Breaking News

မိုခါ ဆိုင်ကလုန်းမုန်တိုင်း၊ လူသားချင်းစာနာမှုအကူအညီ၊ အုပ်ချုပ်စီမံခန့်ခွဲမှုနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍ

မြန်မာနွေဦး ခရိုနီကယ် - မေ ၁၉ မြင်ကွင်း

(မိုးမခ) မေ ၂၀၊ ၂၀၂၃


မိုခါ ဆိုင်ကလုန်းမုန်တိုင်း၊ လူသားချင်းစာနာမှုအကူအညီ၊  အုပ်ချုပ်စီမံခန့်ခွဲမှုနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍ

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်ရဲ့ ဒေသအချို့ကို မိုခါ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခဲ့ပြီး ၄ရက်အကြာ မှာ အသက်ဆုံးရှုံးမှုနဲ့ ပျက်စီးဆုံးရှုံးမှုတွေက တဖြည်းဖြည်း တိုးလာနေဆဲဖြစ်တာတွေ့ရပါတယ်။ မုန်တိုင်းတိုက်ခတ်တာ မခံရပေမယ့် မုန်တိုင်းကြောင့် မိုးသည်းထန်ပြီး မြစ်ချောင်းရေလျှံကာ အသက်ဆုံးရှုံးမှုတချို့ မကွေးတိုင်းထဲမှာ ဖြစ်ပွားခဲ့တဲ့ အဖြစ်တွေလည်း ရှိနေပါတယ်။

ရခိုင်ပြည်နယ်က အသက်ဆုံးရှုံးမှု အရေအတွက်ကို စစ်ကောင်စီရဲ့ နောက်ဆုံးထုတ်ပြန်ချက်မှာ ၁၄၅ ယောက်အထိ ရှိလာတယ်လို့ ဖော်ပြထားပါတယ်။ စစ်တွေမြို့နယ်ထဲက ရိုဟင်ဂျာ ဒုက္ခသည်စခန်းကတင် ၁၁၇ ယောက်ရှိပြီး စခန်းမဟုတ်တဲ့ လူနေရပ်ကွက်၊ ကျေးရွာတွေ၊ ကယ်ဆယ်ရေး လုပ်ဆောင်နေစဥ် သေဆုံးတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄ ဦး အပါအဝင် ၁၄၅ ဦးလို့ မေလ ၁၈ ရက်နေ့နေ့စွဲနဲ့ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ ခုအရေအတွက်က အတည်ပြုနိုင်တဲ့ ကိန်းဂဏန်းသာ ဖြစ်ပြီး အမှန်တကယ် သေဆုံးမှုက ဒီထက်များပြားနိုင်တဲ့သဘောလည်း ဖြစ်ပါတယ်။ 

မုန်တိုင်း တိုက်ခတ်ပြီး ၄ ရက်ကြာသည်အထိ ရခိုင်ပြည်နယ်တဝှမ်းမှာ တယ်လီဖုန်း ဆက်သွယ်ရေး နဲ့ လမ်းပန်းဆက်သွယ်ရေး အခြေအနေတွေ ပုံမှန်အနေအထား မရောက်နိုင်သေးတာတွေ့နေရတာဖြစ်ပါတယ်။  လမ်းပန်းဆက်သွယ်ရေးမှာ တံတားတွေ လမ်းတွေ ပျက်စီးတာ အပျက်အစီးတွေ လမ်းတွေပေါ် ပိတ်ဆို့နေတာ၊ မြို့တွေနဲ့ ကျေးရွာအချို့ လျှပ်စစ်မီးပေးဝေတဲ့ စနစ်တွေ ကြီးကြီးမားမား ပျက်စီးခံထားရလို့ မြန်ဆန်စွာ ပုံမှန်ပြန်ရောက်ဖို့ မလွယ်ကူသေးတဲ့ အနေအထားလို့ ခန့်မှန်းရပါတယ်။ 

ရခိုင်ပြည်နယ် ဆိုင်ကလုန်း တိုက်ခိုက်ခံရပြီးနောက် ရက္ခိုင့်တပ်တော် AA ရဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က နိုင်ငံတကာ အစိုးရတွေနဲ့ ကူညီရေး အဖွဲ့အစည်းတွေကို ကူညီကြဖို့ မေတ္တာရပ်ခံခဲ့သလို ရခိုင်ပြည်နယ်က အရပ်ဖက်အဖွဲ့အစည်းတချို့ လူမှုအသိုက်အဝန်း ခေါင်းဆောင်တချို့ကလည်း နိုင်ငံတကာအဖွဲ့အစည်းတွေ အနေနဲ့ အကူအညီပေးကြဖို့ မေတ္တာရပ်ခံ တောင်းဆိုကြတာ သတင်းမီဒီယာတွေမှာ ဖော်ပြထားကြတာ တွေ့ရပေမယ့် စစ်ကောင်စီ ခေါင်းဆောင်ဖြစ်သူကတော့ နိုင်ငံတကာကို အကူအညီတောင်းခံတဲ့ ပြောဆိုမှုတွေ မတွေ့ရသေးပါဘူး။

 ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက် စစ်ခေါင်းဆောင်တွေ နိုင်ငံတကာ အကူအညီတွေကို ကန့်သတ်ခဲ့တဲ့ အဖြစ်၊ ပြည်တွင်း က လူထု အဖွဲ့အစည်းအချင်းချင်း အကူအညီတွေကိုတောင် ကန့်သတ်မှုတချို့ လုပ်ဆောင်ခဲ့ကြတာ၊ မိမိတို့ လက်နဲ့ မိမိတို့ စီစဥ်ဆောင်ရွက်မှုနဲ့ ကူညီပေးတာမျိုးကို ဖိအားပေးကန့်သတ်မှု တချို့ ထိုစဥ်က ရှိခဲ့ကြပြီး ဒီဖြစ်ရပ်တွေက နာဂစ်ဆိုင်ကလုန်းနဲ့ပတ်သက်လို့ နအဖ စစ်အစိုးရရဲ့ သမိုင်းစာမျက်နှာမှာ အမည်းကွက်စွန်းထင်း ခဲ့ကြတာ ဖြစ်ပါတယ်။ 

အခု မိုခါ ဆိုင်ကလုန်း မုန်တိုင်းဖြစ်ပွားပြီးနောက် အာဏာသိမ်း စစ်ကောင်စီအနေနဲ့ နိုင်ငံတကာကို တရားဝင် အကူအညီတောင်းခံတာတွေ လုပ်ဆောင်မယ့် သဘောမတွေ့ရသလို ၊ ကုလသမဂ္ဂလို အဖွဲ့အစည်းကိုလည်း မြန်မာ့နိုင်ငံရေးမှာ ကြားဝင်ဆောင်ရွက်ဖို့ ကြိုးပမ်းမှုတွေ၊ ကုလသမဂ္ဂမှာ နိုင်ငံကိုယ်စားပြု ကိုယ်စားလှယ်ကို စစ်ကောင်စီခန့် ကိုယ်စားလှယ်ကို နေရာမပေးမှုတွေကြောင့် ရည်ညွှန်းပြောဆိုတာ အကူအညီပေးတာတွေကို အသိအမှတ်ပြုတဲ့ သဘောပြောဆိုမှုတခုမှ မတွေ့ရှိရသေးတာ ဖြစ်ပါတယ်။ တဖက်မှာ ကုလသမဂ္ဂအနေနဲ့လည်း ဆိုင်ကလုန်း ဒဏ်ခံရတဲ့ ဒေသတွေအတွက် လတ်တလော သွားလာခွင့် အကူအညီပေးအပ်ဖို့ ခွင့်ပြုချက်တွေ စောင့်ဆိုင်းနေဆဲလို့ သတင်းအချို့မှာ တွေ့ရပါတယ်။ အရေးပေါ် အကူအညီ ပစ္စည်းတွေ သယ်ယူဖြန့်ဝေခွင့်တွေမှာ ကန့်သတ်မှုတွေ ရှိနေတာလား၊ နိုင်ငံခြားသား ကုလသမဂ္ဂဝန်ထမ်းတွေရဲ့ ခရီးသွားလာခွင့်ဆိုင်ရာ ကန့်သတ်ချက်တွေကို စောင့်ဆိုင်းနေရတာလား ဆိုတာ သဲသဲကွဲကွဲ မသိရှိရပါဘူး။ 

ကုလသမဂ္ဂ လူသားချင်းစာနာမှု အကူအညီပေးရေး အေဂျင်စီက ရခိုင်နဲ့ ဒေသအချို့ရဲ့ ဆိုင်ကလုန်း ဘေးအန္တရာယ် ကျရောက်ပြီးနောက် အကူအညီပေးအပ်ဖို့ လိုအပ်ချက် ရံပုံငွေ ထုတ်ပြန်ကာ တောင်းခံထားပေမယ့် အဆိုပါပမာဏ အထိ ရ မရတော့ မသေချာသေးတဲ့ သဘောလည်း တွေ့ရပါတယ်။ 

ပြီးခဲ့တဲ့ ရက်အတွင်း အမေရိကန်၊ ဗြိတိန်နဲ့ နိုင်ငံတကာ အစိုးရတချို့က အကူအညီပေးမယ့် ပမာဏတချို့ကို ထုတ်ပြန်ခဲ့ကြပေမယ့် ကုလသမဂ္ဂက တွက်ချက်တောင်းခံတဲ့ လိုအပ်ချက် ပမာဏ နဲ့ နှိုင်းယှဥ်ရင်တော့ မပြောပလောက်တဲ့ ပမာဏလို့ ဆိုရမယ့် အနေအထားလည်း ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်း၊ လက်နက်ကိုင် တိုက်ပွဲတွေကြောင့် လိုအပ်တဲ့ လူသားချင်းစာနာမှု အကူအညီတွေလည်း ခုနှစ်ပိုင်းတွေမှာ တောက်လျှောက် လိုအပ်ချက်တွေရှိနေပြီး နိုင်ငံတကာအနေနဲ့ အဆိုပါ စစ်ဘေးရှောင်တွေအတွက် လူသားချင်းစာနာမှု အကူအညီတွေ ကူညီမှုတွေ၊ ပဋိပက္ခက ကြာရှည်လာသည်နဲ့အမျှ ကူညီသူတွေရဲ့ အင်အားလျော့ကျလာတာတွေက ဆိုင်ကလုန်း မဖြစ်ပွားမီကတည်းက ရှိနေနှင့်ပြီး ဖြစ်တာမို့ အခုလိုဆိုင်ကလုန်း ဒဏ်ထပ်မံခံစားရချိန်မှာ နိုင်ငံတကာ အကူအညီ ဘယ်လောက်ထိ ပေးအပ်ကြမလဲဆိုတာ ခန့်မှန်းရ ခက်ခဲတဲ့အခြေအနေ ဖြစ်ပါတယ်။ 

တဖက်မှာလည်း အကူအညီပေးအပ်တဲ့ နိုင်ငံတကာ အစိုးရတွေ၊ အဖွဲ့အစည်းတွေ အနေနဲ့ ဒီအကူအညီတွေကို တိုက်ရိုက်စီမံခန့်ခွဲကာ ပေးအပ်နိုင်မှု ရှိမရှိ နဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံရမယ့် အပိုင်းတို့မှာ နိုင်ငံရေး ရှုထောင့်အရ ဆုံးဖြတ်ရ ခက်တဲ့ အနေအထားတွေလည်း ရှိကောင်းရှိနိုင်ပါတယ်။ 

အခုလို နိုင်ငံတကာ အကူအညီအပိုင်းကို ခဏဘေးဖယ်ထားပြီး ပြည်တွင်းက အရပ်ဖက်အဖွဲ့အစည်းတွေ က လိုအပ်ချက်တွေကို စာရင်းကောက်ယူကြကာ အရေးပေါ် လိုအပ်ချက်တွေ အမြန်ဆုံးကူညီနိုင်အောင် ထုတ်ပြန်အသိပေးကြပြီး ပြည်သူလူထု အချင်းချင်း ကူညီယိုင်းပင်းကြတာ အရပ်ဘက် အဖွဲ့အစည်းတွေက အကူအညီတွေကိုစီမံခန့်ခွဲကာ ခွဲဝေပေးကြတာတွေလည်း လုပ်ဆောင်လာနိုင်ဖို့ မျှော်လင့်ချက် တခုရှိပါတယ်။ အဲဒီလို ကူညီရာမှာ ဘာသာရေး လူမျိုးရေး ဒေသစတဲ့ အစွဲတွေ ခွဲခြားမှုတွေ မရှိအောင် သတိပြုကြဖို့လည်း လိုအပ်မှာ ဖြစ်ပါတယ်။ 

၂၀၀၈ ခုနှစ် နာဂစ်ဆိုင်ကလုန် မုန်တိုင်းအပြီး ကူညီရေး ကယ်ဆယ်ရေး လုပ်ဆောင်ကြရာက မြန်မာနိုင်ငံမှာ အရပ်ဘက်အဖွဲ့အစည်းCSO နဲ့ ရပ်ရွာလူမှုအဖွဲ့အစည်းအခြေပြုအဖွဲ့ CBO တွေ အများအပြား ပေါ်ထွက်လာကြပြီး တစုံတရာ ဘေးအန္တရာယ်ကျရောက်တိုင်း ဝိုင်းဝန်းကူညီကြဖို့ အဆင်သင့်ဖြစ်ဖို့ အဖွဲ့တွေ ပူးပေါင်းဆောင်ရွက်မှုတွေ ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။

အခု မိုခါ ဆိုင်ကလုန်း ဖြစ်ပွားပြီးနောက်မှာလည်း အခုလို ပြည်တွင်းက အရပ်ဘက် အဖွဲ့အစည်း ရပ်ရွာလူမှု အခြေပြု အဖွဲ့အစည်းတွေ ပေါ်ထွက်လာကာ အကူအညီပေးရေးလုပ်ဆောင်ရင်း ပိုမိုအင်အားကောင်းလာဖို့ အခွင့်အလမ်း တခုရှိနေပြီး ဒီအခွင့်အလမ်းက အဆိုးထဲက ရရှိလာမယ့် အခွင့်အလမ်းကောင်း တခုလည်းဖြစ်လိမ့်မယ်လို့ ယူဆမိပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar