Breaking News

မောင်တူး - ချုပ်ကွက်

Photo- Credit
ချုပ်ကွက် 
မောင်တူး
(မိုးမခ) မေ ၁၁၊ ၂၀၂၃

နိုင်ကွက်ကိုင်လျက်၊ 
အပိုင်နှက်
ချုပ်ကွက်မိသတည်း။ ။

#မြန်မာက တရုတ်ကို ချုပ်ကွက်နဲ့နိုင်

အောင်လအန်ဆန်းက တရုတ်ဖိုက်တာကို အနိုင်ရခဲ့တယ်။ အမေရိကန်နိုင်ငံမှာ ကျင်းပတဲ့ One Championship မစ်ဒယ်လ်ဝိတ်တန်း သိုင်းပေါင်းစုံ MMA ယှဥ်ပြိုင်ထိုးသတ်ပွဲမှာ တရုတ်နိုင်ငံက ဖန်ရောင်းကို မြန်မာ့စပါး အုံး အောင်လအန်ဆန်းက ဒုတိယအချီ ၄၇ စက္ကန့်အတွင်းမှာပဲ အနိုင်ရခဲ့ပါတယ်။ ဖန်ရောင်းက အောင်လကိုလှဲချပြီးအနိုင်ယူဖို့ ကြိုးပမ်းပေမဲ့ အောင်လက ဖန်ရောင်းရဲ့လည်ပင်းကို အမြန်ချုပ်နိုင်ခဲ့တဲ့အတွက် အဲဒီ "ချုပ်ကွက်" အောက်မှာ ဖန်ရောင်းက အရှုံးပေးခဲ့ရပါတယ်။ ပွဲအပြီးမှာ အောင်လက သူမြန်မာပြည်ကဖြစ်ကြောင်းနဲ့ မြန်မာပြည်အတွက် ဆုတောင်းပေးကြဖို့ ပြောသွားခဲ့ပါတယ်။
ဒါက ဘီဘီစီ မြန်မာပိုင်းသတင်းပါ။ မြန်မာကစားသမားက တရုတ်ကစား သမားကို ချုပ်ကွက်နဲ့ နိုင်လိုက်တာ။

#တရုတ်ကမြန်မာကိုချုပ်ကွက်နဲ့နိုင်

တရုတ်နိုင်ငံက မြန်မာကိုနိုင်နေတာ ၁၉၈၈ ကတည်းကပါ။ ၈၈၈၈ အရေး တော်ပုံကြီးအပြီး ကမ္ဘာ့အသိုင်း အဝိုင်းက ဆန်ရှင်တွေလုပ်တော့ နဝတ နအဖစစ်အစိုးရဟာ တရားအားထုတ် တရုတ်အားထားခဲ့ကြရပေတာပါ့။ ၃၅ နှစ်ကြာပါပြီ။ စီးပွားရေးအရ သံတမန်ရေးအရ (ဗီတိုသုံးကန့်ကွက်ပေးတာမျိုး) တရုတ်ဟာ မြန်မာစစ်အုပ်စုကို ကူပေးတယ်။ ဒီတော့ စစ်အာဏာရှင်တွေဟာလည်း တရုတ်ခိုင်းသမျှ ခေါင်းညိတ်ကြရတော့တယ်။ တရုတ်စီမံ ကိန်းတွေ၊ တရုတ်ပရော့ဂျက်၊ တရုတ်ကုမ္ပဏီတွေ၊ တရုတ်လုပ်ငန်းတွေ မြန်မာပြည်မှာ လက်ညှိုး ထိုးမလွဲပေါ့။ မြန်မာပြည်က အကျိုးအမြတ်နည်းနည်းပဲရ တရုတ်က အများကြီးရ ရင်နာစရာပါ့။ တရုတ်က မြန်မာကို ချုပ်ကွက်ရှိတာကိုး။

#စစ်အာဏာရှင်ချုပ်ကွက်နိုင်ငံရေးပျက်

မြန်မာ့နိုင်ငံရေးခေါင်းဆောင်တွေ၊ ပါတီဦးဆောင်သူတွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ တက်ကြွလှုပ်ရှားသူတွေအထဲက တချို့တချို့သောသူတွေဟာ နှစ်ပေါင်းများစွာ သူတို့မွေးလာတဲ့ကြက် တရက်တည်းမှာ ရိုက်သတ်ချက်စားလိုက်ကြတယ်။ ဒီလိုရိုက်သတ် ချက်စားထားတာ ဘယ့်ကလောက် ကြာခဲ့ကြပြီလည်းတော့မသိပါ။ နွေဦးတော်လှန်ရေးမှာ ဖားလား ငါးလား ကွဲကွဲပြား ပြား သိလာရတာပါ။ ဘုံရန်သူစစ်တပ်ကို တပ်ပေါင်းစုနဲ့ ညီညီညာညာ ဝိုင်းတိုက်ကြပါမယ်လို့ ကတိတွေ အကြိမ်ကြိမ်ရှိခဲ့ကြပြီးသားလေ။ သို့သော် ဒီနွေဦးပွဲမှာတော့ တိုင်းရင်းသားပေါင်းစုံ၊ လူမျိုးစုံ၊ အယူဝါဒစုံ၊ ကိုးကွယ်ရာမတူ ဘာသာဝင်အသီးသီးက နည်းလမ်းမျိုးစုံနဲ့တိုက်ပွဲဝင်နေချိန်မှာ သူတို့တတွေ မပါလာကြတော့ဘူး။ တချို့က တသီးပုဂ္ဂလပုံစံနဲ့ တချို့က အဖွဲ့လိုက်၊ တချို့က ခွဲထွက်ပြီး စစ်ဘောကို မသိမသာတမျိုး သိသိသာသာတမျိုးနဲ့တောင် မ နေကြပြီ။ ဒါတွေ ဖြစ်ရတာကလဲ ချုပ်ကွက်ပါပဲ။ စစ်အာဏာရှင်ချုပ်ကွက်၊ စစ်ကောင်စီချုပ်ကွက်။

#စီးပွားရေးချုပ်ကွက်လောဘတက်အပျက်အပျက်နှာခေါင်းသွေးထွက်

တချိန်က လူမျိုးစုအရေး၊ ဒီမိုကရေစီအရေး၊ ကျောင်းသားအရေး၊ ဝါဒအရေး၊ ဘာသာရေး ရဲရဲတောက် သူရဲ ကောင်းခေါင်းဆောင်များဟာ အခုတော့ စစ်တပ်ကပေးတဲ့ စီးပွားရေးလုပ်ခွင့်၊ လမ်းပရော့ဂျက်ပါမစ်၊ တံတားပရော့ဂျက်ပါမစ်၊ ကားပါမစ်၊တိုက်ခန်း၊ အိမ်ယာ၊ မြေကွက်၊ ငွေ ကြေးအထောက်အပံ့၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်တွေကြား နွံနစ်သလိုနစ်နေကြတာ သိသူတွေ သိကြပါရဲ့။ မသိသူများ လေ့လာထားကြပါ။ စစ်အာဏာ ရှင်ရဲ့ စီးပွား ရေးချုပ်ကွက် သူတို့အကုန်ပျက်။ ဒါကြောင့် ကွယ်လွန်သူ KNU ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးမြက ပြောခဲ့တာပေါ့။
 "ရန်သူနဲ့ စေ့စပ်ဆွေးနွေးထားတဲ့သူတွေဟာ ဝှေးသင်းထားတဲ့ နွားသိုးတွေလိုပဲ။ မျိုးလည်းမပွားတော့ဘူး။ ဝှေ့လည်း မဝှေ့တော့ဘူး၊ ရုန်းလည်း မရုန်းတော့ဘူး။ ဝတော့ ဝလာတယ် " ဆိုတာလေ။ စစ်အုပ်စုရဲ့ စီးပွားရေးချုပ်ကွက်။ နွားသိုးဝှေးသင်း ချုပ်ကွက်။

#ကိုယ်တွေ့ချုပ်ကွက်ရင်ဖွင့်ချက်များ

မန္တလေး မစိုးရိမ်တိုက်သစ် အဓိပတိ မဟာနာယကချုပ် ဆရာတော်ကြီး ဦးရာဇ ဓမ္မာဘိဝံသ ပျံလွန်တော်မမူခင်က ဖူးတွေ့ဖူးတယ်။ အဲ့သည်တုန်းက ခင်ညွန့်ခေတ်ပေါ့။ ဆရာတော်ကြီးဟာ ၁၉၉၁ ခုနှစ် စစ်တပ်သံဃာသတ်မှုကြောင့် ပတ္တနိကုဇ္ဇန သပိတ်ကံဆောင်လို့ ထောင်ကျခဲ့ရတုန်းက အတွေ့အကြုံတွေ ပြန်ပြောပြတယ်။

ဆရာတော်ကြီးဟာ ထောင်ထဲမှာလည်း ဝိနည်းနဲ့အညီပဲနေတာကို သိက္ခာဖျက်ဆီးချင်တော့ သူကိုချုပ်ထားတဲ့ အခန်းထဲကို မိန်းမလျာ ထောင်သားတယောက် လာထည့်ပေးဖို့ ကြိုး စားတယ်တဲ့။ တကယ်ဆို ထောင်စည်း ကမ်းအရ အဲ့သည်လို အခန်းမှာ ၃ ယောက် ထားရင်ထားတယ်။ မဟုတ်ရင် ၁ ယောက်တည်းပဲထားတယ်တဲ့။ ၂ ယောက်မထားဘူး၊ လိင်တူကိစ္စတွေ ဖြစ်ကြမှာစိုးတာတဲ့။ အဲ့သည်လို မိန်းမလျာ လာထည့်တော့ အဝင်မခံဘဲ ကန်ကျောက်ထုတ်ပစ်မှ ကိစ္စအေးသွားးသတဲ့။ နိုင်ငံရေးသမားတွေကို အညွန့်ချိုးဖို့ကြိုးစားတဲ့လုပ်ရပ်ဆိုပြီး ဆရာတော်ကြီးက မိန့်ဖူးတယ်။ ဆရာတော်ကြီးက " နိုင်ငံရေးသမားတွေကို အောက်လမ်းနည်းသုံး ချုပ်ကွက် ပေါ့ကွ " ဆိုပြီး ပြောခဲ့တာပါ။

#အောက်လမ်းချုပ်ကွက်

နောက်တယောက်ကတော့ ရန်ကြီးအောင်စိန်ဝင်းလို့ ထင်ရှားတဲ့ ကျွန်းပြန်ကြီးတဦး၊ သူက တကသ ဒုဥက္ကဋ္ဌလည်း လုပ်ခဲ့ဘူးတဲ့ ကျောင်းသားခေါင်းဆောင်။ သံမဏိလိုမာသူ နိင်ငံရေးသမားကြီး၊ သူက  လူပျိုကြီး။ သူ့ကို အင်းစိန်ထောင်မှာ တယောက်တည်း အခန်းထဲမှာ ထားတုန်းကလည်း သူ့အခန်းထဲကို မိန်းမလျာလာထည့်ဖူးတယ်။ သူက အဝင်လာမခံပဲ မောင်းထုတ်ပစ်မှ ထောင်ဝန်ထမ်းတွေက မိန်းမလျှာကို မသွင်းတော့တာ။ သမိုင်းရှိတဲ့ နိုင်ငံရေးသမားကြီးတွေကို မိန်းမလျာချုပ်ကွက်နဲ့ သမိုင်းကွေးအောင် လုပ်မည့်အကြံ။

#မြှုပ်ထားတဲ့စစ်ထောက်လှမ်းရေးချုပ်ကွက်

အခုအခါ ဥက္ကဋ္ဌဖြစ်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ခေါင်းဆောင်က  ပြောတယ်။ သူတို့အဖွဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ သွားတော့ တည်းခိုဆောင်မှာ နေရာချထားတာက ခင်ညွန့်ထောက်လှမ်းရေးကတဲ့။ ခေါင်းဆောင် ၅ ယောက်သွားတာကို သီးသန့် ၅ ခန်း မှာထားတယ်တဲ့ တခန်းနဲ့ တခန်းက ဝေးတယ်တဲ့။ ညဆို အခန်းထဲကို စစ်ထောက်လှမ်းရေးတွေကလာပြီး အရက်ယူမလား၊ ဘာစားချင်သလဲ။ ဆော်လေးတွေလိုချင်သလား လာ လာ မေးသတဲ့။ ဘာမှ မလိုဘူးပြောတာတောင်မှ ကောင် မလေးတွေခေါ်လာပြီး အခန်းထဲ အတင်းထည့်တာတဲ့။ ထွက်ပြေးရတာပေါ့တဲ့။ ငြိမ်းချမ်းရေးဆွေးနွေးပွဲသွားတဲ့ ကိုယ့်ခေါင်းဆောင် ငါးယောက်ကို ပြန်စုပြီး ၃ ရက်လုံးလုံး တခန်းထဲမှာပဲ စုအိပ်ခဲ့ရတာတဲ့။ ဒါမှ မဟုတ်ရင် ကောင်မလေးတွေ အခန်းထဲ တိတ်တိတ်ကလေးလာထားပြီး ဓာတ်ပုံ ဗီဒီယိုမှတ်တမ်းတွေယူသွားမှာ ကြောက်ရသတဲ့။ သူ အတွေ့အကြုံ ကြားခဲ့ရတာပါ။ တိတ်တိတ်ကလေး သူကလေးတွေကို အခန်းထဲလာထည့်ပြီး အချုပ်ခံခဲ့ရသူ ခေါင်းဆောင် ဘယ်နှစ်ယောက်များ ရှိခဲ့မည်လဲ။ ကောင်မလေးချုပ်ကွက်က အောင်လချုပ်ကွက်လိုမျိုးလားပေါ့။  ကောင်မလေးချုပ်ကွက်သုံးသလို ကောင်လေးချုပ်ကွက်လဲ ရှိနိုင်သတဲ့။

#ချုပ်ကွက်မျိုးစုံသုံးထားပုံမှာအာဏာသိမ်းနိုင်ခဲ့ခြင်းလား

ခေါင်းဆောင်ဆိုသူများအား ထိုထိုချုပ်ကွက်များနဲ့ စစ်ထောက်လှမ်းရေးမှတ်တမ်းများနဲ့ စီးပွားရေး လူမှုရေး ငွေပေး လူပေး အထက်လမ်း အောက် လမ်း ချုပ်ကွက်မျိုးစုံနဲ့ ချုပ်ထားပြီးမှ အပီချုပ်နိုင်ပြီဆိုမှ စစ်အာဏာသိမ်းရဲခဲ့ပုံ ရပါတယ်။ ဒါကြောင့်လည်း စစ်ခေါင်းဆောင်များ မလုပ်ရဲတာ မရှိဘူးလို့ ပြောထွက်ခဲ့တာပါ့။ ချုပ်ကွက်တွေကောင်းပါရဲ့။ ဒါပေမဲ့...

#စစ်အာဏာအတွက်နိဂုံးချုပ်ကွက်

တရုတ်ကစားသမား ဖန်ရောင်းက အောင်လအင်ဆန်းကို ပြေးပြီး ချုပ်တာပါပဲ။ အောင်လ ပက်လက်လန်သွားခဲ့တယ်။ ဒါပေမဲ့ အောင်လက ပက် လက်အနေအထားကပဲ တရုတ်ရဲ့လည်ပင်းကိုပြန်ချုပ်မိသွားတော့ တရုတ်က ကြမ်းပြင်ကိုလက်နဲ့ပုတ်ပြီး အရှုံးပေးသွားရတယ်နော်။ အခုလည်း စစ်အာဏာရှင်တွေက ချုပ်ကွက်မျိုးစုံနဲ့ ချုပ်နေတာပါပဲ။ ဒါပေမဲ့ နွေဦးတော် လှန်ရေးတိုက်ပွဲဝင်သူတွေမှာလည်း စစ်အာဏာရှင်တွေကို ပြန်ချုပ်မဲ့ ချုပ်ကွက် နည်းသစ်တွေမရှိဘူးလို့ ဘယ်သူပြောနိုင်မလဲ။ မရိုးသားသော ယုတ်မာသော ရက်စက်သော ကောက် ကျစ်သော မုသာဝါဒအားကြီးသော .. သော .. သော .. သော ... စစ်အာဏာရှင်တွေမှာတောင် သူတို့ဉာဏ်မီသလောက် (ဆရာကြီးသခင်ကိုယ်တော်မှိုင်း စကားနဲ့ပြောရရင်) သင်းတို့ဉာဏ် တထွာတမိုက်နဲ့ ချုပ်ကွက်တွေ ထုတ်နိုင်သေးရင်။ နွေဦးတိုက်ပွဲဝင်နေကြကုန်သော စွန့်စားသော ရဲဝံ့သော စွန့်လွှတ်သော ပညာဉာဏ်ကြီးမားသော ခေတ်မီသော သော.. သော.. သော မြန်မာနိုင်ငံ တိုင်းရင်းသားပေါင်းစုံ မျိုး ဆက်သစ်လူငယ်ထု၊ လူမျိုးပေါင်းစုံ ပြည်သူလူထုကြီးတရပ်လုံးကရော စစ်အာဏာရှင်ကို အနိုင်ယူမဲ့ တန်ပြန်ချုပ်ကွက်တွေ ဘာကြောင့် မရှိနိုင်ရမည်လဲ။ သမ္မတကြီး ဦးဝင်းမြင့် DVB debate မှာ ပြောခဲ့သလို "ဠင်းတလောက်ကတော့ ငှက်တိုင်းလှပါတယ် " နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သလို "ဘာရမလဲ သာဝရယ် " ဆိုတဲ့ စစ်အာဏာရှင်ကိုနိုင်မည့်ချုပ်ကွက်တွေ မရှိဘူးလို့ မပြောနိုင်ပါဘူးနော်။ ။

မောင်တူး
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar