Breaking News

မာန်(တောင်လုံးပြန်) - နွေဦးဒီရေ

မာန်(တောင်လုံးပြန်) - နွေဦးဒီရေ

(မိုးမခ) မေ ၂၁ ၊ ၂၀၂၃

ပြည်တွင်းက နွေဦးမိတ်ဆွေ တစ်ဦးက မေးလာပါတယ်။

နွေဦးအရှိန်က ယူအက်စ်မှာ ဘယ်လိုရှိလဲတဲ့။

ကျလာတယ်လို့ပဲ ကျနော် ဖြေလိုက်ပါတယ်။

 ပြီးခဲ့တဲ့တစ်ပတ်ကျော်က လုပ်တဲ့ရန်ပုံငွေပွဲတစ်ပွဲ ဆိုရင် အတော်အခြေအနေဆိုးလှပါတယ်။

ဘာကြောင့်လဲ သိချင်ပြန်တော့ ခရီးရှည် ချီလာရတာရယ်၊ ယူအက်စ်မှာ ရှိနေကြတဲ့ နွေဦးဖေကာတွေ ခြေလှမ်းမကျဲနိုင်တာလည်းပါတယ်။

ပြည်တွင်းမှာ အကယ်ဒမီပေးပွဲစလာပြီးနောက်ပိုင်း လူထုရဲ့ အာရုံတွေ နွေဦးဘက်မှာ ပိုပြီးလျော့ပါးလာတာကြောင့်လည်း ဖြစ်မယ် ထင်တယ်။

ဒီနေရာမှာ ယူအက်စ်ရဲ့ နွေဦးဖေကာတွေအကြောင်း နည်းနည်းပြောပြပါမယ်။

ဥပမာ- ဦးကျော်မိုးထွန်းလို ပုဂ္ဂိုလ်မျိုးက ယူအက်စ်မှာ​ ခြေဆန့်ဖို့ လိုနေပါတယ်။

ဖို့ဝိန်းတို့၊ ဘက်ဖဲလိုးတို့၊ ရှားလော့တို့၊ ယူတီကာတို့၊ အော်ဘာနီတို့၊ ဖရော်ရီဒါတို့၊ ဂျက်ဆန်ဘေးတို့၊ စီအေတို့ စတဲ့ဒေသမျိုးက နွေဦးအမာခံတွေ၊ နွေဦးပြည်သူတွေနဲ့ ထိတွေ့ဖို့ ဆိုလိုတာပါ။

အခြားမြို့တွေ အများကြီး ရှိပါသေးတယ်။ ရန်သူက ပြည်တွင်းမှာ အရှိန်မြှင့်စရာ ခလုတ်တွေ များနေချိန်၊ ယူအက်စ်ရဲ့ နွေဦးအရှိန်ကျလာမှုဟာ အချိန်နဲ့အမျှ ရှေ့ခရီးအတွက် အရေးပါနေပါတယ်။

ယူအက်စ်မှာ အရှိန်ကျတာဟာ ပြည်တွင်းနွေဦးအတွက် အင်မတန် ထိခိုက်နိုင်ခြေရှိလာပါတယ်။

ဒီအခြေအနေကို အမြန်ဆုံး ပြန်မြှင့်တင်နိုင်ဖို့ နွေဦးဖေကာတွေ ခြေလှမ်းကျဲစေချင်ပါတယ်။

နွေဦးအမာခံတွေ အခိုင်အမာရှိတဲ့ ဒေသအသီးသီးက လူထုနဲ့ တွေ့ဆုံပွဲတွေ လုပ်ကြရပါမယ်။ အရင်က ဖေကာတွေရှိရာ ဗဟိုချက် ဒေသတွေဆီ လူထုက လာခဲ့ကြပြီးပါပြီ။ အခု ဖေကာတွေက လူထုတွေ နေထိုင်ရာဆီ ပြန်ခြေလှမ်းစကြဖို့ ဖြစ်ပါတယ်။ အချိန်ဆွဲနေမယ် ဆိုရင်တော့ ရှေ့ဆက်ရမယ့်နွေဦးဟာ ရင်လေးစရာတွေ ထပ်မံတွေ့လာရပါတော့မယ်။

 နယ်ဆင်မင်ဒဲလား ပြောဖူးတဲ့ စကားတစ်ခွန်းကို လေ့လာကြည့်ပါ။

" တော်လှန်ရေးတစ်ရပ်ရဲ့ အခြေအနေဟာ 

ကိုယ့်ပတ်ဝန်းကျင်မှာတင် အဖြေရှိတယ် ဆိုတာလိုပဲ"

နွေဦးအရှိန်ဟာ ပါဝင်ဆင်နွှဲနေကြသူတွေရဲ့ မိသားစုအတွင်းမှာတင် သွေးအေးလာပြီမို့ တိုင်းပြည်တခုလုံးအတွက် သက်ဆိုင်ရာနယ်ပယ်အသီးသီးက နွေဦးဖေကာတွေ အမြန်ခြေလှမ်းစကြစေချင်ပါပြီ။

သွေးကြွေးမှာ ဆွေးနွေးစရာမရှိတဲ့။

ကဲ၊  သွေးအေးသွားကြရင်ကော ...........။

  


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar