Breaking News

နိုင်ငံရေးအကျပ်အတည်း နဲ့ သဘာဝဘေးအန္တရာယ်

မြန်မာနွေဦး ခရိုနီကယ် - မေ ၁၈ မြင်ကွင်း

(မိုးမခ) မေ ၁၉၊ ၂၀၂၃


နိုင်ငံရေးအကျပ်အတည်း နဲ့ သဘာဝဘေးအန္တရာယ်

မြန်မာနိုင်ငံဟာ ဒေသတွင်း အာဆီယံနိုင်ငံတွေ အကြား၊ သို့မဟုတ် အရှေ့အာရှ ပစိဖိတ်နိုင်ငံတွေအတွင်း ပြည်တွင်းစစ် လက်နက်ကိုင် ပဋိပက္ခ၊ ဆင်းရဲမွဲတေမှုတွေ နဲ့ နပမ်းလုံးနေရတဲ့ တခုတည်းသော နိုင်ငံလို့ဆိုရမယ့် နိုင်ငံဖြစ်ပါတယ်။  ဒေသတွင်းမှာ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခဖြစ်ပွားနေတဲ့ နိုင်ငံအချို့ရှိပေမယ့်လည်း မြန်မာနိုင်ငံလောက် နိုင်ငံရဲ့ ဧရိယာကျယ်ပြန့်စွာ ဖြစ်ပွားနေတာမျိုး၊ နိုင်ငံရဲ့ စီးပွားရေးကို ထိခိုက်စေတဲ့ လက်နက်ကိုင် တိုက်ပွဲမျိုး ဖြစ်ပွားနေတဲ့ နိုင်ငံမရှိဘူးလို့ဆိုရမှာ ဖြစ်ပါတယ်။  ဆယ်စုနှစ် ၇ ခုကျော်ကြာ ရှည်လာတဲ့ လက်နက်ကိုင် တိုက်ခိုက်မှုတွေ၊ ကိုယ်ပိုင်ပြဌာန်းခွင့် ၊ ဖက်ဒရယ်အခွင့်အရေး စတဲ့ အကြောင်းရင်းတွေပေါ် အခြေခံတဲ့ နိုင်ငံရေး ပြဿနာကစပြီး  ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခဖြစ်ပွားလာတာ ဆယ်စုနှစ် ၇ ခုကျော်ခဲ့ပြီဖြစ်ပါတယ်။ 

 ၂၀၂၁ ခုနှစ်မှာတော့ စစ်အာဏာသိမ်းပြီးနောက် ဖက်ဒရယ်အကြောင်းအချက်တင်မကတော့ပဲ ဒီမိုကရေစီ ပြဿနာ၊ စစ်အာဏာရှင် စနစ်ကို တိုက်ဖျက်ဖို့ ဦးတည်တဲ့ လက်နက်ကိုင်အင်အားစုတွေ ထပ်မံပေါ်ထွက်လာပြီး ပိုပြီးကျယ်ပြန့်တဲ့ ပြည်တွင်းစစ် တခုကို အဆင့် ရောက်ရှိသွားတဲ့ နိုင်ငံတနိုင်ငံဖြစ်လာခဲ့တာ ဖြစ်ပါတယ်။ 

တောင်အာရှဒေသမှာ စီးပွားရေး အရ အကျပ်အတည်း ကျရောက်နေတဲ့ သီရိလင်္ကာလို နိုင်ငံမျိုး၊ စီးပွားရေး အကြပ်အတည်း နဲ့ စစ်တပ်ရဲ့အာဏာကို ကန့်သတ်လိုကြတဲ့ နိုင်ငံရေးပါတီတွေ အင်အားစုတွေ အားပြိုင်ကြတဲ့ ပါကစ္စတန်လို နိုင်ငံမျိုးတွေရှိကြပေမယ့် မြန်မာနိုင်ငံလောက် ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့ နိင်ငံမျိုး ဒီဒေသတွင်းမှာ မရှိဘူးလို့ဆိုရမယ် ထင်ပါတယ်။ 

ဆယ်စုနှစ်များစွာ ကြာမြင့်စွာ ရှိလာခဲ့တဲ့ နိုင်ငံရေး စစ်ရေး လမ်းကြောင်းက ၂၀၁၁ ခုနှစ်နောက်ပိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြည်နယ်အဆင့်၊ နိုင်ငံအဆင့် အပစ်ရပ်သဘောတူညီချက်တွေ၊ တနိုင်ငံလုံး အပစ်ရပ်သဘောတူညီမှု NCA တွေ ၂၀၁၂၊ ၂၀၁၅၊ ၂၀၁၈ တို့မှာ ထိုးခဲ့ကြဆွေးနွေးမှုတွေ ညီလာခံတွေ လုပ်ခဲ့ကြပြီးနောက် ငြိမ်းချမ်းရေး အရိပ်အယောင်တွေ စတင်မြင်တွေ့နေချိန်မှာ ရခိုင်မှာ မကြုံဖူးတဲ့ တိုက်ပွဲတွေ ၂၀၁၈-၂၀၁၉ ခုနှစ်မှာ ဖြစ်ပွားခဲ့ပါတယ်။ 

အဲဒီနောက် ၂၀၂၀ ရွေးကောက်ပွဲနဲ့၂၀၂၁ ခုနှစ် အစမှာ စစ်အာဏာသိမ်းပြီး နကို ၂၀၁၁ မတိုင်ခင်အခြေအနေထက်ကို ပိုမိုဆိုးရွားတဲ့ လက်နက်ကိုင် ပဋိပက္ခထဲ စစ်ပွဲထဲ ပြန်လည်ကျဆင်းခဲ့ရတာ ဖြစ်ပါတယ်။

ဒီလို စစ်ပွဲတွေရဲ့ ဒဏ်၊ မငြိမ်သက်မှုတွေဖြစ်ပွားနေချိန် နိုင်ငံတကာက မြန်မာ့နိုင်ငံရေးအကြပ်အတည်းကို အဖြေရှာဖို့ တိုက်တွန်းနေကြချိန် အာဆီယံက တာဝန်ယူပြီး ဖြေရှင်းဖို့ကြိုးစားနေကြချိန်မှာ သဘာဝ ဘေးအန္တရာယ် ဖြစ်တဲ့ ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကို ရခိုင်ပြည်နယ် တခုလုံးနီးနီးနဲ့  ချင်းပြည်နယ် ဒေသအချို့မှာ ခံစားကြရတာ ဖြစ်ပါတယ်။ 

ရခိုင်ပြည်နယ်ဟာ သဘာဝဘေးအန္တရာယ် မကျရောက်ခင်ကတည်းက ဗဟိုအစိုးရရဲ့ မူဝါဒကြောင့်ရော လက်နက်ကိုင် တိုက်ပွဲတွေရဲ့ ဒဏ်ရာ ဒဏ်ချက်တွေကြောင့်ပါ အခြားသော ပြည်နယ် တိုင်းတွေထက် ဖွံ့ဖြိုးမှုနောက်ကျနေတဲ့ ပြည်နယ်ဖြစ်ပြီး အခုလို အင်အားအလွန်ပြင်းထန်တဲ့ ဆိုင်ကလုန်းမုန်တိုင်း ရဲ့ ဖျက်ဆီးမှုခံရတဲ့အခါမှာ ရုပ်ပိုင်းဆိုင်ရာ ဆုံးရှုံးမှုတွေရော စိတ်ပိုင်းဆိုင်ရာ ထိခိုက်ဆုံးရှုံးမှုတွေ အများအပြားရှိလာနေတာ ဖြစ်ပါတယ်။ 

ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးမှုနောက်ကျဆုံး ပြည်နယ်တွေထဲ တခုအပါအဝင်ဖြစ်ပါတယ်။ တကယ်ဆိုရင် ကုန်းတွင်းပိတ် ဒေသလည်းမဟုတ်သလို၊ သယံဇာတလည်းရှိပြီး၊ ရခိုင်ပြည်နယ်က လူထုအနေနဲ့ ပညာရေး အရလည်း အစဥ်အလာကောင်းတွေ ရှိခဲ့တဲ့ ပြည်နယ်ဖြစ်ပေမယ့် စစ်အစိုးရအဆက်ဆက် နဲ့ စစ်တပ်ကို လိုက်လျောဆက်ဆံခဲ့တဲ့ အစိုးရတွေလက်ထက် မှာ ရခိုင်ပြည်နယ်ရဲ့ စီးပွားရေး ဖွံ့ဖြိုးမှု၊ ပညာရေး နဲ့ ကျန်းမာရေး ကဏ္ဍတွေ နောက်ကျခဲ့ရတာ ဖြစ်ပါတယ်။ 

ရခိုင်ပြည်နယ်မှာ အခု ရက်ပိုင်း ကျရောက်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်းဟာ ဆယ်စုနှစ် များစွာအတွင်း အဆိုးဆုံး မုန်တိုင်း တခုဖြစ်တယ်လို့ ဆိုရပါမယ်။ ၁၉၆၈ စစ်တွေကို တိုက်ခတ်နဲ့ မုန်တိုင်းနဲ့ နှိုင်းယှဥ်စရာ ဖြစ်ပြီး အဲဒီခေတ်ကာလက မုန်တိုင်းကျရောက်ပြီးနောက် နာလန်ထူဖို့ ဘယ်လောက်ကြာကြာ အချိန်ယူခဲ့ရသလဲ ဆိုတဲ့ မှတ်တမ်းမှတ်ရာတွေတော့ သတင်းတွေ၊အထောက်အထားတွေ သိပ်မရှိလို့ တိတိကျကျမပြောနိုင်ပါဘူး။ 

အခု မိုခါ ဆိုင်ကလုန်းရဲ့ ပျက်စီးမှုကနေ ပြန်လည်ထူထောင်ဖို့ ရာမှာတော့ အနည်းဆုံး နှစ်အနည်းငယ်၊ အများဆုံး ဆယ်စုနှစ် တခုကျော်အထိ ကြာကောင်းကြာမြင့်ပါလိမ့်မယ်။ လက်ရှိဒီဒေသမှာ အုပ်ချုပ်နေတဲ့ အဖွဲ့အစည်းတွေရဲ့ မူဝါဒ မှန်ကန်ခြင်း၊ စီမံခန့်ခွဲမှု ကောင်းမွန်ခြင်း၊ ဒီရခိုင်ပြည်နယ်က ထွက်ရှိခဲ့တဲ့ သယံဇာတတွေ ဖြစ်တဲ့ သဘာဝဓါတ်ငွေ့၊ ရေလုပ်ငန်း၊ အထူးစီးပွားရေး ဇုန်နဲ့ ရေနံသဘာဝဓါတ်ငွေ့ ပိုက်လိုင်းတွေက ရရှိတဲ့ ဝင်ငွေတွေကို ဘယ်လောက် ခံစားအသုံးချခွင့်ရှိကြမလဲ ဆိုတာလည်း အရေးကြီးတဲ့ အချက်တချက်ဖြစ်ပါတယ်။ 

ဒါတွေက မုန်တိုင်းဒဏ်ခံရပြီး လာမယ့် လတွေ နှစ်တွေကို မျှော်မှန်းကြည့်တာ ဖြစ်ပြီး  မုန်တိုင်းပြီးနောက် ပထမဆုံး အနေနဲ့ အရေးပေါ် ကယ်ဆယ်ရေး ကူညီရေးတွေ ဘယ်လောက် မြန်မြန်ဆန်ဆန် လုပ်နိုင်မလဲ၊ လူတွေရဲ့ အသက်တွေ ဘဝတွေ ထပ်ပြီး မထိခိုက်စေဖို့ ဆုံးဖြတ်ပိုင်ခွင့်ရှိသူတွေ အနေနဲ့ ဘယ်လောက်ထိဆန္ဒရှိကြသလဲ ဆိုတဲ့မေးခွန်းလည်း ရှိပါတယ်။ 

မိုခါ မုန်တိုင်းဖြတ်ကျော်သွားတာ ၃ ရက်ကျော် ၄ ရက်နီးပါးရောက်လာချိန်မှာ သတင်းတွေထဲ မြင်တွေ့နေရတဲ့ မြင်ကွင်းတွေက သစ်ပင် အပျက်အစီးတွေ ရှင်းလင်းနေဆဲ၊ ဒေသခံတွေအဖို့ လွင့်သွား ၊ လန်သွား ၊ ပျက်စီးသွားတဲ့ သွပ်အမိုးတွေ ကိုပြင်ဆင်ဖို့ သွပ်ရိုက်သံ၊ ပျောက်ဆုံး ပျက်စီးသွားတဲ့ အမိုးတွေအတွက် သွပ်ပြားဝယ်ယူရရှိဖို့ ကြိုးပမ်းနေရဆဲ၊ အစွန်အဖျားကျတဲ့ ရွာတွေ ပင်လယ်နဲ့နီးကပ်စွာ ရှိတဲ့ရွာတွေမှာ ထိခိုက်သေဆုံးမှု စာရင်းရဖို့ ကြိုးစားနေကြရဆဲ၊ အန္တရာယ်ကင်းတဲ့ သောက်ရေ ရဖို့ ကြိုးစားရုန်းကန်နေကြရဆဲ၊

မိသားစုတွေ အဆက်အသွယ်မရလို့ ဆိုရှယ်မီဒီယာတွေမှာ သတင်းဖေါ်ပြမှုတွေရဲ့ အောက်မှာ ကွန်းမင့်ရေးပြီး အကူအညီတောင်းခံတာတွေ တွေ့နေရဆဲ ဖြစ်ပါတယ်။ 

စစ်ကောင်စီကတော့ စစ်သင်္ဘောနဲ့ ဆန်အိတ်၊ အမိုးအကာ၊ ရိက္ခာစတာတွေ သယ်ယူသွားတဲ့ ပုံ၊ စစ်တွေဆိပ်ကမ်းကို ၁၈ ရက်နေ့နမှာ ဆိုက်ရောက်ပုံတွေ နဲ့ ပြနေဆဲ၊ အကူအညီ ပစ္စည်းတွေ တင်ဆောင်လာတဲ့ အိန္ဒိယနိုင်ငံက စစ်သင်္ဘော ၃ စီး ရန်ကုန်မြို့ကို ဆိုက်ရောက်လာပြီး ပစ္စည်းတွေ ချနေတဲ့ သတင်းဓါတ်ပုံတွေ တင်ထားကြတာတွေ့​ရပြီး တဖက်မှာလည်း အေအေ လက်နက်ကိုင် အဖွဲ့က ကျေးရွာတွေမှာ ပြိုလဲနေတဲ့ သစ်ပင် လျှပ်စစ်မီးတိုင်တွေကို ရှင်းလင်းနေတဲ့ သတင်းဓါတ်ပုံတွေ ဖေါ်ပြထားကြတာတွေ့ရပါတယ်။ အခု နေ့ရက် တခုစီတိုင်းဟာ သမိုင်းမှတ်တမ်းမှာ အရေးပါတဲ့ နေ့ရက်တွေ ဖြစ်ပြီး ဘယ်အဖွဲ့အစည်းတွေ ဘယ်လို ကူညီခဲ့ကြသလဲ သို့မဟုတ် ကူညီနိုင်လျှက်နဲ့ ဟန်ပြသာ ကူညီပြီး နိုင်ငံရေးအရ အသုံးချခဲ့ကြသလဲ ဆိုတာ တချိန်ကျ မှတ်တမ်းဖြစ်လာမယ့် ကာလတွေ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar