Breaking News

မောင်တူး - စစ်ကားကြိုက်သူများ

စစ်ကားကြိုက်သူများ
မောင်တူး
(မိုးမခ) မေ ၂၀၊ ၂၀၂၃

အာဏာသိမ်းသော်
သူတို့ပျော်သည်
ကစော်ဘိမ်းဘင်းကြိုက်သူများ။ ။

စစ်ကားကြိုက်သူများဆိုတာကတော့ စစ်အာဏာသိမ်းတာကို ကြိုက်နှစ်သက်ကြသူတွေပါ။ ၂၀၂၁ ခုနှစ် ဖေဖော် ဝါရီ ၁ ရက် စစ်အာဏာသိမ်းတော့ မြန်မာနိုင်ငံ ထောင်အသီးသီးက မူးယစ်ဆေးအမှုနဲ့ ထောင်ကျနေကြသူတွေဟာ ဟေးခနဲ အပြိုင်အော်ကြပြီး ထခုန်ကြသတဲ့။ ဒီအကြောင်းကို ထောင်တွေထဲကနေတဆင့် တဆင့် ပြန် ကြားခဲ့ရတာပေါ့။ တကယ်တော့လဲ နှစ်ပေါင်းများစွာအတွင်း မြန်မာပြည်ရဲ့ ထောင်တွေကနေ လွတ်ငြိမ်းခွင့်ပေးတိုင်း မူးယစ်ဆေးသမားတွေနဲ့ ခိုးဆိုးလုနှိုက်တွေက အများစုဖြစ်နေကြတာလေ။

#ကော့သောင်းထောင်အာဏာသိမ်းသတင်းကြောင့်ပျော်ကြခြင်း

ထောင်ထဲမှာ စစ်တပ်အာဏာသိမ်းတိုင်း မူးယစ်ဆေးဝါးအမှုနဲ့ ကျခံနေရသူတွေ ပျော်ရွှင်ကြကြောင်းကို ထောင်တွေထဲအထိ သွားရောက်စုံစမ်းလို့ မရနိုင်ပါဘူး။ ဒါပေမဲ့ ဒီသတင်းကိုပဲ အမှန်အကန် ဖြစ်ကြောင်းကို ကော့သောင်းထောင်ကနေ ထွက်လာပြီး ကျနော့်ဆီ လာပြောပြသူကတော့ ရှိပါတယ်။ ဗိုလ်ကြီးနေမျိုးဇင်ပါ။ အခုလို ပြောပြခဲ့တာပါ။ 
"အာဏာသိမ်းတဲ့နေ့က ထူးခြားပြောင်းလည်းတာ ၂ ချက်ရှိတယ်ဗျ။ အာဏာသိမ်းအပြီး ကော့သောင်းထောင်မှာ ကျနော် (နေမျိုးဇင်) ရှိနေတယ်။ အာဏာသိမ်းသတင်းကြားအပြီးမှာ အရင်ကအဆင်ပြေနေတဲ့ ထောင်ဝန်ထမ်းတချို့ဟာ အာဏာသိမ်းပြီးတဲ့နောက် သူ့တို့ခေတ်ရောက်သွားပြီဆိုပြီးတော့ ဆဲတာဆိုတာ၊ ရမ်းကားတာ၊ အနိုင်ကျင့်တာ၊ မထိ တထိ စောင်းမြောင်းပြောတာ ဒါမျိုးတွေ ပြောင်းလည်းသွားတာပေါ့။ ထူးခြားတာကတော့ စစ်တပ်အာဏာသိမ်းတဲ့နေ့က တီဗွီမှာ သတင်းလာတော့ ကျနော်နဲ့မလှမ်းမကမ်း ရာဇဝတ်အကျဉ်သား အိပ်ဆောင်တွေထဲကနေ လူတော်တော်များများက ဟေး လို့ ထပျော်ကြတယ်ဗျ။ ထူးဆန်းတယ်နော်။ ဘာကြောင့် ထပျော်ကြသလဲ။ ဘယ်သူတွေ ထပျော်ကြသလဲ။ ကျနော်ပြောပါရစေ။ ဟေး ဆို ထပျော်ကြတဲ့သူတွေဟာ မကြာမတင်မီမှာပဲ သူတို့အားလုံးနီးပါး လွတ်သွားကြတယ်။ အဲ့သည် လူတွေက ဘယ်သူတွေလဲဆိုတော့ မူးယစ်မှုတွေနဲ့ သုံးစွဲမှု ဖြန့်ဝေမှု ရောင်းချမှုတွေနဲ့ မူးယစ်ဆေးဝါး၊ စိတ်ကြွဆေး စတာတွေကို ရောင်းဝယ် ဖောက်ကား ဖြန့်ဝေမှုနဲ့ ဒီမိုကရေစီအစိုးရလက်ထက်မှာ ဖမ်းဆီး ထိန်းသိမ်း ပြစ်ဒဏ်ချထားတဲ့ သူတွေဟာ အာဏာသိမ်းလိုက်ပြီသတင်းလဲကြားရော ဟေး ငါတို့ခေတ်ရောက်ပြီကွဆိုပြီး ထ ပျော်ပြီးတော့ မကြာပါဘူး သူတို့လွတ်သွားပါတယ်။"

#မူးယစ်ဆေးရောင်းသူနဲ့ရဲ

ရန်ကုန်တိုင်း မြို့တမြို့က အမျိုးသမီးကြီးတဦး မကြာခင်က ကျနော့်ထံ ဖုန်းဆက်လာပါတယ်။ သူက ငိုပြီးပြောပြတာပါ။ သူ့မှာတော်တော် ဒုက္ခ ရောက်နေရတယ်။ သူက အသက် ၆၀ နီးပါးရှိပြီ ၂ နှစ်အရွယ် မြေးကလေးနဲ့ နေတာ။ သမီးဖြစ်သူက နိုင်ငံခြားမှာ အလုပ်လုပ်ပြီး ပုံမှန်ငွေပို့တယ်။ သမီးက ကောင်းတယ်။ ဆိုးတာက သားဖြစ်သူပါ။ သူ့သားက စစ်ထွက်တဲ့။ သမီးဆီက ပို့သမျှပိုက်ဆံကို သားစစ်ထွက်ကယူပြီး မူးယစ်ဆေးတွေ ဝယ်သုံးတယ်။ မူးယစ်ဆေးရောင်းတဲ့အိမ်ကိုစုံစမ်းပြီးသိရတော့ ရဲစခန်းကို သွားတိုင်လိုက်တယ်။ ရဲက မူးယစ်ဆေးရောင်းတဲ့အိမ်ကို သွားဖမ်းရမှာပေါ့။ ဒါပေမဲ့ မဖမ်းတဲ့အပြင် မင်းတို့အိမ်မှာဆေးရောင်းတာကို ဟိုအဖွားကြီးက ငါတို့ရဲစခန်းကိုလာတိုင်ထားတယ်လို့ ပြောလိုက်တယ်။ မူးယစ်ဆေးရောင်းသူတွေက အဘွားကြီးကို ခေါ်ပြီး ရိုက်နှက်ကြတာပေါ့။ ရိုက်ရင်းပြောသေးတယ်တဲ့ ခင်ဗျားကအသက်ကြီးလို့ မသတ်ဘူး၊ နောင် ဒီလို တိုင်လားတောလားလုပ်ရင် သတ်ပစ်မတဲ့။ ဒီလို မူးယစ်ဆေးရောင်းသူတွေသုံးစွဲကြသူတွေဟာ ကိုနေမျိုးဇင်ပြောတဲ့ ကော့သောင်းထောင်ကနေ ထ အော်ကြပြီး မကြာမတင်မှာ လွတ်သွားကြသူတွေများလား။ ဒါမှမဟုတ် တခြားထောင်တွေက လွတ်သွားသူတွေများလား။

#စစ်အာဏာရှင်စနစ်

စစ်အာဏာသိမ်းပြီး တိုင်းပြည်ကို ဓားမိုး အုပ်ချုပ်သူတွေကို စစ်အာဏာ ရှင်တွေလို့ ခေါ်ကြပါတယ်။ ဦးနေဝင်း ဦးစောမောင် သန်းရွှေ ခင်ညွန့် မင်းအောင်လှိုင် စိုးဝင်းတို့ဟာ စစ်အာဏာရှင်တွေပါ။ ဘုရင်ခေတ်က ဓားမိုးအုပ်ချုပ်တာပါ။ ဒီနေ့ခေတ်တော့ သေနတ်ကိုင် အုပ်ချုပ်တာပေါ့။ စစ်အာဏာရှင်စနစ် ဆိုတာက တိုင်းပြည်ရဲ့ နိုင်ငံရေးကို စစ်တပ် အာဏာနဲ့ စစ်တပ်ကိုယ်တိုင်ချုပ်ကိုင်တဲ့ အာဏာရှင်စနစ်တမျိုးဖြစ်ပါတယ်။ အဲ့သည်စနစ်ရဲ့အာဏာရှင်ဟာ စစ်ရာထူးကြီး ဗိုလ်ချုပ်တဦးဦး ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်ရဲ့ ဆန့်ကျင်ဖက်ဟာ ပြည်သူတွေက မဲပေးရွေးချယ်တဲ့ အစိုးရက စစ်ရေးရာကိုချုပ်ကိုင်ထားတဲ့ စံနစ်ပေါ့။ အခု နွေဦးတော်လှန် ရေးရဲ့ရည်ရွယ်ချက်ဖြစ်တဲ့ဖက်ဒရယ်ဒီမိုကရေစီစနစ်ဟာ စစ်အာဏာရှင်စနစ်ရဲ့ဆန့်ကျင်ဘက်ပါပဲ။ စစ်အာဏာရှင် စနစ်ကို ခါကီစတိုကရေစီ (khakistocracy) လို့ ခေါ်တတ်ကြတယ်။ ဒီစကားလုံးဟာ ကာကီစတိုကရေစီ (kakistocracy) ခေါ် အရည်အချင်းမပြည့်သူများက အုပ်ချုပ်ခြင်းနဲ့ ကာကီ (khaki) ခေါ် စစ်သားများဝတ်ဆင်တဲ့အရောင် ဆိုတဲ့ စကားလုံးတွေ ပေါင်းစပ်ရာက ဖြစ်ပေါ်လာတဲ့ စကားလုံးလို့ ဆိုကြပါတယ်။ အရည်အခြင်းမဲ့ စစ်ဘောင်းဘီဝတ်တွေရဲ့ အုပ်ချုပ်ရေးလို့ ခေါ်နိုင်မလားတော့ မသိ။ 

#ရဲကြိုက်ရှေ့နေကြိုက်စစ်အုပ်ချုပ်ရေး

လက်ရှိကာလ တချို့သော ရဲတွေနဲ့ ရှေ့နေတွေဟာ အချမ်းသာဆုံး သန်းကြွယ် သူဌေးတွေ ဖြစ်နေကြပြီလို့ အချုပ်နဲ့ ထောင်တွေကနေ ထွက်လာကြသူတွေက ပြောကြပါတယ်။ ရှေ့နေနဲ့ ရဲတွေ ငွေရွှင်နေကြောင်းကို ဘားအံထောင်နဲ့ ကျိုက်မရောထောင်တွေမှာ ကျခဲ့ရသူ နိုင်ကျဉ်းတဦးက အခုလို ပြောပြပါတယ်။   "....  လက်ရှိကာလမှာ ရဲတွေရယ် ရှေ့နေတွေရယ်က အချမ်းသာဆုံးလူတန်းစားတွေဖြစ်ကုန်ပြီဗျ၊  လူငယ်တွေကို တွေ့ ကရာ အများကြီးဖမ်းတယ်။ ဟုတ်ဟုတ် မဟုတ်ဟုတ် သူတို့ကိုရိုက်နှက် နှိပ်စက်ပြီး PDF လို့ဝန်ခံခိုင်းတယ်။ ၄၉ (က) အကြမ်းဖက်ပုဒ်မတပ်တယ်။ အမှုကြီးတယ်ပေါ့။ အဲ့သည်တော့မှ အမှုငယ်ချင်ရင် ၁၉ (စ)တို့ဘာတို့ ပြောင်းချင်ရင် ငွေဘယ်လောက်ပေးပေါ့။ မိဘက ချမ်းသာသလား ဆင်းရဲသလား ကြည့်ပြီးတော့မှ သိန်း ၂၀ ကနေ သိန်း ၅၀၀ အထိ ငွေညှစ်တာဗျ။ ရှေ့နေတွေလည်း ငွေအများကြီးစားရတာပဲ။ ခုနက တရားလို အမှုစစ်ရဲနဲ့ ပေါင်းစားနေကြတာဗျ။ သူတို့တွက်က တော့ဗျာ စစ်အာဏာသိမ်းလိုက်တာဟာ သူတို့ သူဌေးဖြစ်ဖို့ကိန်းဘဲ။ ....."
အဲ့သည် အမှုစစ်ရဲတွေ၊ ရှေ့နေတွေကလည်း စစ်အာဏာသိမ်းလိုက်တာကို မနောခွေ့နေကြသူတွေပဲ ဖြစ်ပုံရပါတယ်လေ။

#စစ်အာဏာရှင်စနစ်ဘာ့ကြောင့်ဖြစ်

စစ်အာဏာရှင်စနစ် "coup d'état" ပြည်သူမဲပေးရွေးချယ်ထားတဲ့ ဒီမိုကရေစီအရပ်သား အစိုးရကိုဖြုတ်ချရာက ဖြစ်ပေါ်လာပါတယ်။ တခါတရံ အရပ်သားအစိုးရရှိလျက်နဲ့တောင်မှ စစ်တပ်ကိုယ်တိုင် အုပ် ချုပ်နေတာလည်း ရှိနိုင်ပါရဲ့။ အဲ့သည်လို အခြေအနေတွေမှာ အရပ်သားအစိုးရဟာ စစ်တပ်ကိုအလိုလိုက်ပေးရပါတယ်။ သို့တည်းမဟုတ် အရပ်သားအစိုးရ အာဏာမှေးမှိန်နေတတ်ပါတယ်။ သာဓကအနေနဲ့ ပထမကမ္ဘာစစ်ကာလ ဂျာမန်အင်ပါယာမှာ ဂျာမန်စစ်ဗိုလ်ချုပ်တွေဟာ ဘုရင်ဝီလ်ဟမ် (Kaiser Wilhelm II)ထက် အာဏာပို ကြီးမားလာတာမျိုးပါ။ ၁၉၃၁ နောက်ပိုင်း ဂျပန်အင်ပါယာမှာလည်း စစ်တပ်က အစိုးရကိုဖြုတ်မချ အာဏာမသိမ်းပေမဲ့ ဗီတိုအာဏာကိုအသုံးပြုနိုင်ခဲ့ပါတယ်။ NLD အစိုးရ လက်ထက်က စစ်တပ်က ကာလုံကိုအတင်းခေါ်ခိုင်းနေတာမျိုးပေါ့။ ဝန်ကြီးဌာန ၃ ခုယူ ထားပြီး လွှတ်တော်မှာစစ်သားအစိတ်သားဝင်နေတာမျိုးကလည်း စစ်အာ ဏာရှင်စနစ်ပုံစံတမျိုးပဲလို့ ထင်ပါရဲ့။ ထိုင်းနိုင်ငံရဲ့အထက်လွှတ်တော်တခုလုံးကို စစ်သားကိုယ်စားလှယ်တွေက နေရအကုန်ယူထားတာမျိုးပေါ့။ စစ်အာဏာရှင်တွေဟာ အရပ်သားအစိုးရကိုပြန်လည်ဖွဲ့စည်းပေးပေမဲ့ အစိုးရ အကြီးအကဲနေရာကို တနည်းနည်းနဲ့ ပြန်ယူထားတတ်တယ်။ ပါကစ္စတန်နိုင်ငံ ဗိုလ်ချုပ်တွေဖြစ်ကြတဲ့ မိုဟာမက်ဇီယာအူးဟတ် Muhammad Zia-ul-Haq (၁၉၇၇–၁၉၈၈)နဲ့ ပါဗက်မိုရှာယတ် Pervez Musharraf (၁၉၉၉–၂၀၀၈)တို့ဟာ သူတို့ရဲ့သမ္မတရာထူးကို ကာလကြာကြာရအောင် ဖန်တီးထားခဲ့ကြသလိုမျိုးပေါ့။ မင်းအောင် လှိုင်ပင်စင်မယူပဲ စစ်အာဏာဆက်ထိန်းထားတာမျိုးနဲ့ ခပ်ဆင်ဆင်ပါပဲ။

#စစ်ကားကြိုက်သူများ

စစ်ကား ကြိုက်သူများထဲမှာ ခေတ်ပျက်သူဌေးတွေ၊ စစ်ခရိုနီတွေ၊ စစ်ဘောမ ခရိုနီတွေ၊ ပြည်ခိုင်ဖြိုးအပါအဝင် စစ်တပ်ရဲ့ ကိုယ်ပွား Proxy နိုင်ငံရေးပါတီတွေ၊ ပါဏာတိပါတာ ဝေရာမဏိလို့ ဟောထားပါလျှက် ဘုရား တရားသံဃာ ရတနာ ၃ ပါး မကိုးကွယ်မဆည်းကပ်တဲ့ သရဏဂုဏ်မတည်သူတွေကို သတ်ရင် အပြစ်မရှိဘူးလို့ ဟောကြလေ့ရှိတဲ့ ဘုန်း ကြီးတွေ၊ စစ်တပ်ရဲ့လမ်းပရော့ဂျက်၊ တံတားပရော့ဂျက် ရထားသူတွေ၊ အစပိုင်းမှာပြောခဲ့တဲ့ ရိုးရိုးသားသား မူးယစ်ဆေးဝါး မှောင်မခို့တခို ရောင်းစားလိုသူတွေ၊ ကိုယ့် ပြည်နယ် မွေးရပ်မှာပဲ မိရိုးဖလာ အေးအေးချမ်းချမ်း နေထိုင်ပြီး ရိုးရိုးသားသား ဘိန်းခင်းစိုက်စား လိုသူတွေ၊ အပစ်အခတ်ကလေး ရပ်ထားပြီး စစ်တပ်အထောက်အပံ့တွေစားပြီး စားပွဲဝိုင်းငြိမ်းချမ်းရေးကြီးကို လုပ်ဟန်ဆောင်နေတဲ့ လက်နက်ကိုင်တော်လှန် ရေး အဖွဲ့တချို့က ခေါင်းဆောင်တွေ၊ ပြည်ပမှာနေပြီး စစ်တပ်ပေးစာ ကမ်းစာ အခွင့်အလမ်း အဖြာဖြာကို စားခဲ့ကြရ စားနေကြရတဲ့ ကျောင်းသား တော်လှန်ရေး သမားဟောင်းတွေနဲ့ တခြား တော်လှန်ရေးသမားတွေ၊  ပြီးတော့ . . . ပြီးတော့ (နောက်ထပ်အများကြီး ရှိပါသေးတယ်။ ထပ်တွေး ထပ်ရေးကြပါတော့ဗျာ။)

#ကျနော်မောင်တူးလည်းစစ်ကားကြိုက်တယ်

မင်းအောင်လှိုင်ကိုကျေးဇူးတင်တယ်။ သူအာဏာသိမ်းလိုက်တော့မှ ဘယ်သူက ပြည်သူလူထုဖက်ကဖြစ်တယ် ဘယ်သူတွေကတော့ စစ်ဘောမတွေ ဆိုတာသိလိုက်ရလို့ ကျေးဇူးတင်တယ်။ လူ ၃၀၀၀ ကျော် သေကြရ၊ လူ သောင်းနဲ့ချီ အဖမ်းခံရ၊ သန်းနဲ့ချီ ပြေးနေကြရသလို ဒုက္ခတွေ ဖြစ်နေကြရတာ မှန်ပါတယ်။ ကျနော်တို့အပါ အဝင်ပါ။ ဒါပေမဲ့ အာဏာမသိမ်းရင် တော်လှန်ရေးသမားကောင်းကြီးတွေလို့ ကျနော်တို့ကိုးကွယ်လေးစားနေကြရမဲ့သူတွေက အခု အာဏာသိမ်းအပြီးကြမှ "ဘုရားမှတ်လို့ကိုးကွယ်ရှိခိုးဦးချ ဖွတ်ထွက်မှ တောင်ဘို့မှန်းသိရလေတယ်" ဆိုသလိုပေါ့ဗျာ။ ဗိုလ်ကြီးနေမျိုးဇင် ဟိုတပတ်က DVB အင်တာဗျူးမှာ ပြောခဲ့သလို အခုလို စစ်အာဏာသိမ်း ကာလကြီးမှာ "ဖားလား ငါးလား" ဘယ်သူကဘာဆိုတာ ကွဲကွဲပြားပြား "လယ်ပြင်ဆင်သွားသလို ထင်ထင်ရှားရှား" သိလိုက်ရပါပြီ။ ဒါကြောင့် ကျနော်လည်း စစ်အာဏာသိမ်းလိုက်တာကို ကြိုက်တယ်။ ကျနော်လည်း စစ်ကားကြိုက်သူပါ။ ။

မောင်တူး
--

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar