတွက် လစ်သီယမ်ဘက်ထရီကို အသုံးပြုကြပါသည်။
မြစ်ကျဉ်း ၃ ခု ကုမ္ပဏီ (Three Gorges Corporation) ကဲ့သို့သော ကုမ္ပဏီများက ယခုအခါ ဆိုဒီယမ်ဘတ်ထရီများကို အစားထိုး အသုံးပြုရန် ပြင်ဆင်နေကြပါသည်။ တရုတ်ပြည်၏ အခြားနယ်များတွင်လည်း စွမ်းအင်ကို အများဆုံးထုတ်လုပ်သည့် အချိန်များမှ ရသည့်စွမ်းအင်ကို ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ သိုလှောင်ထားရန် လိုအပ်ပါသည်။
ဆိုဒီယမ်ဘတ်ထရီ ထုတ်လုပ်ရေးမှာ တခြားရှားပါးသော ဒြပ်စင်ပစ္စည်းများ မလိုအပ်ပါ။ ဥပမာ- လစ်သီယမ် ဘတ်ထရီ ထုတ်လုပ်ရာတွင် လိုအပ်သော ကိုဘော့ ကို ထုတ်လုပ်ရာတွင် အာဖရိကတိုက်မှ ကလေးလုပ်သားများကို သုံးခြင်း စသော လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုများ ရှိနေကြပါသည်။ လစ်သီယမ် ဘတ်ထရီ ထုတ်လုပ်ရာတွင် နီကယ်ကို တွဲသုံးရပြီး ၎င်းကို အင်ဒိုနီးရှား၊ ရုရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့တွင် တခြားတွင်းထွက်ပစ္စည်းများနှင့်အတူ ထုတ်လုပ်ပါသည်။
ဆိုဒီယမ်ဘတ်ထရီ ထုတ်လုပ်ခြင်းတွင် ကမ္ဘာတွင် ဦးဆောင်နိုင်ရန် တရုတ်ပြည်တွင် အခက်အခဲများ ရှိပါသည်။ လက်ရှိအခြေအနေတွင် ဆိုဒီယမ်ကို ဆိုဒါပြာ (Soda Ash) များမှ ရရှိနိုင်ပြီး အမေရိကန်ပြည် ဝိုင်အိုမင်း (Wyoming) အရပ်တွင် မိုင်းတွင်းများမှထွက်ရှိပြီး ကမ္ဘာ့ဆပ်ပလိုင်း၏ ၉၀ ရာခိုင်နှုန်းကျော်မှာ ထိုဒေသမှ လာသည်။ လွန်ခဲ့သော နှစ်သန်းပေါင်း ၅၀ ကျော်က အနည်ထိုင်နေခဲ့ပြီး ထို ဆိုလာပြာများကို အမေရိကန်တို့က မှန်များပြုလုပ်ရာတွင် အသုံးပြုသည်။
တရုတ်တို့ လက်ရှိ အသုံးပြုနေသည့် ဆိုဒီယမ်မှာ ကျောက်မီးသွေးမှ လာသည့်ပြုပြင်ထားသော စင်သက်တစ် (Synthetic) ဆိုဒါများ ဖြစ်ပြီး ဆိုဒီယမ်ထုတ်လုပ်ရေးမှာ တရုတ်ပြည်တွင် ပတ်ဝန်းကျင် ညစ်ညမ်းမှုနှင့် ပတ်သက်ပြီး အခက်အခဲများ ရှိသည်။ ၂၀၁၆ ခုနှစ်က (Alkali Slag) ပျော်ဆင်းမှုကြောင့် မြစ်ရေကြီးပြီး ရေများလျှံကာ ဒုက္ခရောက်ဖူးသည်။ ထိုရေလျှံမှုကြောင့် ဖြစ်ပေါ်လာသော ညစ်အကြေးများကို ပတ်ဝန်းကျင်သန့်ရှင်းရေး အေဂျင်စီက လိုက်လံရှင်းလင်းနေရဆဲပင် ဖြစ်သည်။
( ၃ )
ဆိုဒီယမ် သုံးစွဲရေးနှင့် ပတ်သက်ပြီး အခြားအခက်အခဲဆစ်ခုမှာ လစ်သီယမ် ဈေး အတက် အကျကြောင့် ဖြစ်သည်။ လစ်သီယမ်ဈေးမှာ ၁၉၁၇ ခုနှစ်မှစပြီး လေးဆမျှ ခုန်တက်သွားရာ ယခုအခါတွင်မူ ဈေးမှာ တည်ငြိမ်စပြုနေဆဲပင် ရှိသည်။ လစ်သီယမ် ဈေးကြီးနေပြီဆိုလျှင် စက်မှုလုပ်ငန်းတခုလုံးမှာ အခြား ရွေးချယ်စရာ မရှိတော့ပေ။ ဆိုဒီယမ် ဘက်ထရီများ၏ အခန်းကဏ္ဍမှာ ကျယ်ပြန့်လာရန်ရှိသည်။
ကိုသန်းလွင်
Ref: China leads on next big advance By Keith Bradsher N.Y. Times April 14 2023
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar