Breaking News

နတ်မှူး - မုန်တိုင်း မာရ်နတ်နှင့်လူများ

“မုန်တိုင်း မာရ်နတ်နှင့်လူများ”
နတ်မှူး
(မိုးမခ) မေ ၂၁၊ ၂၀၂၃

ဥပုသ်နေ့ဖြစ်၍ ဆေးခန်းပိတ်သောကြောင့် ကနေ့မနက် သံကန်ကြီးလက် ဖက်ရည်ဆိုင်မှာ ကျနော်တို့တတွေ ထိုင်ဖြစ်ကြသည်။ ကျနော်တို့ဆိုသည်မှာ ကဗျာဆရာတယောက်၊ ဂျာနယ်လစ်တယောက်နှင့် ဆရာဝန်တယောက် (ကျနော်) တို့ ဖြစ်သည်။ မိုခါမုန်တိုင်းပြီးကာစဖြစ်၍ ဆိုင်ထဲနှင့်လမ်းပေါ်မှာ အတန်လူရှင်းနေသည်။ ကျနော်က နိုစိမ်းတီးတခွက်မှာလိုက်ပြီး ဟိုနှစ်ယောက်က ပေါ့ဆိမ့်လက်ဖက်ရည်တခွက်နှင့် ကော်ဖီတခွက်မှာ လိုက်ကြသည်။

      “ မုန်တိုင်းဆိုတာ လေတွေ တအားတိုက်လို့ မုန်တိုင်းလို့ခေါ်တယ်လို့ပဲကျနော်သိတယ် ဒီထက်ပိုပြီး တိတိ ကျကျသိရင် ပြောကြပါအုံး ” ဟုကျနော်က စကားစလိုက်သည်။ ဂျာနယ်ဆရာက ”ကျနော်လည်း မိုးလေ ဝသပညာရှင်မဟုတ်တော့ အတိအကျမသိဘူး၊ အကြမ်းဖျင်းပြောရရင် ကမ္ဘာကြီးလည်ပတ်မှုပတ်ဝန်းကျင်အပူချိန်နဲ့လေထုဖိအားပြောင်းလဲမှုကြောင့်ဖြစ်လာတဲ့ လေတိုက်ခတ်မှုကို မုန်တိုင်းလို့ခေါ်တယ်။ မုန်တိုင်းကိုနေရာဒေသလိုက်ပြီး နာမည်အမျိုးမျိုးခေါ်ကြတယ်။ ဆိုက်ကလုံမုန်တိုင်း၊ ဟာရီကိန်းမုန်တိုင်း၊ တိုက်ဖွန်းမုန်တိုင်း စသဖြင့်ပေါ့ ” ဟုပြောသည်။ သူကလေ့လာမှု အားကောင်းသူတယောက်ဖြစ်သည်။
      ကဗျာဆရာက ” မုန်တိုင်းဆိုတာ လူတွေအတွက် ဖျက်ဆီးမှုတခု ဒါမှမဟုတ် မာရ်နတ်တကောင်ပဲဗျ။ မုန် တိုင်းမှာ လေတပ်သားတွေရှိတယ်ဗျာ၊ အဲဒီလေတပ်သားတွေက လူနေအဆောက်အဦတွေကို ဖြိုချဖျက်ဆီးပြီး အိုးအိမ်မဲ့တွေဖြစ်ပေါ်စေတယ်။ နောက်ရေတပ်သားတွေရှိတယ်ဗျာ။ မိုးကြီးပြီးရေလွှမ်းမိုးမယ်၊ ပင်လယ်လှိုင်းလုံးကြီးတွေတက်လာပြီး လူတွေရေနစ်သေမယ်၊ လယ်ယာကောက်ပဲသီးနှံတွေ ရေမြုပ်ကုန်မယ်။ ကန်တွေ ဆည်တွေကျိုးမယ်၊ မိုးကြိုးပစ်မယ်။ အောင်မယ် .. မာရ်နတ်က ခြေလျှင်တပ်သားတွေ ပါခေါ်လာတယ်။ မြေပြိုတာတွေ မြေငလျင်လှုပ်တာတွေပါ ဖြစ်တယ်။ အဆိုးဆုံးက မုန်တိုင်းကြောင့် လူတွေအများကြီး သေတာပဲ ။ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းတုန်းကဆို လူဦးရေ တသိန်းခွဲနီးပါး (၁၄၈၀၀၀) လောက်သေတယ်လို့ သိခဲ့ရတယ်။ နာဂစ်ကြောင့် ဗမာတွေ မုန်တိုင်းဆိုတာ ကြောက်စရာကောင်းပါလား ဆိုတဲ့ အသိဝင်လာတယ်” ဟုပြောသည်။
          ဂျာနယ်လစ်က “မုန်တိုင်းကြောင့် လူသေမှုက မုန်တိုင်းပြင်းအားနဲ့ဆိုင်ရုံတင်မကဘူး အချိန်နဲ့တပြေးညီ သတင်းမှန်ထုတ်ပြန်မှု မုန်တိုင်းရန်ကြိုတင်ကာကွယ်မှုတို့အပေါ်လဲ မူတည်တယ်။ မုန်တိုင်းအလွန်ကာလမှာ အရေးပေါ် စားနပ်ရိက္ခာ သောက်သုံးရေ ဆေးဝါးနဲ့ အရိပ်ခိုစရာ ယာယီတဲတွေလဲလိုတာပေါ့။ ကံဆိုးတာက နာဂစ်မုန်တိုင်းစဖြစ်တဲ့အချိန်မှာ မီဒီယာတွေက အခုလောက်မဖွံ့ဖြိုးသေးဘူး။ အခုလို Facebook တို့ You tube တို့မပေါ်သေးဘူး။ ခေတ်ကလည်းသတင်းမှန်ထုတ်ပြန်မရတဲ့ခေတ်ဆိုတော့ လူတွေက မုန်တိုင်းက ဘေးမဖြစ်လောက်ဘူးဆိုပြီး ပေါ့ပေါ့ တန်တန်နေကြတယ်။ နောက်အုပ်ချုပ်သူတချို့က ဗုဒ္ဓဘာသာနိုင်ငံမလို့ ဒီလိုကပ်ဘေးတွေမဖြစ်နိုင်ဘူး မုန်တိုင်းကဟိုဘက်နိုင်ငံကိုသွားလိမ့်မယ် ဆိုတဲ့အယူအဆရှိပုံရတယ်။ အမှန်တရားဖြစ်တဲ့ ဂြိုလ်တုသတင်းကိုမျက် ကွယ်ပြုလိုက်ကြတယ်။ အဲသလို စီမံခန့်ခွဲမှုညံ့ဖျင်းတော့ လူတွေ အများကြီးသေကြရတယ်။ မုန်တိုင်းက လူတွေ ကျွဲနွားတိရစ္ဆာန်တွေတင်သေတမဟုတ်ဘူး Ecosystem ခေါ်တဲ့ပတ်ဝန်းကျင်ဂေဟစနစ်ကို ထိခိုက်ပျက်စီးစေတယ်။ ဧရာဝတီတိုင်းက လယ်ယာမြေတချို့ဆို ပင်လယ်ဒီရေတွေ လွှမ်းမိုးတာကြောင့် စိုက်ပျိုးလို့ မရတော့ဘူး” ဟုပြောသည်။
     “မုန်တိုင်းကို နာဂစ် မိုခါ စသဖြင့် မိန်းမနာမည်တွေမှည့်ကြတယ်။ ဆိုလိုတာက မိန်းမတွေက ကောက်ကျစ် စဉ်းလဲတယ်၊ မာယာများတယ်၊ ယောက်ျားတွေကို သေစေနိုင်တယ်။ မုန်တိုင်းက မိန်းမနဲ့တူလို့ မုန်တိုင်းကို မိန်းမနာမည် ပေးတယ်လို့ ဒီလိုပြောကြတယ်။ အဒါဟုတ်သလားဗျ” ဟုကျနော်က မေးသည်။
     ကဗျာဆရာက ”အဲဒီအဓိပ္ပာယ်ဆိုရင်တော့ ကျနော်လက်မခံနိုင်ဘူး။ ဒါ gender discrimination (လိင်ခွဲခြားနှိမ်ချမှု)ပဲ။ မိန်းမဖျက်ရင် ပြည်ပျက်တယ် ဆိုတဲ့စကားရှိတယ်။ ဒီစကားကိုကျနော် မယုံဘူး။ မိန်းမတယောက်ကြောင့် ပျက်သွားတဲ့ တိုင်းပြည် ကျနော်မကြားဖူးဘူး။ ကျနော်ကသမိုင်းကို မကြေညက်တဲ့သူမို့ မကြားဘူးတာဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ သေချာတာက ကမ္ဘာစစ်ဖြစ်ခဲ့တာ ဟစ်တလာ၊ မူဆိုလီနီ .. စတဲ့ ယောက်ျားတွေကြောင့်ပဲ။ ဘယ်မိန်းမတယောက်ကြောင့်မှ မဟုတ်ဘူး။ နောက်မုန်တိုင်းတိုက်တယ်ဆိုတာ သဘာဝတရားတခုပဲ။ လူ့လောကကို ဖျက်ဆီးတယ်ဆိုတာလည်း မုန်တိုင်းက သူ့အလုပ်သူလုပ်တာပဲ။ ဒါကို မစာမနာ မိန်းမထုတရပ်လုံးကို ကိုယ်စားမပြုတဲ့ မိန်းမပျက်တယောက်နဲ့ နှိုင်းယှဉ်တာ အတော်မတရားတာပဲ” ဟု ကဗျာဆရာကဆိုသည်။
         ဂျာနယ်လစ်ကပြုံးလိုက်ပြီး ” မိုးလေဝသ ဆရာတွေက လူတွေမှတ်လို့လွယ်အောင် နာဂစ်၊ မိုခါ စသဖြင့်မိန်းမနာမည်တွေ ပေးတာပါ၊ လိင်ခွဲခြားချင်လို့မဟုတ်ပါဘူးလို့ ဖြေရှင်းတယ်ဗျ၊ စိတ်မဆိုးနဲ့တော့နော်” ဟုကဗျာဆရာကိုပြောသည်။ ကျနော်လည်း ရောယောင်ပြုံးမိသည်။
        အိမ်ပြန်ရောက်ချိန်မှာ ကျနော်က မုန်တိုင်းအကြောင်းကိုတွေးတော နေမိသည်။ မုန်တိုင်းတို့က ပင်လယ်ထဲမှာ  သန္ဓေတည်သည်။ နောက် အင်အားကြီးလာသည်။ လေတိုက်နှုန်းကိုမူတည်၍ မုန်တိုင်း၏ပြင်းအားကို အဆင့်ခွဲထားသည်။ လေတိုက်နှုန်း တနာရီ မိုင် ၇၀ အောက်ဆိုလျှင် အပူပိုင်း ဆိုက်ကလုံ၊ တနာရီ ၇၀ မှ ၁၂၀ မိုင်အထိလေတိုက်လျှင် ဆိုက်ကလုံမုန်တိုင်း၊ တနာရီမိုင် ၁၂၀ မှ ၁၅၀ အထိလေတိုက်လျှင်  စူပါဆိုက်ကလုံ၊ တနာရီမိုင် ၁၅၀ အထက်လေတိုက်လျှင် စူပ့ါစူပါဆိုက် ကလုံတဲ့။ မုန်တိုင်းက သူမွေးဖွားရာ ပင်လယ်ထဲမှာမနေ၊ လေဖိအားနည်းရာ ကုန်းတွင်းပိုင်းသို့ ချီတက်သည်။ မိုခါမုန်တိုင်းက အချင်းမိုင် ၅၀၀ ရှိသည်။ ရန်ကုန်မန္တလေး အကွာအဝေး မိုင် ၄၀၀ ထက်ပိုသည်။ လေတိုက်နှုန်းကလည်း စူပါ့စူပါတဲ့။ ထိတ်လန့်စရာကောင်းပေစွ။ ထိုမုန် တိုင်းသည် အစွမ်းကုန်ဖျက်ဆီးပြီး နှစ်ရက်အကြာမှာ ဗမာ့မြေပေါ်က ကွယ်ပျောက်သွားသည်။ မုန်တိုင်းက အနိစ္စနှင့်မကင်းသော သေမျိုးဖြစ်သည်။
      “ တချို့လူတွေကမုန်တိုင်းနဲ့ တော်တော်တူတယ်ဗျ၊ သူတို့မွေးဖွားလာတာလူတွေကို ဒုက္ခပေးဖို့ သက်သက်ပဲ။ မုန်တိုင်းကပမာဏကြီးလေ လေ တိုက်နှုန်းများလေ၊ လူရဲ့အသက်အိုးအိမ်စည်းစိမ်တွေ သေကြေပျက်စီးလေပဲ။ လူတွေလည်း မုန်တိုင်းလိုပဲ အကောင်ကြီးလေ၊ အမြီးရှည်လေ.. လူ့လောကငရဲကျလေပဲ၊ ဥပမာ ဟစ်တလာလိုလူမျိုးပေါ့ ” ဟု ကဗျာဆရာက ပြောသည်။
         သေချာစဉ်းစားကြည့်တော့ သူပြောသလို လူ့လောကမှာ မုန်တိုင်းနှင့်တူသော လူများရှိနေသည်ကို ထိတ်လန့်တကြား တွေ့ရသည်။ ထိုသူတို့က သူတို့သန္ဓေတည်ရာနယ်ပယ်မှာ တဖြည်းဖြည်းအင်အားကြီးလာသည်။ ထို့နောက် စူပါ့စူပါဆိုက်ကလုံအဖြစ် သူတပါးရပ်ဝန်းသို့ ဝင်ရောက်ကာ ဖျက်ဆီးတော့သည်။ မုန်တိုင်းမှာ စိတ်သို့မဟုတ် ခံစားချက်မရှိ။ ဖျက်ဆီးခြင်းဆိုသည်မှာ သူ့သဘာဝဖြစ်သည်။ မုန်တိုင်းမှာ  မေတ္တာမရှိ ကရုဏာမရှိ ။ သူသွားရာလမ်းကြောင်းကတွေ့သမျှ သက်ရှိသက်မဲ့အရာအားလုံးကို ဖြိုချတိုက်စားသွားမည်သာဖြစ်သည်။ မုန်တိုင်းက မာရ်နတ်နှင့်တူသည်။ သူ့မှာကြောက်စရာ စက်ဆုတ်စရာကောင်းသော နောက် လိုက်နောက်ပါ နတ်ဆိုးများရှိသည် ဟု ကဗျာဆရာကဆိုသည်။ ထိုအချက်ကို ကျနော်က သေချာစိစစ်ကြည့်မိသည်။ 
        အောင်ခြင်းရှစ်ပါးသီချင်းထဲမှာ “မာရ်နတ်မင်းရယ် အားမာန်တင်းကာ ဝဿဝတီနတ်ပြည်ကလာ စစ်ချီကာ ရန်တွေမူလို့ ဘုရားကိုယှဉ်တု ပလ္လင်လုပြန်တာ” ဟုဆိုထားသည်။ နတ်ဖြစ်၍ မာန်နတ်မှာ သူနှင့်ထိုက် တန်သော ပလ္လင်တော့ရှိလိမ့်မည်။ သို့ပါလျက် မတန်မရာ ဘုရားထိုင်တော်မူသော ပလ္လင်ကိုမှ လာလုခြင်းသည် မာန်နတ်၏ အဆင်ခြင်ကင်းသော လောဘကို ဖော်ပြနေသည်။ ဤနေရာတွင်တော့ မုန်တိုင်းကို မာန်နတ်နှင့်နှိုင်းယှဉ်ခြင်းအား ကျနော်လက်မခံနိုင်ပါ။ အကြောင်းမှာ မုန်တိုင်းသည် သက်မဲ့ဖြစ်ပြီး မာန်နတ်လို တပ်မက်သောလောဘ အလိုမပြည့်၍ ဖြစ်သော ဒေါသ၊ လုပ်သင့် မလုပ်သင့်မသိခြင်း ဟူသော မောဟမရှိသောကြောင့် ဖြစ် သည်။ မာန်နတ်က အတ္တကြီးသလောက် မုန်တိုင်းကအတ္တကင်းသည်။ မုန်တိုင်းမှာ အပြစ်တခုသာရှိသည်။ လူ့လောကကို အညှာ အတာကင်းစွာ ရက်ရက်စက်စက် ဖြိုခွင်းဖျက်ဆီးခြင်းဖြစ်သည်။ အောင်ခြင်းရှစ်ပါးသီချင်းထဲမှာ ဗုဒ္ဓက မေတ္တာတရားဖြင့် မာန်နတ်ကို အောင်မြင်ခဲ့ပုံအား ” သည်းခံပါ၍ အမျက်မထား ပါရမီ ဆယ်ပါးနဲ့ မာန်နတ်ရန် နင်းနှိမ်ပြန်ရှာ၊ မေတ္တာဓာတ်နဲ့ ဗုဒ္ဓံမြတ်စွာ၊ ဆောင်နှင်းခဲ့ အောင်ခြင်း ပထမပါ” ဟု တေးရေး သဟာယဆရာတင်က ရေးဖွဲ့ခဲ့သည်။
      မာရ်နတ်က သက်ရှိဖြစ်၍ ဘုရားရှင်က မေတ္တာဓာတ်နှင့် အောင်မြင်တော်မူသည်။ သို့သော် သက်မဲ့ဖြစ်သော မုန်တိုင်းကို သာမန်လူဖြစ်သော ကျနော်တို့က မေတ္တာပို့လို့ ဘာအကျိုးထူးမည်နည်း။ သဘာဝတရားဖြစ်သောမုန်တိုင်းကို ကြိမ်လုံးကိုင်ပြီး နှိမ်နင်းလို့ ဘယ်မှာအရာရောက်ပါမည်နည်း။ ကျနော်တို့လုပ်နိုင်သောအရာမှာ လူနှင့်ကျွဲနွားစသော သတ္တဝါတို့ မုန်တိုင်းဘေးက ကင်းဝေးပါစေ ... ဒုက္ခခပ်သိမ်ငြိမ်းပါစေ.. နှလုံးစိတ်ဝမ်းငြိမ်းချမ်းကြပါစေ...ဟု မေတ္တာပို့ ဆုတောင်းရုံသာရှိသည်။
        ကျနော်က လက်ဖက်ရည်ဆိုင်ထဲမှာ ဂျာနယ်ဆရာ၏ ကဗျာဆရာအပေါ် တုံ့ပြန်ပြောဆိုမှုကို ပြန်ကြားယောင်လာသည်။ ”လူတယောက်ရဲ့လူ့လောကအပေါ်ဖျက်ဆီးမှုကို မုန်တိုင်းရဲ့ဖျက်ဆီးမှုနဲ့ထပ်တူပြုတာတော့  ကျနော်လက်ခံပါတယ်၊ ဒါပေမဲ့ မုန်တိုင်းက အဆိုးချည်းမဟုတ်ဘူးဗျ၊ သူ့မှာကောင်းတဲ့အချက်တွေလဲ ရှိတယ်” ဟု သူကဆိုလာသည်။
ကျနော်ကအံ့ဩတကြီးဖြင့် ”မုန်တိုင်းရဲ့ ကောင်းကျိုးချမ်းသာတွေက ဘာတွေလဲဗျ လင်းစမ်းပါအုံး” ဟုမေးလိုက်သည်။ ဂျာနယ်ဆရာက မဆိုင်းမတွပင် ပြောသည်။
        တစ် ။ မုန်တိုင်းက လူနဲ့တိရစ္ဆာန်တွေ အသက်ရှင်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ရေချိုအရင်းအမြစ်ကို ဖြည့်ဆည်းပေးတယ်ဗျာ
      နှစ်။ သစ်ပင်နဲ့သီးနှံတွေ ကြီးထွားဖို့အတွက် ရေရရှိစေမဲ့ မိုးရွာသွန်းမှုကို ဖြစ်ပေါ်စေတယ်ဗျာ။ ကျနော်တို့နေတဲ့ ကမ္ဘာ့အပူဆုံးမြို့အဖြစ်စံချိန်တင်တဲ့ ချောက်မြို့က ဆရာတို့သိတဲ့အတိုင်း သူများဆီမုန်တိုင်းတိုက်မှ ကိုယ်ဆီမိုးရွာတာမဟုတ်လား။ ဒါ မုန်တိုင်းရဲ့ကျေးဇူးလေဗျာ။ ဒီလိုပြောရတာ ရခိုင်တို့ ချင်းတို့ကိုတော့ အားနာပါတယ်။
     သုံး။ လေထုထဲမှာရှိတဲ့ ဖုန်မှုန့်တွေ မီးခိုးတွေ အညစ်အကြေးတွေကို မုန်တိုင်းကဆေးကြောပြီး လေထုညစ်ညမ်းမှုကို လျှော့ချပေးတယ်ဗျာ
     လေး။ ပူရင် တောမီးလောင်ပြီး  သစ်တောတွေ တောရိုင်းတိရစ္ဆာန်တွေ မြို့ရွာတွေ မီးလောင်ပျက်စီးရတာ သတင်းတွေထဲမှာ မကြာခဏ တွေ့ကြရတယ်။ မိုးရွာချခြင်းအားဖြင့် မြေကြီးနဲ့သစ်တော​တွေကိုစွတ်စိုစေပြီး မုန်တိုင်းက တောမီးလောင်ခြင်းကိုကာကွယ်ပေးတယ်ဗျာ။ ဒီအချက်တွေက ကျနော်သိသလောက် မုန်တိုင်းရဲ့ ကောင်ကျိုးချမ်းသာတွေပဲ။ မုန်တိုင်းရဲ့ ကောင်းကျိုးနဲ့ ဆိုးပြစ်ကိုယှဉ်ရင် ကုသိုလ် တပဲ၊ ငရဲတပိဿာလို့  အရပ်စကားနဲ့ပြောနိုင်တယ် ” ဟုဂျာနယ်ဆရာက ဆိုသည်။
      ကဗျာဆရာက သက်ပြင်းတချက်ချလိုက်ပြီး “ တချို့လူတွေက လူ့ လောကကို ကောင်းကျိုးတစက်မှ မပြုဘူး။ မုန်တိုင်းလောက်တောင် အသုံးမကျဘူးလို့  ပြောရမယ့်သဘောပေါ့ ” ဟု ဆိုသည်။
      ကျနော်၏ စိတ်ထဲမှာ ဖျက်ဆီးအားပြင်းထန်သော သဘာဝမုန်တိုင်းဒဏ်မှလည်းကောင်း၊ လူမဆန်သော လူတို့၏ရက်စက်မှု မုန်တိုင်းဒဏ်မှလည်းကောင်း၊ ကမ္ဘာသားတို့ ကင်းလွတ်ပါစေကြောင်း အလီလီဆုတောင်းနေမိသည်။
          နတ်မှူး
* စာရေးသူ၏ဖေ့ဘုတ်စာမျက်နှာမှ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြသည်။
မိုးမခ
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar